ကဗျာဆရာမောင်အောင်ပွင့်နှင့်
စကားစမြည်(၂)-ဆောင်းဝင်းလတ်

ကဗျာဆရာ တစ်ယောက်ရဲ့
ဒေသိယ SKETCH                       
(သို့မဟုတ်)
မောင်အောင်ပွင့်နဲ့
အံ့အားတသင့် စကားလုံးများလို့ အမည်ပေးထားတဲ့
ငြိမ်းချမ်းရေးကဗျာဆရာကြီး မောင်အောင်ပွင့်နဲ့
စာရေးဆရာကြီးဆောင်းဝင်းလတ်တို့ရဲ့ 
တွေ့ဆုံမေးမြန်းမှု (အပိုင်း-၂) ကိုဖော်ပြအပ်ပါတယ်။

အပိုင်း(၂)

ကိုအောင့်ပွင့် အခန်းရဲ့  နံရံမှာ ချိတ်ဆွဲထားတဲ့  ပုံ(၃)ပုံမှာ
ကရင်တိုင်းရင်းသားခေါင်းဆောင် –
စောဘဦးကြီး
မန်းဘဇံနဲ့ 
ဖဒိုမန်းရှာ တို့ကိုတွေ့ရတယ်။

မန္တလေး  စာပေပွဲတော်တုန်းက  ကိုဆောင်းက ဘယ်သူတွေနဲ့ တွေ့ခဲ့ရလဲ” လို့
ကိုအောင်ပွင့် ကမေးတော့  .. တွေ့ ခဲ့ရတဲ့ ရဲဘော် မိတ်ဆွေ ဆရာ၊ဆရာမတွေ တချို့ရဲ့ နာမည်တွေ မှတ်မိသလောက် ကျွန်တော် ပြောပြလိုက်ပါတယ်။

တစ်ချိန်တုန်းက  သူနဲ့ အတူ ကဗျာရေးဖော်ရေးဖက်တွေ အကြောင်းလည်း သူကပြောချင်ဟန်တူရဲ့။ ကွယ်လွန်သူကဗျာဆရာ “ဖော်ဝေး” အကြောင်း သူပြောပြတယ်။  

ကိုဖော်ဝေး နဲ့ ကျွန်တော်နဲ့ အသက်ချင်း မတိမ်းမယိမ်းပဲ ရှိလိမ့်မယ် ထင်တယ်  ကိုဆောင်းရဲ့။ သူ သက်ရှိထင်ရှားရှိရင်လည်း  ကျွန်တော့်လိုပဲ ၇၃ နှစ်လောက်တော့ ရှိလောက်ပြီပေါ့ ”  လို့ ကိုအောင်ပွင့် ကပြောတယ်။ 

“ ကိုဖော်ဝေးရဲ့ ဇာတိက နယ်ကပဲနော် ကိုအောင်ပွင့် ”
“  ဟုတ်တယ် .. ကရင်ပြည်နယ်ပဲဗျ။ လှိုင်းဘွဲ့နားက ပတ်ကျေးရွာတဲ့။ အဲ့ဒါ သူ့ဇာတိလို့ သိရတယ် ”
“  ကိုဖော်ဝေး ဆုံးတာ ၁၉၇ဝ ခုနှစ် ဒီဘက်ပိုင်းပဲ ”
“   ၁၉၇၈ မှာ သူ ဆုံးတယ် ”
“  ဒါဆိုရင် .. ကိုဖော်ဝေးဆုံးတော့ ..  အသက် ၃ဝ ကျော်လေးပဲ  ရှိသေးတာပဲ ”“  အများကြီး  ဆုံးရှုံးတာပေါ့ဗျာ ”
“  ရန်ကုန် ဘောက်ထော်  မှတ်တမ်းရုံးမှာ သူ  တပ်ကြပ်ကြီးစာရေးလုပ်နေတုန်းက  မောင်မောက် ( ဥက္ကလာ ) တို့  မောင်ငြိမ်းမြတ် ( ဥက္ကလာ ) တို့နဲ့အတူ ကိုဖော်ဝေးနေတဲ့ လူပျိုဆောင်ကို ကျွန်တော် တစ်ညရောက်သွားသေးတယ်  ”

“  သူ့အဆောင်ကို  ကဗျာဆရာတွေ အများကြီးရောက်ကြတာပေါ့  ”
“  သူ့ နာမည်မှတ်မိတယ်  .. တပ်ကြပ်ကြီးစာရေး ဝင်းထိန်  ”
“ ဟုတ်တယ်ဗျာ  .. ကဗျာရေးအားကောင်းနေတုန်း သူဆုံးသွားတာ နှမြောတယ်ဗျာ  ”
“  ကိုဖော်ဝေးရဲ့ ကဗျာတွေမှာ ပင်ကိုယ်ရေးတွေရော ဘာသာပြန် ကဗျာတွေရောပဲနော်  ”

“ ဒါ .. သူ့ စာအုပ်ပေါ့။ ကိုဆောင်းဖတ်ကြည့်လေ”ကိုအောင်ပွင့်က သူ့ရဲစာအုပ်စင်ကိုထသွားပြီးကဗျာစာအုပ်လေးတစ်အုပ်ကျွန်တော့်ကို လှမ်းပေးတယ်။ “ နှစ်ကာလများ  ”  စာအုပ်တိုက်က ထုတ်ဝေတဲ့ စာအုပ်။

“ ဖော်ဝေး ဌက်များ ပျံသန်းချိန် ”  တဲ့။

အဲဒီ့ ကဗျာတွေထဲမှာ ကိုဖော်ဝေး ရေးသွားတဲ့ထဲက  “  ပျောက်ဆုံးသွားသော မိန်းမများ ” ကဗျာကို ကျွန်တော် နှစ်ခါလောက် ပြန်ဖတ် နေမိခဲ့တယ်။ ဒါဟာ ကိုဖော်ဝေးရဲ့  ပုဂ္ဂလိက ဘဝ ပုံရိပ်တွေထဲက ပုံရိပ်ဟောင်း တချို့များလား လို့လည်း ကျွန်တော် တွေးနေမိတယ်။

