ကိုအောင်မှိုင်း-
သမိုင်းတန်ဖိုးများကျိုးပဲ့ခြင်း(၂)

“လူတယောက်ရဲ့  တန်ဘိုးဟာ သူဖြတ်သန်းကျော်လွှားနေတဲ့ ခေတ်ကြီးက
သူ့ပခုံးပေါ်တင်ပေးလိုက်တဲ့ သမိုင်းတာဝန်ကို
သူဘယ်လောက် သယ်ပိုးထမ်းရွက်ခဲ့တယ်ဆိုတဲ့ အချက်နဲ့တိုင်းတာရမှာပဲ”    
ဗန်းမော်တင်အောင် (၁၉၂၀ – ၁၉၇၈) 

ရာဗန်းမော်တင်အောင်ရဲ့  ခေတ်အမြင်နဲ့ဘဲ  ကျနော့်ဆောင်းပါးအပိုင်းနှစ်ကို ဖွင့်ပါရစေဗျာ။ ခေတ်အမြင်နဲ့ သမိုင်းကို ချဉ်းကပ်မယ်ဆိုရင် လူတယောက်တန်ဘိုးနဲ့ သမိုင်းတန်ဘိုးဟာ တဆက်တစပ်တည်းဖြစ်နေတယ်ဆိုတာ တွေ့ရမှာဖြစ်ပါတယ်။ ဒီတော့ကာ အဝေးခေတ်ကနေအနီးခေတ်ကို ကျနော်တို့သမိုင်းကိုရွှေ့ ကြည့်ကြရအောင်ဗျာ။  အနီးခေတ်မှာတော့ သမိုင်းဆိုတာ နိုင်ငံရေးဖြစ်တယ်လို့ယုံကြည်သူတွေလဲ ရဲရဲတောက်ပေါ်ထွက်လာတဲ့ခေတ်လို့ ပြောရတော့မယ် ထင်ပါတယ်။ “ရဲရင့် တောက်ပတဲ့အမြင်” အဖြစ် ကျနော်တော့လက်သင့်ခံချင်ပါတယ်

ကိုယ့်အမြင်ကိုတောင် ကိုယ်ကျိုးစီးပွားတခုကြောင့် ပြောရမှာဝန်လေးနေသူတွေ ကြောက်လန့်ခြောက်ခြားနေသူတွေများပြားလှတဲ့ ဒီခေတ်ကြီးမှာ အခုလို ရဲရင့်တောက်ပတဲ့အမြင်ဟာ ပြည်သူတရပ်လုံးလွတ်မြောက်ရေးကို အားကောင်းမောင်းသန် အထောက်ကူပြုလိမ့်မယ်လို့ အလေးအနက်ယုံကြည်မိပါတယ်။ ကိုလိုနီခေတ်မြန်မာနိုင်ငံသမိုင်းမတိုင်မီ မြန်မာနိုင်ငံပဒေသရာဇ်ခေတ်နှောင်းကိုကျနော်တို့ ပြန်ပြောင်းကြည့်ကြရအောင် ဗျာ။

ကျ နော်တင်ပြချင်တာက မြန်မာနိုင်ငံရဲ့ နောက်ဆုံးမင်းဆက်ဖြစ်တဲ့ကုန်းဘောင်မင်းဆက် အကြောင်းပါ။ စတင်တည် ထောင်သူ အလောင်းမင်းတရားမှသီပေါမင်းအထိ မင်းဆက်( ၁၁ )ဆက်ရှိခဲ့ပါတယ်။ အရှင်နိကြေဓရေး မင်းဆက်ရာဇ၀င် သံခိပ်မှာဖေါ်ပြထားတာက ၁။အလောင်းဘုရား(ဦးအောင်ဇေယျ) ၁၁၁၆ခုနှစ် ၂။နောင်တော်ကြီး (မောင်လောက်) ၁၁၂၂ ခုနှစ် ၃။ဆင်ဖြူရှင် (မောင်ရွ) ၁၁၂၅ခုနှစ် ၄။စဥ့်ကူမင်း (မောင်ရဲလှ) ၁၁၃၈ခုနှစ် ၅။ဖောင်းကားစား (မောင်မောင်) ၆။ဘိုး တော်ဘုရား (မောင်ဝိုင်း) ၁၁၄၃ခုနှစ် ၇။ ဘကြီးတော် (မောင်စိန်) ၁၁၈၉ ခုနှစ် ၈။သာယာဝတီမင်း (မောင်ခင်) ၁၁၉၉ ခု နှစ် ၉။ ပုဂံမင်း (မောင်မောင်) ၁၂၀၈ခုနှစ် ၁၀။မင်းတုန်းမင်း (မောင်လွင်) ၁၂၁၄ခုနှစ် ၁၁။သီပေါမင်း (မောင်ရေစက်) ၁၂ ၄၀ခုနှစ်ဖြစ်ပြီး ၁၂၄၇ခုနှစ်မှာ ပါတော်မူခဲ့တယ်ဆိုပြီးတွေ့ရပါတယ်။(ကုန်းဘောင်ရှာပုံတော်  ညိုမြ။) 

