ဒါတွေကိုသတိပြုကြ – 
မိုးသီးဇွန်

၁။ အီကွေးရှင်းအဟောင်းကို စွန့်လွှတ်လာကြခြင်း

၈၈ မျိုးဆက်တွေ ပါတီတခုတည်ထောင်ဖို့ လိုအပ်ပါသလား။ 
လိုနေပါတယ်။ သူတို့  ရေရှည် နိုင်ငံရေး ဆက်လက်လုပ်ဖို့ အတွက်  နိုင်ငံရေးအဖွဲ့ စည်းတခုလိုနေပါတယ်။ ဒါကြောင့်သူတို့ နိင်ငံရေး ပါတီတခုတည်ထောင်ပါလို့  ကျနော်မြန်မာပြည်ထဲရောက်တုန်းက သူတို့ ကိုတိုက်တွန်းခဲ့ဖူးပါတယ်။ ဒီကာလက သူတို့ ဒေါ်အောင်ဆန်းစုကြည်အပေါ်မှာ လိုတာထက် ပိုပြီး မျှော်လင့်နေကြပုံရတယ်။ လိုတာထက်ပို ယုံကြည်နေကြတယ်။ သူတို့ကိုယ်သူတို့လည်း လိုတာထက်ပိုပြီး တွက်ထားကြပုံရတယ်။ ၂ဝ၁၅ ခုနစ် ရွေးကောက်ပွဲ ဝင်ခါနီးကာလကျတော့မှ ဒီချုပ်ကို ကမန်းကတန်း သွားကြတယ်။ ဒေါ်စုက သူတို့ ကိုလက်မခံဘဲ ငြင်းလိုက်တယ်။ ဒါကတော့တော်တော်ကို ရုပ်ဆိုးတယ်။ ရဲဘော်တွေလည်း ဒေါ်အောင်ဆန်းစုကြည်သဘောထားကို အနီးကပ်တွေ့သွားကြတယ်။

ဒ်ါစုဟာ ၈၈ ကာလများကလို Idealist တယောက်တော့မဟုတ်တော့ဘူး။ Inborn Machiavellian တယောက်ဖြစ်နေပြီ။ ယခင်ကပြောစကားများ ဆန့်ကျင်ဖက်အရပ်ကိုသွားနေပြီ။ တိုင်းပြည်အုပ်ချုပ်မင်းလုပ်မဲ့ မင်းလောင်းတယောက်ကို အားနည်းအောင်လုပ်မဲ့အချက်က ကြင်နာသနားမှုပဲ ဆိုတဲ့ မိုက်ကယ်ယာဗယ်လီရဲ့ ဆိုစကားနဲ့အညီ ဖြစ်နေချေပြီ။ ၂ဝ၁၅ ဒေါ်စုဟာ ၈၈ ဒေါ်စုမဟုတ်တော့ပြီ။ New Dream, New Strategy, New Alliance ဖြစ်နေပြီ။ ဒေါ်စု+ ဗိုလ်ရွှေမန်း ညီမျှခြင်းအသစ်က အတော်လေး ခေတ်စားနေချေပြီ။

နာက်ဆုံးပေါ် အီကွေး ရှင်းထဲမှာ ၈၈ တို့  မပါတော့ပါ။ အခုတော့ ၈၈ ရဲ ဘော်များက သူတို့တသသဖြင့် စိတ်ကူးယဉ်ခဲ့ကြသော ဒေါ်စု + ၈၈ = အောင်ပွဲ ဆိုတဲ့ အီကွေးရှင်းကို သံသယဖြစ်လာကြချေပြီ။ ဒီတော့ သေတာထဲက ထွက်နိုင်ဖို့ ကြိုးပမ်းလာကြလေတော့သည်။ အီကွေးရှင်းအဟောင်းကို စွန့် လွှတ်ပြီး ပိုမို မှန်ကန်မှုရှိသော အီကွေးရှင်းကိုသူတို့ ရှာဖွေဖို့ လိုနေပါပြီ။

