ပရိုဖိုင် – နိုင်ဝင်းသီ

စစ်ကြိုခေတ် ပြဇာတ်မင်းသားဂိုက် ဖမ်းထားသော အဲဟိုလူကြီးကိုလည်း မနှစ်သက်။
ပွဲရှိရာအရပ်ကို တရှုံ့ရှုံ့နှင့်  အနံ့ခံနေကြသော ပွဲတိုင်းကျော် ကြွက်တွေကိုလည်း မနှစ်သက်။
ပီကာဆို၏ ချိုးငှက်ကို အမွေးအတောင်တွေ ကျွတ်ထွက်ကုန်အောင်
ဝိုင်းဆိတ်ကြသော လင်းတတွေကိုလည်း မနှစ်သက်။
အသစ်ယောင် ဆောင်ထားသော အနုပညာဖန်တီးမှုတွေကိုလည်း မနှစ်သက်။

( တစ် )

ပဒေသရာဇာနှင့် နတ်သျှင်နောင် ခေါင်းချရာ၊ ဒီဗရစ်တိုကွပ်မျက်ခံရရာ မြို့ကလေးမှာ သာမန် မိဘနှစ်ပါးက သူ့ကို မွေးဖွားခဲ့။ မွေးချင်းငါးယောက် ရှိသည့် အနက် တစ်ဦးတည်းသောသားဖြစ် ။ သူ့ကို မွေးဖွားသည့် အချိန်မှာ ဥက္ကာခဲအပိုင်းအစများ ကျလာခြင်း။ ကြယ်ပွင့်တွေ တဖွဲဖွဲ ကြွေကျခြင်းများမဖြစ်ခဲ့သော်လည်း အိမ်အောက်က ကြက်တအုပ်ကတော့ ထူးထူးခြားခြား အော်မြည်ခဲ့။ ဇာစ်မြစ်ကိုကြည့်လိုက်တော့ ကြက်ခြံထဲသို့ လင်းမြွေတကောင် ဝင်ရောက်လာခြင်းကြောင့်  ကြက်တွေဝရုန်းသုန်းကားဖြစ်ပြီး အော်ဟစ်ခြင်းဖြစ်ကြောင်း တွေ့ရှိရ။ အဘွားကိုးကွယ်သောဆရာတော် တွက်ချက်စီရင်ပေးထားသော ထန်းဖူးဇာတာတွင် အသက် ၁၂ဝ ရှည် စေသောဝ်ဟု ရေးသားထားတာကို တွေ့ရှိဖူး။ ငယ်စဉ်တောင်ကျေးက အမေးအမြန်းထူလှသောကြောင့် ဘကြီးဖြစ်သူက ဆေးတံကြီးနှင့် မကြာခဏ သူ့ကို ခေါက်ခဲ့။                 

( နှစ် )

ငယ်ဘဝကို ဂျင်ပေါက် ၊ ဂေါ်လီရိုက် ၊ သားရေကွင်းပစ်ပြီး ကြီးပြင်းလာခဲ့။ အစိုးရအသိအမှတ်ပြု တက္ကသိုလ် ကောလိပ်တခုခုမှဘွဲ့တွေ၊ ဒီပလိုမာတွေ တခုတလေပင် မရရှိခဲ့။ ငယ်စဉ်ကတည်းက မြန်မာစာ အလွန်ညံ့။ သင်္ချာမှာ သိပ်မစွံ။ သမိုင်းဆို နည်းနည်းလေးမှ စိတ်မဝင်စား။ ဖွံ့ဖြိုးရေးနှင့်  ပီတီချိန်ကိုသာ တအားစိတ်ဝင်စား။ ကျောင်းနှင့် ခပ်လှမ်းလှမ်းမှာရှိသော မန်ကျည်းပင် ကြီးပေါ်၌ကျီးကန်းဥတက်နှိုက်လေ့ရှိ။ အဖော်သိပ်ကောင်းလျှင် မန်ကျည်းပင်ဘေးရှိ ကျွဲတွေ ရေစိမ်လေ့ရှိသော ညိုညစ်ညစ် ရေအိုင်လေး၌ ရေကူးလေ့ရှိ။ တတောင်သာသာ နက်သော ကျွဲလူးအိုင်လေးမှာ ဒိုက်ဗင် အထိုးကောင်းသောကြောင့် ကျောက်တုံးနှင့် သွားဆောင် မိပြီး ယာဖက် မျက်ခုံးထက်မှာ သုံးချက်တိတိ ချုပ်ခဲ့ရ။

( သုံး )