“  ပျောက်ဆုံးသွားသော  မိန်းမများ  ”

[ ၁ ]
နေခြည်နုလေးများထက်
အနှီးတစ်ထည် ဖျတ်ဖျတ် လွင့်နေတယ်
လုံချည် ကွင်းသိုင်း ဆံရစ်ဝိုင်းနဲ့ ကလေးငယ်၊
ဟိုး .. မြစ်ပြင်ကျယ်ဆီမှ
လှေတစ်စင်း ထွက်လာလိမ့်မယ်
အထ္ထရံမြစ်ကမ်းပါး
အစွန်အဖျား ရွာလေးတစ်ရွာမှာ
ငါမွေးဖွားခဲ့ပါတယ်။

မုန်တိုင်းတစ်ခုရဲ့ ဝမ်းဗိုက်
ဘယ့်ကလောက် ကျယ်လိုက်သလဲ
ဒေါနတောင်ကြီးကိုဖြို
ဧရာဝတီကိုသောက်
[ အများထဲက တစ်ယောက်ပါ ]
အဖမဲ့သားတစ်ယောက်ရဲ့ ကြမ္မာအစအန
တစ်ကိုယ်လုံးမှာ ရှခဲ့ပြီ။

၁၉၄၉ မှ
အရှိုးရာ ဗရပွနှင့် ငါ ထ, လာခဲ့သည်။

ဆံညိုညိုတွင်
ပြာဖြူဖြူပေကပ် 
သနပ်ခါးထူထူလိမ်း
မုန့်စိမ်းပေါင်း ပေါင်းသူ
မရွေးကွက်လုပ်သူ
သနပ်ဖက်ထိုးသူ 
အို ..  သူမ
တစ်လောကလုံးရဲ့ အင်အားများ စုပွားထားသူ
အကစားပဲ မက်နေတာပဲ
မုန့်တွေတော့ ကုန်အောင်မရောင်းဘူး 
ကဲဟယ် .. ကဲဟယ် ..

အို … မေမေရယ် 
လက်ဖဝါးပြင် နှစ်ချက်နဲ့
မေတ္တာမျက်ရည် တစ်ပေါက်နှစ်ပေါက်
ကျွန်တော့်နှလုံးသား အောက်ခြေမှာ
ခုထိ အနည်မထိုင်သေးပါ။

ဗုံးခိုကျင်း ထိပ်မှာလဲ
အိပ်မက်တစ်ခု တွဲလွဲချိတ်၊
ခုတိုင်မူးရိပ်မပြေနိုင်

“ ဗုံးနီနီကြီးက လှလိုက်တာနော် ”
“  သြော်  .. သားရယ်   ”  
အမောမျက်နှာ၊ သောကမျက်နှာ
မေတ္တာမျက်နှာ၊ ကဗျာမျက်နှာ၊
အသာယာဆုံး တေးဆိုသူ
လူ အပီသဆုံး မိန်းမ၊

အလှဆုံးမေမေ
ကြုံလှီဖျော့သော နေ့ရက်များ
ထွားကြိုင်း ခက်မာလှသော ဒုက္ခ၊

ဘဝရဲ့ပျားရည်စက်
“ သားအတွက်ပါကွယ် ”
 “ မြို့တက် ကျောင်းနေရမယ် ”
ကျိုးကျတော့မယ့် တာရိုးပေါက်
အမေတစ်ယောက်တည်း ပိတ်ဆို့တယ်။

သြော် ..  အမေ
နွေလက်အဝါ၊ ကြွေရွက်အဝါ
ချုချာသောကမ္ဘာကြီးမှ အပြီးအပိုင်ထွက်ခွာသွား
ည တစ်ညလုံး လေထန်တယ်။ 

ဤရာစုအထိ
ချို့ငဲ့ခြင်း အဆင်းနဲ့
ပြည့်စုံခြင်း အတက်မှာ
တစ်ယောက်စာ လမ်းကျဉ်းလေး
လူ့သွေးများနဲ့ ခင်းထားရဲ့။

သူတို့ကို ဖြေရှင်းပေးခဲ့သောကံတရားသည်
သူတို့ကိုဖြေသိမ့်ပေးခဲ့သောတမလွန်သည်
အရုဏ်နီတလင်းပြင်၌ အမှိုက်အဖြစ်ကျန်ရစ်မည်၊
လူဆိုသည်ကား တရားသည်၊
နွားစားသွားသည့်မြက်နှယ် ခါးလည်မှ ပြတ်ရရှာပြီ။

[ ၂  ]

တောသည်လည်းကောင်း တောင်သည်လည်းကောင်း
မြစ်ချောင်း၊ အင်းအိုင်များသည်လည်းကောင်း
မပေါင်းဆုံနိုင်သော မေတ္တာဘွဲ့ ဆိုခဲ့ကြရသည်။

မိန်းကလေးရယ်
စိမ်းလန်းတဲ့နှလုံးသား 
ရိုးသားတဲ့ ဆက်ဆံရေးတွေ
လမ်းဘေးမှာ ကြေမွကုန်ကြပြီ
ဒေါင်းချီမောင်းချီ ချွေးဝေ့သီမျက်နှာနဲ့
ခမျာရန်တွေ့နေရှာပကော။ 

ညှိုးနွမ်းသိမ်ငယ်ခြင်းရဲ့နေရင်းနိုင်ငံမှာ 
သူမ,  ဝင်ရောက်လာသောနေ့
လေ့လာသူ သုတေသီများ
အပျော်ကူးစက်သွားတော့မည်။