၂။ ၈၈ မျိုးဆက်တွေ ပါတီထောင်ဖို့ လိုပါသလား

လို နေပါတယ်။ ပါတီတခုတည်ထောင်မယ်ဆိုရင်တော့ သေနင်္ဂဗျုဟာမြောက်စဉ်းစားချက်တွေ ရှိဖို့ လိုလာပါတယ်။ ဘာကြောင့် ပါတီထောင်ရတာလဲ၊ ဘာကြောင့် လိုနေသလဲ ဆိုတာကို Justify လုပ်ပြနိင်ဖို့ လိုတယ်။ မတူခြားနားမှု ရှိဖို့လိုတယ်။ ၈၈ ခေါင်းဆောင်တဦးက သူတို့ ပါတီထောင်တာ ၂ဝဝ၈ အခြေခံဥပဒေကိုပြင်ဖို့ မဟုတ် ဖက်ဒရယ်ပြည်ထောင်စုကိုတည်ထောင်ဖို့ လုပ်မည်ဟုဆိုတယ်။ ဒီစကားက လင်တော့ မလိုချင်၊ ကလေးတော့ လိုချင်သည် ဆိုတဲ့ စကားလို ဖြစ်နေတယ်။ ဒီနေရာမှာတော့ ဒေါ်စုဦးဆောင်တဲ့ဒီချုပ်က ၂ဝဝ၈ ကို ပြင်/မပြင် မပြောတော့ဘဲ ရွေးကောက်ပွဲကိုဝင်ခဲ့တာက နိုင်ငံရေးအရ နှာတဖျား သာသေးတယ်လို့ ပြောရမလိုဖြစ်နေပါတယ်။

ချုပ်ပြောရရင် ဒီချုပ်ကလည်း ၂ဝဝ၈ ကိုမပြင်၊ နောက်လာမယ့်မောင်ပုလဲတွေကလည်း ၂ဝဝ၈ ကို မပြင်ဆိုရင် ဘာလုပ်ဖို့  ပါတီထောင်ကြသေးသလဲလို့ ခြုံယူ မေးခွန်း (Logical question) ထွက်လာပါတယ်။ ဒီချုပ်ထဲကိုပဲဝင်လိုက်ကြပါလားလို့  မေးစရာဖြစ်လာတယ်။ လယ်သမားအရေး၊ ပြည်တွင်းစစ်အရေး၊ လူနည်းစုအရေး၊ တိုင်းပြည်ပြန်လည်တည်ဆောက်ရေး၊ ချစားမှုတိုက်ဖျက်ရေးတွေမှာလည်း ဒီချုပ်ပေါ်လစီက မရှင်းလင်း မပြတ်သားသလို၊ ၈၈ တွေကလည်း ထိုနည်းလည်းကောင်းဖြစ်နေလို့ မရပါ

၃။ မဟာမိတ်က ဘယ်သူလဲ

ဒ်ါစုပါတီဟာ သဘာဝ မဟာမိတ်တွေနဲ့  တစတစ ဝေးကွာလာနေတယ်။ ဒီတော့ မဟာမိတ်တွေက ဘယ်သူတွေလဲ ၊ အလုပ်သမားတွေလား၊ လယ်သမားတွေလား၊ တိုင်းရင်းသား ညီအကိုမောင်နှမတွေလား၊ လူနည်းစုတွေလား၊ ပြည်ပရောက် ဒီမိုကရေစီအင်အားစုများလား၊ နိင်ငံတကာ ဒီမိုကရက်တစ်များလား သဲသဲကွဲကွဲမရှိတော့ဘူး။ ဒီပေါ်လစီအမှား ရလဒ်ကတော့ ကိုယ်ကိုထောက်ခံခဲ့တဲ့နိင်ငံတကာ အသိုင်းအဝိုင်းရဲ့  ဆန့်ကျင်မှုကို တစတစ ခံနေရလာခြင်းဖြစ်ပါတယ်