ငွေများများပေးလျှင် ပျော်ရွှင်နေတတ်သောဇနီးတယောက်ရှိ။ ဆေးကျောင် တက်နေ သော သားတယောက်ရှိ။ အသံညောင် နာနာဖြစ်နေသောကြောင့် ဆိုင်ပို့ထားရသော ကက်ဆက်တလုံးရှိ။ ဂန္ဓလရာဇ်တိုင်းဖြစ် စက်ဘီးတစီးရှိ။ အိမ်တိုင်ရာရောက် ဒုက္ခလာပေးတတ်သော သူငယ်ချင်းအနည်းငယ်ရှိ။ မီးခိုးရောင် တိုက်ပုံတထည် ရှိ။ ဂျော့ဘုရင် တံဆိပ်ပါ ဒင်္ဂါးပြား သုံးလေးပြားရှိ။ ရေးဖွဲ့သမျှ စကားပြေအတိုအစလေးများကို ယုံယုံကြည်ကြည်နှင့် ထည့်ပေးနေသော မဂ္ဂဇင်း အနည်းငယ် ရှိ။ ရှယ်လီဟု ခေါ်လျှင် ညောင် … ညောင်ဟုထူးလေ့ရှိသော ကြောင်မလေးတကောင် ရှိ။

( လေး )

တခါတရံ စိတ်တို။ တခါတရံ စိတ်ရှည် ။ တခါတရံ မိန်းမနှင့် ရန်ဖြစ် ။ တခါတရံ သေတင်းကုပ်လေးကို သွား။ ခြေခင်းလက်ခင်းသာလျှင် ဘီယာဆိုင် သွား။ တခါတရံ တရားထိုင် ။ တခါတရံ အိမ်ကပန်းကန်တွေကို ရိုက်ခွဲ။ တခါတရံ စာလေးဘာလေး ရေး။ တခါတရံ ပဋ္ဌာန်း ၂၄ ပစ္စည်းကို ခပ်တည်တည်နှင့်  ရွတ်ဖတ် ။

( ငါး )

ဟယ်လီကြယ်တံခွန်ကို တကြိမ်ဆုံဖူး။ ဆူနာမီနှင့်  တကြိမ်တွေ့ဖူး။ နာဂစ်နှင့် တကြိမ် ကြုံခဲ့ဖူး။ လကြတ်သည်ကို ရှစ်ကြိမ်ခန့် တွေ့ခဲ့ဖူး။ စာပေကြွက်များနှင့်  စာပေယင် ကောင်များကိုတော့ မကြာခဏ ကြုံတွေ့ခဲ့ဖူး။ အောင်ဘာလေကို အမြဲတစေ အားပေးခဲ့ဖူး။ တော်ဖလာ၏ တတိယလှိုင်းထဲမှာ ဒလိမ့်ကောက်ကွေး မျောပါခဲ့ဖူး။ ဖရန်စစ် ဖူကူယားမားနှင့် ဆင်မြူယယ် ဟန်တင်တန်တို့၏ စစ်အေးကာလအလွန် အရေးအသားတွေကို ဖတ်ပြီး ခေါင်းထဲမှာ မူးနောက်နောက် ဖြစ်ခဲ့ဖူး

( ခြောက် )

ကဗျာဆရာများထဲတွင် …      

သြော် … ပြေအမှုပေမို့       
ငွေခရုနှင့်  ဇေယျတုပါကွယ့်        
သပြေနုချိန် တင်ရန် ပန်းတွေကလည်း များပါဘိသနဲ့        
ဖေ ပု ရှိန် အင်္ဂလန် နန်းမြေသွားတို့ မှာဖြင့် ဟူသော

ဒေါင်းဋီကာကို ရေးဖွဲ့ခဲ့လေသော ဆရာကြီးသခင်ကိုယ်တော်မှိုင်းကို ခရေဇီအဖြစ်ဆုံးဖြစ် ။ ဟာရိုးလ်ရော်ဘင်နှင့်  လယ်တီပဏ္ဏီတကိုကြိုက် ။ ယူလီဆီးကို ဖတ်ပြီး အာရုံနောက်ခဲ့ဖူး။ မင်ဘူးဦးသြဘာသကိုလည်း အတော့်ကိုသဘောကျခဲ့။ သစ္စာနီကိုခိုက် ။ ချိုပြုံး၏ ပါးချိုင့်ခွက်လေးကို ခိုက် ။ ရှာရာပိုဗာကို ခိုက် ။

( ခုနှစ် )