စစ်တောင်းကမ်းပါးပေါ်က
ရထားလမ်းဘေးမြို့ငယ်ဟာ
ကမ္ဘာကြီးထဲမတော့ အမည်းစက်လေးတစ်စက်သာ 
ငါ့နေရာကကြည့်တော့လည်း အမည်းစက်ကြီးတစ်စက်သာ
နံစော်သောနာရီများသည်
သူမ၏ ရယ်သောဂီတ၌ ငေးစိုက်မင်တက်မိကြပြီ။ 

ဟင့်အင်း ..
ချစ်သူ့လက်ဆောင်မှာ
မာနမထားရဘူးမောင်
ခဲတံ ဖောင်တိန်တစ်ချောင်းနဲ့ ငါ  
“၇”  တန်းအောင်ခဲ့တယ်။

ဟိုမှာ ..  ခေါင်းငိုက်စိုက်ကောင်လေး
သွေးအလိမ်းလိမ်းနဲ့ ဒိန်းဒလိန်းနတ်ဖမ်းစား
နှလုံးသားလက်မှာကိုင် တိုင်တည်နေပေါ့။

လေးကျွန်းကန်တော်ကြီးမှာ
အပျော်လှေစီးရအောင်ကွယ်
ဩော် .. ကလေးရယ်
မင်း သွေးအေးပါပေရဲ့
တတ်လည်း တတ်နိုင်ပါပေရဲ့။

ရွှံ့ဗွက်ထဲက ဖိနပ်လောက်တောင်
အရောင်မတောက်တဲ့ “  ကောင် ” ကကွာ 
အသပြာ ရယ်မောသံက ငါ့နှလုံးသားနုနုထဲ
သလိပ် ချွဲခန်းများနဲ့ ဆွေးလိုက်တယ်။

တွန်သံမှ မကြားရဘဲ
ကြက်ဖို၊ကြက်မ ရယ်လို့
ငါ ခွဲခြားပြခဲ့မိလေသလား။

ချစ်သူရယ်
အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့
ရေကြည် မြက်နုရာမှာ
ကဗျာတစ်ပုဒ်ဖွဲ့စို့နော်။

ဩော် .. မန္တလာက မန်းသီတာဥယျာဉ်ပင်  
မမြင်ချင် ရင်တုန်လှိုက ငိုရှိုက်နေပါပကော။

နေခြည်ပျောက်တစ်ကွက်နှင့်
နှင်းတောင်ထုအား
ပျော်ကျသွားရန် မစွမ်းချေ။

ခေါင်းလောင်းသံကြေးစည်သံကြား 
ဘာဝနာပွား တရားမရနိုင်ပါ
ရာဇဝင်စာရွက်လည်း မျက်ရည်တွေထဲနှစ်လိုက်တယ်။

ကမ္ဘာကြီးကို ကြိုးတိုက်ထဲအလုံပိတ်
အို.. အိပ်ပျော်နေတဲ့သူတို့ 
ပန်းများ မမွှေးကြတော့ပါ။

ဧဝရက်တောင်ထိပ်၌
တိမ်တိုက်များ ကင်းရှင်းလျှင်
နှင်းဖြူဖြူတို့မြင်ရအံ့။

ကျွန်တော်တို့ရဲ့ ချစ်တဲ့ ကဗျာရဲဘော်၊ စာရဲဘော် ကိုဖော်ဝေးဟာ ဒီကဗျာကို [ ၂၅ – ၉ – ၁၉၇၄ ] က  [ ၆ – ၁ဝ – ၁၉၇၄  ] ရက်များအတွင်းမှာ ခံစားရေးဖွဲ့သွားခဲ့ပါတယ်။

ကဗျာကို ဖတ်အပြီးမှာ ကိုအောင်ပွင့်နေထိုင်တဲ့ အိပ်ခန်းရဲ့ တစ်နေရာက သူ့ပုံတူ ပန်းချီလက်ရာ ( ၂ ) ခု အကြောင်း ပြောမိကြသေးတယ်။

 အဲဒီ့ ပုံကတော့ ကျွန်တော် ရန်ကုန်က  AZ  ဖလင် ကာလာခွဲခန်းထဲ  ထိုင်နေတုန်းမှာ  ပန်းချီပိုပိုက တစ်ခါတည်း ရေးလိုက်တဲ့ပုံ။ သူ့အောက်က ပုံကိုတော့ ပန်းချီ ကြိုင်လင်းနိုင်ရေးတာ ”  လို့ ကိုအောင်ပွင့်က ပြောပြတယ်။ စကားပြောနေတုန်းမှာပဲ သူ့သမီးလေး “  လုံမငြိမ်းချမ်း  ” လာပို့ပေးတဲ့ ပန်းကန်ထဲက “ လှော်စာ ” ကို သူ မြုံ့နေပြန်တယ်။

မြစ်ဝကျွန်းပေါ်ရဲ့ ဓလေ့ထဲမှာ လှော်စာ စားတာလည်းပါတယ်လေ။  ထန်းမြစ်ကိုတော့ အညာဒေသက လူတချို့က မီးဖုတ်ပြီးစားကြတယ်။ မြစ်ဝကျွန်းပေါ်ဒေသရဲ့ တချို့နေရာမှာတော့ ထန်းမြစ်ကို ပြုတ်ပြီးစားလေ့ရှိတယ်။  ထန်းသီးစားကြတာလည်း အခုလိုရာသီမျိုးမှာပဲပေါ့။ မြေပဲပြုတ် ကြိုက်တတ်ကြတယ်။