လားတူပဲ ၈၈ တွေရဲ့  မဟာမိတ်တွေကဘယ်သူတွေလဲ ရှင်းလင်းစွာ ချပြထားဖို့ လိုပါတယ်။ Gender Minority Ethnicity Workers , Farmers စသဖြင့် ကိုယ်စားပြုမှုတွေကို အလေးထားဖို့ လိုပါတယ်။ All inclusive ဖြစ်နိုင်ဖို့ လိုလာတယ်။ နိုင်ငံရေး အင်အားစုတခုဖြစ်လာရင်တော့ ငါရယ်၊ မောင်မောင်ရယ်၊ လုပ်လို့မရ။ မဟာမိတ်ပေါ်လစီကလည်း ဒေါ်စုပါတီလိုပဲ ဖြစ်နေမယ်။ ဒိုးကလေးနဲ့ တဖြတ်တည်းဆိုရင်တော့ သိပ်မဟန်လှပါ။ လူထု ပါတီ ဖြစ်လာဖို့ ခက်မယ်။

၎။ စဉ်းစားရမယ့် အချက်များ

ဦး နေဝင်းပါတီထောင်တော့ ပထမ ပေးတဲ့နာမည်က အမျိုးသား ဆိုရှယ်လစ်ပါတီ။ “ဟာ … ဒါတော့ ဟစ်တလာပါတီနဲ့ ဒဲ့ချည်းဖြစ်နေပြီ၊ မကောင်းပါဘူး ဗိုလ်ချုပ်ကြီး”ဆိုပြီး နားလည်တဲ့သူတွေက ဝိုင်းနားချတာနဲ့  မဆလ ဖြစ်လာတာလို့  ရှေ့ မှီ နောက်မှီဆရာကြီးတွေပြောပြတာ ကြားဖူးတယ်။ နောက်တော့လည်း မူလ ဇာတိရုပ်တွေကွာကျပြီး ကမ်းကုန်အောင်ရိုင်းစိုင်းမှုတွေနဲ့ အတူ သမိုင်းနာလံမထူနိုင်အောင် ကျဆုံးသွားရတော့တာပါပဲ။

ပါတီတခုထောင်ရင် ဒီပါတီက ဘယ်လို အယူဝါဒ ရှိတယ်။ ဘယ်လိုပေါ်လစီတွေကျင့်သုံးမယ်။ ဘယ်လို ဗျုဟာတွေ ခင်းကျင်းမယ်။ ပါတီနာမည်က ဒီအခြေအနေတွေကို ထင်ဟပ်အောင် ပေးကြတာပါပဲ။ ၁၉၈၈ ခုနစ် စစ်တပ်အာဏာသိမ်းပြီးတော့ ကျနော်တို့ ပါတီထောင်တယ်။ ကျနော်က ခေါင်းဆောင်ပြီး ပါတီ မူဝါဒလမ်းစဉ်နဲ့ အမည်ကို စဉ်းစားတယ်။

ငါ ဒို့ ဟာ ၈၈ အရေးတော်ပုံက ပေါက်ဖွားခဲ့တယ်ဆိုပေမယ့် ငါဒို့ အသုံးမကျလို့  လူတွေက ပြောစရာဆိုစရာဖြစ်လာရင် အရေးတော်ပုံကိုထိခိုက်သွားတာမျိုးတော့ဖြင့် မသင့်တော်ဘူးလို့  ပထမ စဉ်းစားမိတယ်။ ဒါကြောင့် ခေတ်စားနေတဲ့ ခွပ်ဒေါင်းအလံတို့ ၊ အရေးတော်ပုံတို့ ၊ ၈၈ ဆိုတာတို့ ၊ ကျောင်းသား ဆိုတဲ့ အမည်ကိုရှောင်ခဲ့တယ်။ နောင်လာနောင်သားတွေ သုံးလို့ရအောင် လမ်းဖွင့်ပေးထားခဲ့တယ်။

ပါ တီကို လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီလို့ အမည်ပေးခဲ့တယ်။ ဒီကာလက ပါတီတွေဟာ ဒေါင်းအလံတွေကို တွင်တွင်သုံးခဲ့ကြတယ်။ ဒီအလံအောက်က ထွက်ပြီး မရပ်ရဲကြဘူး။ လူ့ဘောင်သစ်တခုပဲ ခွပ်ဒေါင်းအလံကို ဆက်မသုံးဘဲ ထားခဲ့တယ်။ ပါတီကိုလည်း အလုပ်သမား၊ လယ်သမား လူတန်းစားရဲ့ အကျိုးကို ပထမဦးစားပေးပြီး တိုင်းရင်းသားတွေ အမျိုးသားဓနရှင်တွေကို အားပေးမယ်လို့ ရည်စူးခဲ့ကြတယ်