ကျနော်ကုန်းဘောင်ခေတ်ကို သတိထားမိတာက ကုန်းဘောင်ခေတ်ဟာ မြန်မာနိုင်ငံရဲ့ နောက်ဆုံးမင်းဆက်ခေတ်ဖြစ်သလို သမိုင်းတန်ဘိုးတွေလဲပြည့်နေပါတယ်။ ဒီလိုဘဲသမိုင်းတန်ဘိုး ကျိုးပျက်မှုတွေလဲပြည့်နေပြန်တာကို တွေ့ရှိခံစားခဲ့ရလို့ ဖြစ်ပါတယ်။ ဦးကုလားရာဇ၀င်နောက်ဆက်တွဲမှာ(အလောင်းမင်းတရားကြီးကငါ့သားတော်ကြီးများအစဉ်အတိုင်း မင်း ပြုရစ်”ဟူသော အမှာတော်နှင့်ဆန့်ကျင်၍ ဆင်ဖြူရှင်မင်းကစတင်ကာ သူ၏သားတော်စဥ့်ကူမင်းသားကို အိမ်ရှေ့  နန်းရံ ထားလျက် ၁၁၂၅ခုနှစ်တွင် နန်းတက်ခဲ့သည်။ အမှာတော်နှင့် ဆန့်ကျင်၍အလှည့်ကျဖြစ်သောညီတော်အမြင့်မင်းကို နန်းရံ ထားရမည့်အစား သူ၏သားတော်စဥ့်ကူမင်းကိုနန်းရံထားလိုက်သဖြင့်နောင်အခါထီးနန်းအတွက် အရှုပ်အထွေးပေါ်ပေါက် မည်ဖြစ်သည်။) ဟုရေးသားထားတာကိုတွေ့ ရပါတယ်။

မြန်မာပဒေသရာဇ်တွေရဲ့ နန်းဆက်ခံရေးစနစ် (အာဏာဆက်ခံရေးစနစ်)မှာ ကြီးမားတဲ့အားနည်းချက်တခုရှိခဲ့တာကို သတိပြုမိပါတယ်။ အဲဒါကတော့ တချို့ ဘုရင်တွေက ညီတော်ကိုနန်းရံထားချင်ကြသလို တချို့ ကလဲ သားတော်ကို နန်းရံ ထားလိုကြပါတယ်။ မြန်မာမင်းဆက်တွေအတွက် တကယ့်ကိုကြီးမားတဲ့ပြဿနာကြီးဖြစ်ပါတယ်။ကြီးမားတဲ့သမိုင်းတန်ဘိုး ကျိုးပဲ့မှုတွေကို ဖြစ်စေခဲ့တာ သမိုင်းမှာအထင်အရှားတွေ့ရမှာဖြစ်ပါတယ်။