ကျန်းမာရေး တော်တော်လေး  ထူးခြားကောင်းမွန်စ, ပြုလာပြီး စကားလည်း သဲသဲကွဲကွဲ ပြောလာနိုင်ပြီဖြစ်တဲ့ ကိုအောင်ပွင့်ဟာ  ဆရာဝန်ကြီးပြောသလို  ပါးစပ်လှုပ်ရှားမှုလေ့ကျင့်တယ်။ ခြေလက်လှုပ်ရှားမှု လေ့ကျင့်တယ်။ ခုဆိုရင် လက်မှာ တုတ်ကောက် မကိုင်ဘဲ အိမ်ထဲမှာ တရွေ့ရွေ့ လျှောက်နိုင်စ ပြုနေပြီ။ ပါးစပ်လှုပ်ရှားမှုရဲ့ အကျိုးကြောင့် အစာအာဟာရကို မျိုချလို့ ရနိုင်လာပြီလေ။

သူငိုတယ်။
ကျွန်တော်လည်း မျက်ရည်ကျမိတယ်။
ကျွန်တော် အားပေးစကား ပြောရတာပေါ့။ အချင်းချင်း ဒီလိုပဲ အားပေးကြရတာပါပဲ။ ကျွန်တော် အခု သူ့လို အိပ်ရာထဲ မလဲသေးဘူး။ လှုပ်ရှားသွားလာနိုင်တုန်းမှာ လုပ်နိုင်တာလေးတွေ လုပ်နေမိ တာပါပဲ။ နိုင်ငံနဲ့ လူထုအပေါ် အများကြီး ကျွန်တော်တို့ တာဝန်ကျေချင်မှ ကျေမယ်။ ဒါပေမယ့် ကျွန်တော်တို့ တာဝန် ကျေနိုင်သလောက် ကျေခဲ့ကြပါတယ်လို့ပဲ ပြောချင်ပါတယ်
။ သူ့ကိုအားပေးတယ်။ နှစ်သိမ့်တယ်။ နှစ်ယောက်လုံး ဝမ်းနည်းနေကြတယ်။ 

ကိုအောင်ပွင့်ရဲ့ ဇနီးဖြစ်သူ ဒေါ်နန်းညွန့်ရွှေ ပြင်ဆင်ပေးတဲ့ နေ့လယ်စာ ထမင်းဟင်းကိုလည်း ဖြည်းဖြည်းချင်း သူစားနိုင်စ ပြုတာကိုပဲ ကျွန်တော် ဝမ်းသာရတော့မှာပဲ။ သူက  သူနဲ့အတူ ထမင်းစားစေချင်တယ်။ ကျွန်တော်နဲ့အတူ ဇနီးရယ်၊ တူမလေး မိသားစုရယ်  ပုသိမ်နဲ့ ချောင်းသာကို အလည်လိုက်လာကြတော့ သူတို့ တစ်ခါမှ မစားဘူးသေးတဲ့  ပုသိမ်မြို့ထဲက “  နှင်းဝေလွင် ” ဆိုင်မှာ နေ့လယ်စာ သွားကျွေးလိုက်တယ်။ ပြီးမှ ကိုအောင်ပွင့်ဆီကို ကျွန်တော် ပြန်လာခဲ့တယ်။

“ ကိုဖော်ဝေးတို့၊ ကိုရန်ပိုင်တို့၊ မြေချစ်သူတို့ သက်ရှိထင်ရှား ရှိကြရင်လည်း ကျွန်တော်တို့လိုပဲ ငြိမ်းချမ်းရေးကို  တောင်းဆိုတဲ့ စာတွေ၊ ကဗျာတွေ ရေးကြမှာပဲ ” လို့ သူကပြောတယ်။

“  ဟုတ်တယ် .. ကျွန်တော်တို့ထဲက တဖြုတ်ဖြုတ်တော့ ကြွေပြီးရင်း ကြွေနေတာပဲ၊    ဟိုတလောဆီက  ဆရာမင်းသစ်ဆုံးတယ်လေ .. ကိုအောင်ပွင့် သိမှာပေါ့  ”

“  ကြားတယ် .. ကျွန်တော်ကြားတယ် .. ကိုမင်းသစ် ဆုံးတယ်တဲ့  ”
“  ဘာပဲဖြစ်ဖြစ်  ..  မျှော်လင့်ချက်နဲ့ ယုံကြည်ချက်တော့ ရှိရမှာပဲ  ”
“  ယုံကြည်တယ်ဗျာ .. ဒေါ်အောင်ဆန်းစုကြည်ကို ခင်ဗျားတို့ ကျွန်တော်တို့ ဝိုင်းဝန်းပြီး တတ်နိုင်တဲ့ဘက်က ရပ်တည်ပေးကြရမှာပဲ  ”ကိုအောင်ပွင့်က လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့ငြိမ်းချမ်းရေး လှုပ်ရှားမှုတွေကို သူယုံကြည်တဲ့အကြောင်း တဖွဖွပြောပါတယ်။  

ကိုအောင်ပွင့် အိမ်ခန်းထဲက စားပွဲပေါ်မှာ ပန်းစိုက်အိုးနဲ့ တွေ့ရတဲ့ ပန်းပွင့် အဖြူတွေကလည်း ငြိမ်းချမ်းမှု သင်္ကေတတွေပါပဲ။ နယ်သာလန်နိုင်ငံမှာ နေထိုင်ကြတဲ့ သူ့မိတ်ဆွေ ပီတာတို့ ကာရင်းတို့ ဇနီးမောင်နှံ စင်ကာပူနိုင်ငံကို အဝင်မှာ ဒီပန်းတွေ ဝယ်လာပြီး ပုသိမ်အထိ တကူးတက လာပေးသွားတဲ့  “  ပန်းလက်ဆောင် ” တွေ။ ပီတာတို့ စီစဉ်ထုတ်ဝေတဲ့  “  BURMA  STORY  BOOK ”   စာအုပ်ထဲမှာလည်း ကိုအောင်ပွင့်ရဲ့  ကဗျာတွေပါတယ်လေ။