ခုချိန်မှာ မြန်မာပြည်မှာ နိုင်ငံရေး အင်အားစုကြီးတခုလိုအပ်နေပါတယ်။ ပြည်သူတရပ်လုံးရဲ့  ရည်မှန်းချက်တွေ (National Agendas) တွေ အကောင်ထည်ဖော်ဖို့ လိုနေပါတယ်။ ဒီမိုကရေစီရေး၊ လူအခွင့်အရေး၊ ငြိမ်းချမ်းရေး၊ ဖယ်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး သာလျှင် ပြည်သူတရပ်လုံး၊ တမျိုးသားလုံးရဲ့  နိုင်ငံရေး ရည်မှန်းချက်ဖြစ်ပါတယ်။

စ်ကနဲဆိုရင် လူနည်းစုမုန်းတီးရေး၊ နိုင်ငံခြားသား မုန်းတီးရေး၊ တိုင်းရင်းသားဆန့်ကျင်ရေး ငယ်ထိပ်ရောက်နေတဲ့ သူငယ်နာတွေကို တိုက်ဖျက်ရပါမယ်။ ဒါတွေဟာအမျိုးသားရေးရည်မှန်းချက်မဟုတ်ကြဘူး။ ဖောက်ပြန်တဲ့ အယူတွေဖြစ်တယ်။ လူထုကို မှန်ကန်တဲ့အတွေးအခေါ်ကို စိုက်ထူပေးပြီး မှန်ကန်တဲ့လမ်းကြောင်းကို ဦးဆောင်ပေးရပါမယ်။ မှန်ကန်တဲ့ အပြောင်းအလဲကို သွားရာမှာ ဖြတ်လမ်း (Sub-Way) မရှိဘူးဆိုတာ လူထုကို အသိပေးရပါမယ်။

၎။ အရင်း ဘယ်မှာလဲ၊ လုပ်အား ဘယ်မှာလဲ

တိုင်းပြည်ကလိုအပ်နေတာ အရင်း ( Capital ) ဖြစ်တယ်။ လုပ်အား Labors ဖြစ်တယ်။ ဒီနှစ်ခုလုံးဟာ တိုင်းပြည်မှာ ပျောက်ဆုံးနေတယ်။ အရင်းဘယ်မှာလဲ ၊ လုပ်အား ဘယ်မှာလဲ ။ ဒီနှစ်ခုဟာ ရတနာမြေပုံ ဖြစ်တယ်။ ဒီရတနာမြေပုံဟာ ဘယ်မှာလဲဆိုတာ ပါတီက လူထုကို ညွန်ပြပေးရမဲ့ အချိန် ဖြစ်နေပါပြီ။

ရာ စုနှစ် တခု နီးပါး တောက်လောင်လာတဲ့ ပြည်တွင်းစစ်မီးကို ဖြစ်တဲ့နည်းနဲ့ ငြိမ်းသတ်ရမယ်။ ပြည်တွင်းစစ်မီးကို မငြိမ်းသတ်နိင်သမျှ မြန်မာပြည်မှာ မိသားစုတိုင်းဟာ ဆင်းရဲတွင်းက မလွတ်မြောက်နိုင်ပေဘူး။ တပြည်လုံးမှာလည်း ဘယ်လို ဖွံ့ဖြိုးရေး စီမံကိန်းတွေကိုမှ အကောင်ထည်ဖော်နိုင်မှာ မဟုတ်ပေဘူး။ ဒါကြောင့် ငြိမ်းချမ်းရေးကို မဖြစ်မနေ တည်ဆောက်ရမယ်။