င်ဖြူရှင်မင်းလက်ထက်မှာ ညီတော်တွေကို ရှိမြဲအဆောင်အယောင်အတိုင်းထားရှိခဲ့သော်လည်း စဥ့်ကူမင်းလက်ထက်(၁၁၃၈ခု)ဘထွေးတော်အမြင့်မင်းကို ကွပ်မျက် ခဲ့ပါတယ်။ဘထွေးတော်မင်းသားကြီးတွေဖြစ်တဲ့ ဗဒုံမင်းကိုစစ်ကိုင်း၊ပခန်းမင်းကိုပင်းယ၊ပင်းတလဲမင်းကို ရွာသစ်ကြီးစသဖြင့် လူစုခွဲထားကာ၊စစ်ကိုင်းမင်းရဲ့ သားတော် မောင်မောင်ကိုဖောင်းကားရွာကို ပို့ခဲ့ပါတယ်။အဓိက ကတော့ အာဏာပြ ဿနာအတွက် ကြိုတင်ပြင်ဆင်တာပါ။ ၁၁၄၃ခုအရောက်မှာ စဥ့်ကူမင်းအညာသီဟတောကို ဘုရားဖူးထွက်ခိုက်မှာ ဖောင်းကားစားမောင်မောင်က နန်းတော်ကို ၀င်စီ်းပြီး ညတွင်းချင်းဓားကွပ်အမတ်တွေကို သစ္စာရေတိုက်ဘုရင်လုပ်ပါတော့တယ်။ဖောင်းကားစားမောင်မောင်က ဦးရီးတော်တွေဖြစ်တဲ့ဗဒုံမင်း၊ပခန်းမင်း၊ပင်းတလဲမင်းတွေကို အင်းဝမြို့ ကိုတိုင်ပင်ဘို့ခေါ်ယူခဲ့ပါတယ်။

ဗဒုံမင်းတို့အုပ်စုက မောင် မောင်ကို မယုံတော့ပါ။လက်ဦးမှုအရယူပြီး အားလုံးတိုင်ပင်ကြကာ နန်းတော်ကိုတိုက်ခိုက်ခဲ့ပါတယ်။ဖောင်းကားစားကိုလဲ အဆုံးစီရင်ခဲ့ပါတယ်။အညာသီဟတောမှာရှိနေတဲ့ စဥ့်ကူမင်းကိုလဲ သူ့တပ်မှုးတပ်သားတွေက စွန့်ခွါထွက်ပြေးသွားကြတဲ့ အတွက် အင်းဝကိုပြန်ခဲ့ရကာ သူနဲ့အတူမိဖုရား၎ပါးလုံး အဆုံးစီရင်ခံခဲ့ရပြီး ဗဒုံမင်းနန်းတက်ခဲ့ပါတယ်။ အလောင်းမင်းတ ရားရဲ့ မှာပုံတော်အရ သားကြီး၆ပါးအနက်၃ပါးသာနန်းတက်ခဲ့ကြောင်းတွေ့ ရပါတယ်။မြန်မာ့သမိုင်းမှာဖြစ်ဖြစ်၊ကမ္ဘာ့သမိုင်း မှာဖြစ်ဖြစ် သားတော်တွေကသာ နန်းဆက်ခံလေ့ရှိကြတာ အများစုအဖြစ်တွေ့ ရလေ့ရှိပါတယ်။ အလောင်းမင်းတရားရဲ့  အခြေခံဥပဒေဟာ မြန်မာရာဇ၀င်တခုလုံးကို တိုင်ပါတ်ဒုက္ခပေးခဲ့တာလို့ ပြောရတော့မလိုဖြစ်တော့တာပါဘဲ။ 

ဒုံမင်းခေါ်ဘိုးတော်မင်းတရားလက်ထက်မှာ တိုင်းပြည်ကိုနိုင်နိုင်နင်းနင်းအုပ်ချုပ်နိုင်ခဲ့တယ်လို့ အဆိုရှိခဲ့ပါတယ်။ အနှစ် ၄၀ ကြာစိုးစံခဲ့ပါတယ်။ဘိုးတော်မင်းလက်ထက်မှာ ပင်းတလဲမင်းနဲ့သာစည်မင်းစတဲ့ ညီတော်တွေကို ကွပ်မျက်ခဲ့လို့ အလောင်းဘုရားသားတော်တွေ တယောက်မှ မကျန်ခဲ့တော့ပါ။ဘိုးတော်မင်းက စောစောစီးစီးအာဏာပြဿနာကို လမ်းရှင်းခဲ့တာလို့ ယူဆနိုင်ပါတယ်။ အလောင်းမင်းတရားမှာပုံရှိခဲ့သလို ဘိုးတော်မင်းတရားကလဲ မှာပုံရှိခဲ့ပြန်ပါတယ်။ ခုခေတ်အနေနဲ့ပြောရရင် အခြေခံဥပဒေအသစ်ပေါ့ဗျာ။