ကိုအောင့်ပွင့် အခန်းရဲ့  နံရံမှာ ချိတ်ဆွဲထားတဲ့  ပုံ  ( ၃ ) ပုံမှာ ကရင်တိုင်းရင်းသား ခေါင်းဆောင်
စောဘဦးကြီး
မန်းဘဇံနဲ့
ဖဒိုမန်းရှာ တို့ကိုတွေ့ရတယ်။

ပြည်တွင်းငြိမ်းချမ်းရေး၊ ညီညွတ်ရေးနဲ့ ပတ်သက်ပြီး  ကရင်တိုင်းရင်းသား ခေါင်းဆောင် စောထွန်းစိန်က ၁၉၆၂ ခုနှစ် ဧပြီလ ထုတ်  “  မြဝတီ  ”  မဂ္ဂဇင်း ထဲမှာ ရေးသွားတဲ့ ဆောင်းပါး တစ်ပုဒ်အကြောင်း ကျွန်တော်တို့ ပြောမိကြတယ်။

 စောထွန်းစိန်ရဲ့ ဆောင်းပါးခေါင်းစဉ်က ဘယ်လိုလဲဆိုတော့  .. ကရင်အမျိုးသား တစ်ဦး၏ တော်လှန်ရေး အတွေ့ အကြုံများ ”တဲ့။
“  ဆောင်းပါးကောင်း တစ်ပုဒ်ပဲ .. ကရင်တိုင်းရင်းသား ခေါင်းဆောင်တွေက အနုပညာနဲ့ လက်ပွန်းတတီး အမြဲရှိတယ်။ မန်းဝင်းမောင်၊ ဖဒိုမန်းရှာ  စသဖြင့်ပေါ့ ”
 “  ဟုတ်တယ်ဗျ .. စောထွန်းစိန်ရေးတဲ့ထဲမှာဆိုရင် ဟောဒီ့  မြစ်ဝကျွန်းပေါ် ဒေသမှာ မြန်မာနိုင်ငံ လွတ်လပ်ရေးရဖို့ ကျိုးပမ်းနေကြတုန်းကာလက ဖြစ်ခဲ့ရတဲ့ လူမျိုးရေးပြဿနာကို ဗိုလ်ချုပ်အောင်ဆန်းက ပြေလည်အောင် ဘယ်လို စွမ်းဆောင်သွားတယ်ဆိုတာကို ရေးသွားတာ ”

 ကိုဆောင်း ဖတ်ရသမျှ  အကျဉ်းအားဖြင့်ပေါ့ ပြောပြပါလား ”
“  စောထွန်းစိန်က ပုသိမ်မြို့ ကိုလာတယ်။ စောစံဖိုးသင်နဲ့တွေ့တယ်။ အင်္ဂလိပ် အစိုးရဘက်က စစ်အုပ်ချုပ်ရေး တာဝန်ရှိသူတွေကို လက်နက်တွေ အပ်ဖို့ပြောတဲ့အကြောင်း စောစံဖိုးသင်ဆီက သိလိုက်ရတယ်။ ဒီလက်နက်တွေက ဗမာ့ကာကွယ်ရေး တပ်မတော်ကပေးထားတဲ့ လက်နက်တွေဆိုတော့ ဗိုလ်ချုပ်အောင်ဆန်းကိုပဲ ပြန်အပ်ရမှာ။ ဒါနဲ့ စောထွန်းစိန်က သူ့တပ်က တပ်မှူးနှစ်ယောက်ကို  လှေငှားခိုင်းတယ်။ လက်နက်ခဲယမ်းတွေတင်ပြီး  မြောင်းမြကို ပြန်ခဲ့တယ်။ မြောင်းမြမြို့မှာ စောထွန်းစိန်ရဲ့ တပ်တွေလည်း ပြန်ရောက်နေကြပြီ။ မကြာခင်မှာ အင်္ဂလိပ်အပါအဝင်  မဟာမိတ်စစ်တပ်တွေလည်း ပုသိမ်မြို့ ကို  ရောက်လာကြတယ်။

န်ကုန်မှာရှိတဲ့ ဗမာ့ကာကွယ်ရေး တပ်မတော်စစ်ဌာနချုပ်နဲ့ဆက်သွယ်ဖို့ စောထွန်းစိန်က ဝါးခယ်မကတစ်ဆင့်  ရန်ကုန်ကို ထွက်လာခဲ့တယ်။ ရန်ကုန်ရောက်တော့ ဖျာပုံခရိုင်ထဲမှာ ပြဿနာတွေ ဖြစ်နေတာ သတင်းရတယ်။ ဖျာပုံမှာ ဗိုလ်ဘစိန်ရဲ့ တပ်ရှိတယ်။ ဘိုကလေးမြို့နယ်မှာတော့ ဗိုလ်မှူးကြီးကြည်ဝင်း တပ်တွေချထားတယ်။ ရန်ကုန်က ကွပ်ကဲနေတာကတော့ ဗိုလ်ချုပ်အောင်ဆန်း၊ဗိုလ်မှူးချုပ်အောင်ကြီး၊ ဗိုလ်မှူးကြီးလင်္ကျာနဲ့ ဗိုလ်ချုပ်နေဝင်းပဲ။