၅။ နတ်ပြည်ထက် ဈေးကြီးပြီး၊ ငရဲပြည်ထက် မြင့်နေတယ်။

မြ န်မာပြည်ရဲ့ စီးပွားရေးဟာ နာတာရှည် လူမမာလို ဖြစ်နေတယ်။ မြန်မာပြည်ပြန်လည်တည်ဆောက်ဖို့ ဆိုရင် အရင်း၊ မြေ ၊ လယ်ယာ၊ တိုက်တာ အိုးအိမ်တွေ၊ သစ်တောနဲ့ မြေပေါ်မြေအောက် သယံဇတတွေ လိုအပ်တယ်။ ဒီဟာတွေဟာ လူတစုကပဲ ပိုင်နေတယ်။ ဒါတွေဟာ အရင်းပဲ။ ဒီအရင်းကို ပြန်လည်နေရာချထားမှု (Retribution ) မလုပ်ဘဲနဲ့  မြန်မာပြည်ဟာ ဘယ်လိုမှပြန်တည်ဆောက်လို့ မရနိင်ဘူး။

ကျနော်တို့၊ ကျမတို့ ဖြင့်အနိင်ရပြီ၊ မြန်မာပြည် ဒီမိုကရေစီရပါပြီ၊ လာပြီး ရင်းနှီးမြှပ်နှံကြပါဆိုရုံနဲ့ ဘယ်သူကမှာ လာပြီး တိုင်းပြည် ပြန်လည်ဦးမော့စေနိုင်တဲ့ မီဂါ ရင်းနှီးမြှုပ်နှံမှုတွေ လာလုပ်ကြမှာမဟုတ်ဘူး။ မြန်မာပြည်က အတိုးနှုန်းက သိပ်ကိုမြင့်မားနေတယ်။ ငရဲ ပြည်ထက် အတိုးနှုန်းမြင့်နေတယ်။ မြန်မာပြည်ကမြေဈေးဟာ နတ်ပြည်ထက်တောင်ဈေးကြီးနေတယ်။ သာမန် ကားတိုးစီးနေရတဲ့ စာရေးမလေးတဦးဟာ တသက်လုံး ကျွန်ခံရင်တောင် အိမ်တလုံးမဝယ်နိုင်ပေဘူး။ ဒီနေ့ ဘဏ်အတိုးနှုန်းကို အမြန်ဆုံးချပစ်ဖို့လိုနေတယ်။ မြေဈေးတွေကို ချပစ်ဖို့ လိုတယ်။ လယ်ယာစိုက်ပျိုးရေးဟာ တခြားနိုင်ငံတွေနဲ့ နှိုင်းယှဉ်လိုက်ရင် မဖွံ့ဖြိုးနိုင်ဘူးဖြစ်လာနေတယ်။

၆။ လုပ်အား

မြန်မာပြည်မှာ လုပ်အားခဈေးပေါတယ်လို့  ပြောနေကြတယ်။ တကယ်ဟုတ်ပါ့မလား။ လုပ်အားခ ဈေးပေါနိုင်ပါတယ်။ ဒါပေမဲ့ အလုပ်သမားကတော့ တော်တော်ကိုရှားနေပြီ။ ရွာတွေမှာ လယ်လုပ်မဲ့ လူငယ်လူရွယ်တွေမရှိတော့ဘူး။ တဖက်နိုင်ငံတွေကို ထွက်ခွာပြီး အလုပ်လုပ်နေကြရတယ်။ ဒါကြောင့် လုပ်အား ပြတ်တောက်မှုတင်မက လူဦးရေ တိုးတက်မှုကိုပါထိခိုက်လာနေတယ်။ လူဦးရေဖွံ့ဖြိုးမှုကိုပါထိခိုက်သွားတယ်။ လူမှုရေးပြသနာတွေပါ တနွယ်ငင်တစင်ပါဖြစ်လာနေတယ်။