မှာပုံတော်က“ငါ၏သားတော်များ အစဉ်အလိုက်ထီးနန်းစိုးစံရမည်” လို့ဆိုပါ တယ်။ဒါကလဲ မြန်မာရာဇ၀င်ကို ဒုတိယအကြိမ် တိုင်ပါတ်ဒုက္ခပေးပြန်တာပါဘဲ။ ကျနော်ဆိုလိုချင်တာက ၁၀၇၀ပြည့်မှာ အိမ်ရှေ့ စံသားတော်ကြီးရွှေတောင်မင်းကွယ်လွန်ခဲ့ပါတယ်။ ဒီအချိန်မှာ ဘိုးတော်မင်းတရားမှာ နန်းဆက်ခံဘို့မြေးတော် နှစ်ဦးဘဲရှိခဲ့တော့ပါတယ်။ အကြီးဖြစ်တဲ့စစ်ကိုင်းမင်းနဲ့အငယ်ဖြစ်တဲ့သရက်(သာယာဝတီ)မင်းဆိုပြီးဖြစ်ပါတယ်။ ဒီမင်းသားနှစ်ပါးက သဘောကောင်းပြီး ပျော်ပျော်နေတတ်သူတွေဖြစ်ကြတယ်လို့ဆိုပါတယ်။အကြီးစစ်ကိုင်းမင်းသားက အခြွေအရံ အနည်းငယ်နဲ့မြင်းစီးလှည့်လည်နေလိုသူဖြစ်ပြီး ဆင်တွေဖမ်းကာဆင်ကျုံးတွေဆောက် ဆင်ရိုင်းတွေကိုလေ့ လာတတ်သူဖြစ်ပါတယ်။ရပ်ရွာထဲက ရက်ကန်းသည်အဒေါ်ကြီးတွေကို သူ့နန်းတော်ခေါ်ယူပြီး ဗိုင်းငင်ချည်ချလုပ်ကြဘို့ နေရာပေးကာ အရပ်စကား ပုံတိုပတ်စတွေ ပြောကြဆိုကြ တပျော်တပါးနေတတ်သူဖြစ်ပါတယ်။ ညီဖြစ်သူ သာယာဝတီ မင်းသားကလည်း နန်းမြို့ ရိုးနဲ့ဧရာဝတီမြစ်အကြား အိမ်တော်ဆောက်လုပ်ကာ ဥယျာဉ်စိုက်လေ့ရှိပါတယ်။နိုင်ငံခြားခွေး မျိုးကောင်းတွေကို မွေးတာလဲဝါသနာပါသူလို့ဆိုပါတယ်။နိုင်ငံခြားအရက်ကို ကြိုက်နှစ်သက်ပြီး အလွန်အကျူးသေရည် သေရက်သောက်စားသူ ယစ်ထုပ်တယောက်မဟုတ်ပါ။မိန်းမဆိုလျှင်လဲ ပေါင်တံရှည်ရွှေဘိုမင်းကြိုက်ဆိုတာမျိုးကို နှစ် သက်သူလို့ စာဆိုရှိခဲ့ပါတယ်။ 

က၀ိသတ္တုမဉ္ဇူကျမ်းမှာ ဘိုးတော်ရဲ့ အဆုံးအဖြတ်ကို အခုလိုဖေါ်ပြထားတာတွေ့ ရပါတယ်။ဘိုးတော်ကွယ်လျှင် အိမ်ရှေ့ စံ က သူ့အရိုက်အရာကိုခံပြီး၊ညီတော်သာယာဝတီမင်းက အိမ်ရှေ့ ဥပရာဇာခံယူရမယ်။အမတ်ကြီးဦးပေါ်ဦးကို ရာထူးကြီးခန့် အပ်ပေးရမယ်ဆိုတာ အဓိကဖြစ်တာတွေ့ ရပါတယ်။ မှော်ဘီဆရာသိန်းကြီးရဲ့ ပါးစပ်ရာဇ၀င်မှာတော့ အဓိကကဒီ၃ချက်ပဲ ဖြစ်ပေမဲ့ အခြားကိစ္စတွေကိုလဲ နဲနဲချဲ့ ကားထားတာတွေ့ရပါတယ်။ ဘိုးတော်မင်းတရားလွန်သော် စစ်ကိုင်းမင်းသားနန်း တက်ပြီး ညီတော်သာယာဝတီမင်းသားက အိမ်ရှေ့ စံဖြစ်ခဲ့ပါတယ်။ဦးပေါ်ဦးကို“သတိုးမင်းကြီးမဟာမင်းလှနော်ရထာဘွဲ့ နဲ့ မင်းကြီးရာထူးရခဲ့ပါတယ်။