ဖျာပုံမြို့နယ်ထဲမှာ လူမျိုးရေး ပဋိပက္ခ ဖြစ်အောင် ကောလာဟလ သတင်းတွေ ဘယ်လို ထွက်နေလဲဆိုတော့  ခရစ်ယာန်ဘာသာဝင် ကရင်လူမျိုး သင်းအုပ်ဆရာကြီးတစ်ယောက်က  ဘိုကလေးမြို့ အောက်ဘက်မှာရှိတဲ့  စက်ဆန်းရွာကို ဈေးဝယ်ဖို့သွားတာ  ဆရာကြီးကို မြန်မာ ရွာသားတွေက မသင်္ကာလို့ ဆိုပြီး သတ်တယ် ဆိုတဲ့ ကောလာဟလ သတင်းတွေထွက်နေတယ်။ ဒါကို ယုံတဲ့ ကရင်တိုင်းရင်းသား တချို့က ပင်လယ်ကမ်းခြေပိုင်းမှာရှိတဲ့ မြန်မာရွာတွေကို ဝင်တိုက်နေကြပြီ။

ဗိုလ်မှူးချုပ်အောင်ကြီးကလည်း အလံနီ ကွန်မြူနစ် ခေါင်းဆောင် သခင်စိုးကြီးရှိတဲ့ ပရိုက်ကျွဲကူးရွာကို သွားတွေ့ပြီး လက်နက်တွေကို ထိန်းထိန်းသိမ်းသိမ်း ထားဖို့ မှာခဲ့သေးတယ်။  ဘယ်သူ့ကိုမှ အရမ်းထုတ်မပေးဖို့ မှာခဲ့သေးတယ်။ ဒီပြဿနာတွေ ဖြစ်နေတာ ကြားတော့ ရန်ကုန်စစ်ရုံးချုပ်မှာ ရှိနေတဲ့ ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင် မြစ်ဝကျွန်းပေါ်ဒေသကို ဆင်းလာခဲ့တယ်။ ဖျာပုံမြို့ကို ရေတပ်သင်္ဘောနဲ့ လာခဲ့တယ်။ စောထွန်းစိန်လည်းလိုက်ခဲ့ရတယ်။

ဘို ကလေးမြို့ကို ရေတပ်သင်္ဘောဆိုက်တော့  လူထုကြီးက ဗိုလ်ချုပ်အောင်ဆန်းကို ကြိုဆိုကြတယ်။ ဗိုလ်ချုပ်အောင်ဆန်းက ဘိုကလေးမြို့အောက်ဘက်မှာရှိတဲ့ ရွာတွေအခြေအနေကို လိုက်ကြည့်တယ်။ ကရင်တိုင်းရင်းသားတွေနေတဲ့ လေးပင်ချောင်ရွာ ရောက်တော့ သူကြီးနာမည်က ကျားကြီးတဲ့။ ဗိုလ်ချုပ်အောင်ဆန်းက သူကြီးနဲ့ ရွာသားတွေကို ဘာမှမပြောသေးဘဲ သူကြီးမိသားစုနဲ့အတူ ဝိုင်းဖွဲ့ပြီး ငါးပိရည်ကောင်းကောင်း၊ တို့စရာစုံစုံနဲ့ ထမင်းလက်ဆုံ စားလိုက်တယ်။ ဒါကို ဒီသတင်းကို ကရင်တိုင်းရင်းသားတွေ ကြားတော့ ရွာထဲရောက်လာပြီး တအံ့တဩ စုပြုံတိုးဝှေ့ပြီး လာကြည့်ကြတယ်။ ဗိုလ်ချုပ်က ငါးရှဉ့် ဟင်းနဲ့ ငရုတ်ကောင်း စပ်စပ် ချက်တာကို ကြိုက်တဲ့အကြောင်း၊ ငါးပိရည်တို့စရာနဲ့ အခုလိုရွာတွေ လျှောက်ပြီး ထမင်းစားရတာမြိန်တဲ့အကြောင်း ပြောတယ်။ ရွာက သူကြီးရဲ့ သားလေးကိုလည်း ရန်ကုန်မှာ ကျောင်းကောင်း ကောင်း ထားပေးမယ်လို့ပြောတော့ ရွာသူရွာသားတွေကပါ  ဗိုလ်ချုပ်ရဲ့ ရင်းနှီး နွေးထွေးမှုကို သဘောကျသွားကြတယ်။ သူကြီးကို ရွာသူ၊ရွာသားတွေရှေ့မှာ ဗိုလ်ချုပ်အောင်ဆန်းက ကောင်းကောင်းမွန်မွန် နှုတ်ဆက်တယ်။

စာထွန်းစိန်ကိုလည်း ရွာသူ၊ရွာသား၊နယ်သူ၊နယ်သား အားလုံးကို စောင့်ရှောက် ပါလို့မှာခဲ့တယ်။ ဒီကပြန်သွားပြီးရင် နယ်မြေ လုံခြုံရေးအတွက် တပ်တွေ အလုံအလောက် ပို့လိုက်မယ် လို့လည်း စောထွန်းစိန်ကို ပြောပြီး အဲဒီ့ရွာမှာပဲ စောထွန်းစိန်ကို နေရစ်ခဲ့ လို့ အမိန့်ပေးခဲ့တယ်။  ရေတပ်သင်္ဘောနဲ့ ဗိုလ်ချုပ် ပြန်သွားပြီးနောက်ပိုင်းမှာ စောထွန်းစိန်က နယ်သူ၊နယ်သားတွေကို ခင်ဗျားတို့ ကြားတဲ့ ကရင်လူမျိုးခရစ်ယာန်သင်းအုပ်ဆရာကြီးကို  မြန်မာရွာသားတွေ  သတ်တယ်ဆိုတဲ့ သတင်းက မမှန်ဘူး၊ နိုင်ငံရေးရှုပ်ထွေးစေချင်တဲ့ သူတွေက မမှန်ကန်တဲ့ သတင်းမှားတွေ လျှောက်လွှင့်နေတာ သတိထားကြပါ။ ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင်က   ခင်ဗျားတို့ကို  စေတနာ သိပ်ထားတဲ့ အကြောင်း စသဖြင့်ပြောပြတယ်တဲ့။