၇။ ဖက်ဒရယ်ကို အာဏာရှင်ဖွဲ့ စည်းပုံပေါ်မှာတည်ဆောက်လို့ မရ

နောက်တခုက ဒီမိုကရေစီ ပြန်လည်တည်ဆောက်ရေးနဲ့  ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးဟာ နေနဲ့ လလို ရွှေနဲ့ မြလို တခုကိုတခုအပြန်အလှန် အမှီသဟဲပြု တည်ဆောက်ပေးမှသာ တည်ငြိမ်တဲ့တိုးတက်တဲ့၊ လောကပါလတရားတွေထွန်းကားတဲ့ လူ့အဖွဲ့စည်းကိုတည်ဆောက်နိုင်မှာဖြစ်ပါတယ်။ ဖက်ဒရယ်ဆိုတဲ့ နိုင်ငံတော် အုပ်ချုပ်ပုံစနစ်ဟာ ဒီမိုကရေစီ စနစ်မှာပဲ ရှင်သန်တယ်။ အာဏာရှင်စနစ်ကိုအခြေပြုထားတဲ့ ဖွဲ့ စည်းပုံမှာ တည်ဆောက်လို့ မရနိုင်ပေဘူး

၈။ မျက်ကန်းမျိုးချစ် မဟုတ်ဘူး

ဒီ နေ့ လိုအပ်နေတာ တမျိုးသားလုံး စုစည်းမှုပါ။ ရွေးကောက်ပွဲဝင်မဲ့ ပါတီတရပ်မဟုတ်ပါဘူး။ ဒီနေ့ လိုနေတာ ဒီမိုကရေစီအင်အားစုတွေကို စုစည်းပေးမဲ့ အင်အားစုကြီး ဖြစ်ပါတယ်။ ရွေးကောက်ပွဲ ဝင်၊ အနိုင်ရပါတီဖြစ်၊ အစိုးရဖွဲ့ နိုင်တယ် ဆိုတာ ဒီနေ့ လိုအပ်ချက်လမ်းကြောင်းမှန်မဟုတ်သေးဘူး။ တတိုင်းပြည်လုံးပြဿနာတွေကို ဖြေရှင်းပေးနိုင်တဲ့ နည်းလမ်းမဟုတ်သေးဘူး ဆိုတာ မကြာသေးခင်က အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ဖြစ်ရပ်က သက်သေပြနေပါပြီ။

ဒီနေ့ လိုအပ်နေတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး ဆိုတာ အစိုးရ၊ ပါလီမန်၊ တပ်မတော်သား၊ တိုင်းရင်းသားတွေ၊ လူနည်းစုတွေ အားလုံး ဒီမိုကရေစီနဲ့လူ့အခွင့်အရေးလေးစားလိုက်နာမှုအပေါ်မှာ တည်ဆောက်ရမဲ့ သင့်မြတ်ရေးဖြစ်ပါတယ်။ မျက်ကန်းမျိုးချစ် သင့်မြတ်ရေး၊ သွေးရူးသွေးတန်း ညီညွတ်ရေးမဟုတ်ဘူး။

၉။ ချုပ်ပြောရရင်တော့ –

– ၈၈ မျိုးဆက်တွေ ပါတီထောင်ဖို့ လိုတယ်။
– ပါတီထောင်ဖို့  လိုအပ်ရင် ဘာကြောင့်လိုအပ်တယ်ဆိုတာ အခိုင်အမာရှင်းပြဖို့ လိုတယ်။ သူများနဲ့ မတူဖို့ လိုတယ်။
– အမည်ကို ရေရှည်ခံတဲ့နာမည်ကို ရွေးသင့်တယ်။
– All inclusive : Workers, Farmers, Genders, Minority , ethnicity တွေကိုလည်း ကိုယ်စားပြုနိုင်ဖို့ ကြိုးပမ်းပါ။ သူတို့ အသံတွေကို ဖော်ထုတ်ပေးနိုင်ဖို့လိုတယ်။
– ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး၊ ငြိမ်းချမ်းရေး၊ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးကို တကယ်ယုံကြည်ဖို့ လိုတယ်။ လူထုရှေ့ ကနေ မားမားမတ်မတ် ရပ်တည်ဖို့ လိုနေပါတယ်။

အောင်ပွဲသို့  –

မိုးသီးဇွန်
ဒီဇင်ဘာ ၁၈ ၊ ၂ဝ၁၇။