ကျော်သူ၊ မင်းကျော်ခိုင်
ခရမ်းပြာရဲ့  နှစ်ငါးဆယ်ခြေလှမ်းများ

.

ပြည်သူတွေချစ်တဲ့ဗိုလ်ချုပ် ကျဆုံးတဲ့ ၄၇ မှာ
လူ့လောကထဲရောက်ခဲ့တဲ့…..သူ။

ပြည့်သူ့အာဏာကို ဦးနေဝင်းသိမ်းလိုက်တဲ့ ၆၂
အစဉ်အလာကြီးတဲ့ ကျောင်းသားသမဂ္ဂကို
ဖြိုခွင်းလိုက်တဲ့ ၆၂ မှာ…
အားနည်းတဲ့ ကျောင်းသားပြည်သူတွေဘက်ကရပ်တည်ဖို့
ပြည်သူ့ဘက်တော်သားအဖြစ်
၁၅ နှစ်သားနဲ့ ဂီတအနုပညာလောကထဲခြေစုံပစ်ဝင်လာတဲ့…သူ။

စိန်ဂေါ်လီခေတ်မှာ
သူ့ သူငယ်ချင်းစိန်ဂေါ်လီဖိုးကျော်နဲ့
ကြည့်မြင်တိုင်ရထားသံလမ်းမှာ
အဆုတ်လေ့ကျင့်ခန်း ဆင်းခဲ့ဖူးတဲ့….သူ။

ဖိုးကျော်က…ကျော်ဟိန်းရယ်လို့ဖြစ်လာတော့
နိုင်ငံတကာက နာမည်ကြီးသီချင်းတွေ
ကော်ပီရေးပေးဖို့ပြောတာကို
ငှက်ပျောသီးတလုံး ..ရေတမှုတ်နဲ့ငြင်းခဲ့တဲ့…သူ

ပြဿနာကောင်များက စလို့…
လိစ္ဆဝီ ၊ မဇ္ဇျိမလှိုင်း….အထိ
ယုံကြည်သူ သူငယ်ချင်းတွေနဲ့
အားနည်းတဲ့သူတွေဘက်က ရပ်တည်တဲ့
သံစဉ်တွေဖန်တီးရင်း.
လမ်းဖောက်လျှောက်ခဲ့တဲ့…သူ။

အင်းစိန်က စံပယ်ရုံလမ်းကို
ဖြတ်မလျှောက်ဝံ့တော့ဘူးလို့ ဆိုခဲ့တဲ့…သူ။

တေးမြုံငှက်နဲ့ နောက်ဆုံးအိပ်မက်ကို
တသသဖြစ်အောင် သံစဉ်ဖွေရှာခဲ့တဲ့..သူ။

အိမ ကျောက်ကျောက အချိုရည်တလုံးကို
၎ ယောက်ခွဲလိုက်တော့
တစိတ်ထဲလားဆိုပြီး
တစိတ်ထဲထားကြဖို့ ရေးဖွဲ့ခဲ့တဲ့….သူ။

“အပြေးမသွက်ရင် ဘေးထွက်နေဖို့…
အကောင်းကြိုက်သူ အဟောင်းနှိုက်မရှာဘူး” လို့
ခပ်မာမာ သံစဉ်စာသားတွေရေးဖွဲ့ခဲ့တဲ့…သူ။

အင်းလျားနဲ့ ဗေဒါ
ဗေဒါနဲ့ အင်းလျားကိုချစ်လို့
ပန်းခရမ်းပြာကို ဖန်တီးရေးဖွဲ့ခဲ့တဲ့…သူ။

တဖက်ကမ်းက တရားသံကို
“နဒီမင်္ဂလာ”အဖြစ် တင်စားရေးဖွဲ့ခဲ့တဲ့..သူ။

ကိုရဲလွင်
(မဇ္ဈိမလှိုင်း)

ရှစ်လေးလုံးအပြီး 
တော်လှန်ရေးအတွက် နယ်စပ်ဒေသတွေ
ထွက်သွားကြတဲ့ မြန်မာပြည်တနံတလျားက
နရသိန်ဂေဟာတွေရောက်သွားကြရတဲ့
ရဟန်းရှင်လူ ကျောင်းသားပြည်သူတွေနဲ့
ဖျက်ဆီးဖြိုဖျက်ခံလိုက်ရတဲ့ ခရမ်းပြာ
အင်းလျားကန်ဘေးက ကုက္ကိုပင်ကြီးတွေကို
လွမ်းတမ်းတစေတဲ့
“ဝေးခဲ့ပြီ ပန်းခရမ်းပြာ”ကို သံစဉ်ဖွေရှာတင်ဆက်ခဲ့တဲ့….သူ။

လမ်းမတွေပေါ်ရွှေဝါရောင်တွေလွှမ်းတဲ့အချိန်
ဆွမ်းဟင်းတထုတ် ရေတမှုတ်နဲ့ 
မေတ္တာရေချမ်း ကမ်းလှမ်းခဲ့ပြီး
တရားမှတ်ရင်း
အချုပ်ကားပေါ်ငုတ်တုတ်ကြီးပါသွားတဲ့…သူ။

ဘေ့(စ်)ဂီတာပေါ် လက်ကွက်တွေရွှေ့ပြီး
တီးခတ်ခဲ့တဲ့လက်က
လူထုကိုဖေးမတဲ့ နာ/ကူ(ရန်ကုန်)မှာ
မသာချတဲ့ လက်အစုံအဖြစ်ပြောင်းလဲခဲ့တဲ့…သူ။