နောက်ပိုင်းမှာ အခြေအနေတွေ တဖြည်းဖြည်းငြိမ်သွားတယ်၊ ကောင်းသွားတယ်လို့ စောထွန်းစိန်က ရေးထားတာပါ။ ဗိုလ်ချုပ်အောင်ဆန်းနဲ့ မြစ်ဝကျွန်းပေါ်ဒေသဟာလည်း ရှေးကတည်းက နားလည်မှု ရှိခဲ့ကြတယ်။ သူ့ကိုလူထုက ယုံကြည်တယ်ဆိုတဲ့ သဘောပါပဲ ” လို့ ကျွန်တော် ပြောပြနေမိပါတယ်။

ကိုအောင်ပွင့် ကလည်း ..
“  ကျွန်တော်ငယ်ငယ်က ကျွန်တော်တို့ဇာတိ သာပေါင်းမြို့နယ် ဘုရားကုန်းရွာမှာ စာကြည့်တိုက်လေးရှိတယ်ဗျ။ စာအုပ်တစ်အုပ် ကျွန်တော် ဖတ်ရတယ်။ ဝိဓူရသခင်ချစ်မောင်ရေးတဲ့  “ ကမ္ဘာလှည့် သခင်ကိုယ်တော်မှိုင်း  ”  ဒီစာအုပ်က ငြိမ်းချမ်းရေးအတွက်ပဲ။ ဒီစာအုပ်ဖတ်နေရင်း ရွာမှာ မြင်လိုက်ရတဲ့ ရှုခင်းတွေကလည်း စိတ်မချမ်းသာစရာတွေပဲ။ ဘယ်ကမျောပါလာမှန်း မသိတဲ့ ယောက်ျားအလောင်း၊ မိန်းမအလောင်းတွေ  မြစ်ကြောင်းအတိုင် ရေစီးနဲ့ မျော, မျောလာတာ ခဏခဏ တွေ့ရတယ်ဗျာ။ ပြည်တွင်းစစ်ရဲ့ အနိဌာရုံ တွေပဲပေါ့ ကိုဆောင်းရာ ” လို့ပြောပါတယ်။

ပြီးတော့ သူ ကဆက်ပြောပြပါသေးတယ်။
“အကြောင်းကြောင်းတွေကြောင့် အိမ်ကမိသားစုနဲ့  ကျွန်တော်ဝေးကွာသွားရပြီဆိုရင် သူတို့နဲ့ပြန်တွေ့တဲ့အခါ သူတို့ကို ကျွန်တော် ပြောလေ့ပြောထရှိတယ်ဗျ။ အားလုံးနဲ့ ခွဲခွါနေရတဲ့ကိစ္စ အဖေ့ကို မပြောကြနဲ့၊ မင်းတို့ပြောချင်ရင် ငြိမ်းချမ်းရေးကိုပြောလို့”  ကိုအောင်ပွင့်က ပြောပြတယ်။

 အခုလောလောဆယ်မှာတော့ ကိုအောင့်ပွင့်ရဲ့ မိသားစုက ကိုအောင်ပွင့်ကို နီးနီး ကပ်ကပ် နေခွင့်ရကြပြီပေါ့ ” လို့ ကျွန်တော်က ပြောရင်း အိမ်အပေါ်ထပ် လှေကား အတက်အဆင်းထိပ်မှာ ချိတ်ထားတဲ့ သူ့ရဲ့ ရုပ်ပုံအောက်မှာတွေ့ရတဲ့  “  စိတ်ရှည်သည်းခံ ပြုပါ ကဗျာ့သာသနာ ” စာကြောင်းလေးကို လှမ်းကြည့်လိုက်မိတယ်။

“ပန်းချီရေးတဲ့ စန်းဇော်ထွေးလေ ..  သူက  ကျွန်တော့် အတွက် ရေးပေးထားတာ..
ကျွန်တော်ကလည်း သူ့အတွက် ခေါင်းစဉ်မပေးရသေးတဲ့ ဟောဒီ့ ကဗျာကို ရေးလိုက် မိတယ်ဗျ ”  လို့
ကိုအောင်ပွင့်က ပြောရင်း မကြာသေးခင် ၂၀၁၇ ခုနှစ် နိုဝင်ဘာလ [  ၁၂  ] ရက်ကမှ သူရေးထားတဲ့ ကဗျာကို ပြပါတယ်။ ကျွန်တော်က သူနားထောင်ရအောင် သူ့ရဲ့ ကဗျာကို အသံနဲ့ ရွတ်ဆို လိုက်မိပါတယ်။

စန်းဇော်ထွေးရေ …
မိုးသောက်လှပလင်းပြီး ဘေးကင်းကြစေ
စန်းဇော်ထွေးရေ …
လက်သီးတစ်ချက်နဲ့ တစ်ချက်ကြား
တုတ်တစ်ချက်နဲ့ တစ်ချက်ကြား
သုခဆိုတာ ရှိပါလားတဲ့
နန္ဒာစစ်အောင်က ရေးတတ်လိုက်တာ

စန်းဇော်ထွေးရေ …
ပင်လယ်နဲ့ဆက်စပ်နေတာ
အတိတ်ရဲ့မျှော်စင်တဲ့ကွ
ဌေးကြည် စလင်းက။

စန်းဇော်ထွေးရေ …
လူထူထူမှာ
လက်နက်တွေ များ
လက်နက်တွေ ပေါ
မောင်လင်းရိပ် မလိုလားသလို  
တို့လည်းမလိုလားကြဘူး။

စန်းဇော်ထွေးရေ …
ပြည်တွင်းစစ် အရှည်ကြာဆုံး နှစ် [ ၇ဝ ]
တိုင်းပြည်ဝေဒနာနဲ့ ရေးခဲ့တဲ့ ငါ့ကဗျာ
မောင်သန်းစိုး ( ချောက် )က
သူ့ဇာတိ သံဖြူဇရပ်မြို့ မှာလည်း
“  စစ် ”  ဆိုတဲ့အသံ
မကြားချင်တဲ့ မြို့တဲ့လေ။