ဒါကကျနော့်အမြင်အာဏာလွန်ဆွဲပွဲအစဘဲဖြစ်ပါတယ်။ဒီနေရာမှာ မြန်မာ့ရာဇ၀င်ရဲ့ သမိုင်းတန် ဘိုးတွေကို ကျိုးပဲ့စေမဲ့ ချိုးဖဲ့စေခဲ့တဲ့ တနည်းပြောရရင်(ကုန်းဘောင်မင်းဆက်ကို မျိုးဖြုတ်ခဲ့သူတဦး) အကြောင်းကိုတော့ ပြောမှဖြစ်မယ်ထင်ပါတယ်။သူကတော့ “နန်းမတော်မယ်နု” လို့လူသိများတဲ့ မိဖုရားကြီးတပါး အကြောင်းဘဲဖြစ်ပါတယ်။  အာဏာအတွက် ဘာမဆိုလုပ်ရဲသူ ရက်စက်ရဲသူ ကောက်ကျစ်ရဲသူ မန်မာနကြီးမားပြီး အလွန်မောက်မာသူတဦးလို့ဘဲ ပြောရတော့မယ်ထင်ပါတယ်

မြန်မာရာဇ၀င်ဟာ တကယ်တော့ အဖေကိုသားကသတ်၊သားကိုအဖေကသတ်၊အကိုကိုညီကသတ်၊ညီကိုအကိုကသတ် တဲ့ ရာဇ၀င်အဖြစ်ကျနော်တို့မြင်ကြရမှာဖြစ်ပါတယ်။မြေရှင်ပဒေသရာဇ်ခေတ်မှာ ဘယ်နိုင်ငံမဆို အာဏာအတွက် ဒီလို အခင်းအကျဉ်းမျိုးကို ကျော်ကြရတာချည့် ဖြစ်ကြောင်းလဲသတိပြုမိပါတယ်။အရင်းရှင်စနစ်ကိုသွားဘို့အတွက်  ပဒေသရာဇ်တွေကို နည်းအမျိုးမျိုးနဲ့ဖယ်ရှားကြရပါတယ်။ဆိုလိုတာက တိုက်ပွဲဝင်ကြရပါတယ်။တချို့ ဘုရင်တွေကတော့ သက် ဦးဆံပိုင်ပဒေသရာဇ်အဖြစ်ကနေ စည်းမျဉ်းခံဘုရင်စနစ်ကိုပြောင်းလဲနိုင်ခဲ့ကြပါတယ်။ တချို့ ပဒေသရာဇ်တွေကတော့ ခေါင်းမာမာနဲ့ဘဲ ပဒေသရာဇ်စနစ်ကိုဖက်တွယ်လေ့ရှိကြပါတယ်။ကျနော်တို့မြန်မာရာဇ၀င်မှာ နောက်ဆုံးမင်းဆက်ခေတ် ဖြစ်တဲ့ ကုန်းဘောင်ခေတ်ရဲ့ ခေတ်နှောင်းပိုင်းကာလ နိုင်ငံတော်အာဏာ အရှုတ်အထွေးတွေမှာ အာဏာလုကြပုံများနဲ့ အာဏာအတွက် အလွန်ကောက်ကျစ်ယုတ်မာစွာ လုပ်ကြံသတ်ဖြတ်မှုတွေကို ဆက်ရေးချင်ပါတယ်။ 

ကိုအောင်မှိုင်း
(၁၆ရက်၊ဒီဇင်ဘာလ၊၂၀၁၇ခုနှစ်)