အနာဂတ်ဂီတမျိုးဆက်သစ်တွေမွေးဖွားဖို့
“ပန်းရဲ့လမ်း” ကို စ, ခင်းခဲ့တဲ့…..သူ။

အနာဂတ်မြန်မာပြည်မှာ
လူထုတင်မြှောက်တဲ့အရပ်သားအစိုးရပေါ်ပေါက်လာဖို့
ပန်းရဲ့လမ်းဂီတနဲ့ ခရီးကြမ်းလမ်းနှင်ခဲ့တဲ့….သူ။
လူထုခေါင်းဆောင်အမေ ဒေါ်အောင်ဆန်းစုကြည်ထက်
အသက်(၂) နှစ်ပဲငယ်ပေမယ့်
“အမေစု” လို့လေးလေးစားစားခေါ်တဲ့………သူ။
အမေစုကလည်း သူ့ထက် (၂)နှစ်ပဲငယ်ပေမယ့်လို့
တလေးတစား “ဆရာကြီး” လို့ပြန်အခေါ်ခံရတဲ့…သူ။
အဲဒီ….“သူ” ဆိုတာက ခု(၆၈) နှစ်ပြည့်ပြီးပြီဖြစ်တဲ့…
ရဲကြီး ၊ ရဲသွင် ၊ ရဲလွန်း ၊ ကိုရဲ ၊ ဦးရဲ ၊ ဘဘရဲ ၊ ဖိုးဖိုးရဲ…
ဆရာကြီး…လို့ခေါ်ကြတဲ့
ပြည်သူချစ်တဲ့ ပြည်သူ့ဘက်တော်သား
ဂီတသမားကြီး ကိုရဲလွင် (မဇ္ဇျိမလှိုင်း) (ပန်းရဲ့လမ်း) ပါပဲ။

သူတို့က
ကျည်ဆံတွေနဲ့ ကြံစည်နေကြတာကွာလို့…
ပြောတဲ့ ကိုရဲ။

လွဲချင်တဲ့သူတွေ
ရဲလွင်နဲ့တွေ့သွားမယ်ဆိုတဲ့…ကိုရဲ။

မြန်မာပြည်အသစ်ဖြစ်စေချင်လို့
အသစ်အမြဲသဘော
အသည်းအမြစ်ပဲ မှာစားတတ်တဲ့…ကိုရဲ။

အာဏာရှင်တွေ
ခုထိ သူတို့ အာနေကြတုန်းပဲ
မနာနိုင်ကြတော့ဘူးလားလို့ဆိုတဲ့…ကိုရဲ။

မြန်မာပြည် ပြန်ပြောင်းလဲစေချင်လို့
ပြောင်းပြန်တွေအမြဲပြောတဲ့…..ကိုရဲ။

မြန်မာပြည်ကြီး ငြိမ်းချမ်းစေဖို့
မရှက်မကြောက်
အတ္တတွေကိုဖြုတ်ပြီး
လမ်းဘေးနေရာမျိုးစုံမှာ
ဘယ်အရာတို့နဲ့မှ မလဲနိုင်တဲ့
သူချစ်မြတ်နိုးတဲ့ ဂီတကိုစတေးခံပြီး
ငြိမ်းချမ်းမှုအတွက်ပေးဆပ်နေတဲ့…ကိုရဲ။

မိတ်စုတ်တွေနဲ့ မတွေ့ချင်လို့
မုတ်ဆိတ်ထားတဲ့….ကိုရဲ။
ခေါင်းပြောင်ကို ဖုံးကွယ်ထားချင်တာမဟုတ်ဘဲ
အများအတွက် သိဒ္ဓိမျိုးစုံပေးတဲ့
ကောင်းဘွိုင်ဦးထုပ်ကို
စွဲစွဲမြဲမြဲ လိုတရဦးထုပ်အဖြစ်
အမြဲဆောင်းထားတတ်တဲ့…ကိုရဲ။

ကဲ…….
ဦးရဲကြီး ခင်ဗျားကြီးကို
ခင်ဗျားနဲ့ထပ်တူ
“မိတ်ဆွေ အစုတ်ပလုတ်”တွေမတွေ့ချင်လို့
မုတ်ဆိတ်ထား ထားတဲ့ကျွန်တော်
လိုတရ ဦးထုပ်ကြီးကိုဆောင်းတတ်တဲ့ ခင်ဗျားလိုပဲ
လိုတရလွယ်အိတ်ကြီးကို လွယ်တတ်တဲ့
ကျွန်တော်မောင်ကျော်သူက
ခင်ဗျားရဲ့
အဝေးရောက် ရဲဘော်ရဲဘက်
မိုင်ကျော်ခင်း (မင်းကျော်ခိုင်)ပေးလိုက်တဲ့
ခင်ဗျားအတွက် ကောင်းဘွိုင်းဦးထုပ်ကို
ခင်ဗျားကိုယ်တိုင်စင်ပေါ်တက်ပြီး
သိဒ္ဓိသာတင်လိုက်ပါတော့ဗျာ….။

ကျော်သူ + မင်းကျော်ခိုင်

Credit Photo: Kyaw Thu
https://www.facebook.com/min.k.khine/media_set?set=a.10207383743766502.1073742054.1073891009&type=3

.