စန်းဇော်ထွေးရေ …
ကိုဗဟိန်းရဲ့ မခင်ကြီး
မခင်ကြီးရဲ့ကိုဗဟိန်း
သူတို့ အတူနေခဲ့ဖူးတဲ့
ရန်ကုန် “  မြေနုလမ်း ”  အိမ်ကလေး
ရှိနေသေးလားလို့ သွားကြည့်ချင်မိတယ်။

ကိုဗဟိန်းက “  လ  ”  သာလိုက်တာ ဆိုတော့
ဆရာတာရာက “သူတော့ မခင်ကြီးကို လွမ်းပြီထင်တာ”
နိုင်ငံရေး ဆွေးနွေးရအောင်တဲ့လေ
သူတို့ တိုင်းပြည်ကို ချစ်ပုံများ။

စန်းဇော်ထွေးရေ …
လေထုညစ်ညမ်းမှုက
လူ့အခွင့်အရေး၊ ကျန်းမာရေး၊
သဘာဝပတ်ဝန်းကျင်တွေ ဆုံးရှုံးရပြီ။

စန်းဇော်ထွေးရေ ..
မင်းက ငါ့ကို  “ စိတ်ရှည် သည်းခံ ပြုပါ  ကဗျာ့ သာသနာ ”  တဲ့လေ
ပြီးတော့ ..
တစ်နေ့တာ အချိန်ဇယား ဆွဲပေးသွားတယ်။

“ပါကင်ဆန်” က ဆိုးတယ်ကွာ
အိပ်ပျော်မယ် မကြံသေးဘူး
အိပ်မက်ဆိုးတွေက မက်ပြီ။

ဟိုမှာ …
တောစိမ်းစိမ်း၊ တောင်စိမ်းစိမ်းတွေ
လှမ်းမြင်နေရတဲ့ မြစ်တစ်မြစ်
စီးဆင်းနေတဲ့ မင်းရဲ့ “  Recycle   ” ပန်းချီကားကို
ငါကြိုက်တယ်ဆိုတော့
အကြိုက်ချင်းတူတယ်ဆိုပြီး ငါ့ကိုပေးတယ်
ကြည့်မိတိုင်း ငါ့ဘဝအမောတွေ ပြေစေတယ်။

စန်းဇော်ထွေးရေ …
တို့ မြစ်ဝကျွန်းပေါ်
ကနစိုတောကို သိပ်လွမ်းတာပဲ
မြစ်ရေစီးထဲ သစ်ရိပ်က မျောပါမသွား
အလုံးစုံပျက်သုဉ်းခြင်းဆိုတာ
ဘယ်သူ့ကို ခြိမ်းခြောက်လို့လဲကွာ
တရားဓမ္မကို ပြောပြတာပါ။

“ ပါစတာညက် ” ရဲ့
“ ဒေါက်တာဇီဗားဂိုး  ” ဇာတ်ကားကြည့်ဖူးတယ်
ဦးနှောက် ဆေးကြောရေး စခန်းပို့ဖို့
ရထား ကျပ်ကျပ်သိပ်သိပ်ထဲမှာတောင်
ဖိုးဖိုး၊ဖွားဖွား အချစ်ပွားနိုင်သေးတာပဲ။

လားတစ်ကောင်၊ မြည်းတစ်ကောင်ရဲ့ မေးရိုးကို
ဂီတသံစဉ် ဖန်တီးထားတာ ငါခံစားရဖူးတယ်
“ စိတ်ရှည် သည်းခံ ပြုပါ  ကဗျာ့ သာသနာ  ” ဆိုတဲ့
မင်းရဲ့ကဗျာ  ငါ အမြဲ စွဲမြဲပါတယ်ကွာ။         

မေတ္တာဖြင့် မောင်အောင်ပွင့် 

သူ့ ကဗျာကို ကျွန်တော် ရွတ်ဆို ပြနေတုန်းမှာ သူတစ်ခါ ထပ်ပြီး မျက်ရည် ကျပြန်တယ်။
ကျွန်တော်လည်း ရင်ထဲမှာ ဆို့နင့်လာတာနဲ့ မျက်ရည် မထိန်းနိုင်ခဲ့ပြန်ဘူး။ ဓာတ်ပုံတွေထဲမှာ သွားဖြဲဖြဲ ရယ်ကျဲကျဲလေးနဲ့ အမြဲတမ်း ပြုံးနေတတ်တဲ့ ကျွန်တော့်ရဲ့ ရင်ထဲမှာ ငိုစရာတွေ အများကြီး ရှိနေတတ်တယ်ဆိုတာ ကျွန်တော့်ကိုယ် ကျွန်တော်ဖြင့် သိနေခဲ့တာ  ကာလတွေ ရှည်ကြာခဲ့ပြီလေ။

ဆောင်းဝင်းလတ်
ဒီဇင်ဘာ၊ ၂ဝ၁၇။

(ငြိမ်းချမ်းရေးကဗျာဆရာကြီးမောင်အောင်ပွင့်နှင့် စာရေးဆရာဆောင်းဝင်းလတ်တို့ရဲ့  တွေ့ဆုံမေးမြန်းမှုကို အပိုင်း(၂)ပိုင်းခွဲပြီး ဖော်ပြခဲ့တာဖြစ်ပါတယ်။ ယခင်အပတ်က ဖော်ပြခဲ့တဲ့ တွေ့ဆုံမေးမြန်းမှု အပိုင်း(၁)ကို ဒီနေရာမှာ  https://www.thefreedomwave.com/?p=6084  ဖတ်ရှုနိုင်ပါတယ်။)