ထစ်ခနဲရှိ ညူကလီးယားထိပ်ဖူးတပ် ဒုံးပျံလွှတ်ဖို့ ကြွေးကြော်နေသော ကင်ဂျုံအမ်ကို မကြိုက် ။ ကြက်ဆင်တကောင်နှင့်  ခပ်ဆင်ဆင်တူသော ဒေါ်နယ်ထရန့် ကိုလည်း သဘောမကျ။ အမြဲတမ်း ယောင်ဝါးဝါးလုပ် လေ့ရှိသော ဗလာဒီမာပူတင်ကိုလည်းသိပ် မကြိုက် ။ အရန်မီးသတ်တပ်ဖွဲ့လောက်မှ အလုပ်မဖြစ်သော ကုလသမဂ္ဂအဖွဲ့ကြီးကိုလည်း နည်းနည်းလေးမှ မကြိုက် ။ အင်ဂျလီနာဂျိုလီ၏ ကိုယ်ခန္ဓာအတိုင်းအထွာကိုစိတ် ဝင်စား။ ရှာရွန်စတုန်း၏ ပေါင်တံ အရှည်ကို စိတ်ဝင်စား။ ဟက်ဇ်ဘိုလာနှင့် ဂျီဟတ် အဖွဲ့လို အစွန်းရောက် စစ်သွေးကြွတွေကို အခြားဂြိုဟ်တခုခုသို့ ပြောင်းရွှေ့ပေးရေးကို စိတ်ဝင်စား။

( ရှစ် )

ဂစ်တာအနည်းငယ် တီးတတ် ။ တယောအနည်းငယ် ထိုးတတ် ။ စန္ဒယား အနည်းငယ် တီးတတ် ။ မယ်ဒလင် အနည်းငယ် တီးတတ် ။သီချင်းသုံးလေးပုဒ် ရေးဖွဲ့ခဲ့ဖူး။ အလင်္ကာ ကျော်စွာ ဆရာရွှေပြည်အေး၏ မိုးသီချင်းကိုနှစ်သက် ။ ဥသြဘသောင်းနှင့် ဘရစ်တနေစပီးယား၏ အဲလ်ဘမ်သစ်များကို နှစ်သက် ။ မီမီဝင်းဖေ၏ နွေရောက်မှာ ကြောက်တယ်ကို တအားသဘောကျ။ မေရှင်၏ ကျေးစေတမန်ကိုလည်း သဘောကျ။ ဂျာမန် စစ်ဗိုလ်ချုပ် ကြီးအာဝင် ရွမ်းမဲလ်ကို သဘောကျ။ အဖိနှိပ်ခံနင်းပြားတွေဘက်က အမြဲရပ်တည်ခဲ့သောမင်းသားကြီး ဦးရွှေဘ၏ အသတ်အပုတ် အထိုးအကြိတ်များကိုလည်း အထူးသဘောကျ။

( ကိုး )

ကားမမောင်းတတ် ။ လေယာဉ်ပျံ မမောင်းတတ်။ ဆိုင်ကယ်မစီးတတ်။ စက်ဘီးကိုပင် အပေါက်အလမ် တည့်အောင် မစီးတတ် ။ ပိုကာ မဒေါင်းတတ်။ ဟောလိဝုဒ် မကစားတတ် ။ ဘန်လတ်နှင့် ကိုးမီးကိုတော့ နာရေးအိမ် တအိမ်တွင် ခုနှစ်ရက် ခုနှစ်လီပြည့်အောင် ထိုင်ကစားခဲ့ဖူး။ 

( တစ်ဆယ် )

ဗန်ဂိုး၏ “အာလူးစားသူများ”ကို ကြည့်ပြီး “ဘဲဥစားသုံးသူများ ” အခရိုင်းလစ်တစ် ကားလောက် ရေးဆွဲရန် စိတ်ကူးစိတ်သမ်းရှိ။ ပန်းချီနှင့် ပတ်သက်လျှင် မိုင်ငါးဆယ်ခန့် အလှမ်းဝေးသူဖြစ်သောကြောင့်  ထိုအကြံကိုလက်လျှော့ခဲ့ရ။ တခါက ပါဖောမင့် လုပ်နေသောတိုက်ခန်းကို အိမ်ဆောက်ပစ္စည်း အရောင်းဆိုင်ဟုထင်မှတ်ပြီး မှားဝင်ခဲ့သောကြောင့် ပြပွဲစီစဉ်သူများ၏ ဆူပူ ငေါက်ငမ်းခြင်းကို ခံခဲ့ရ

( ဆယ့်တစ် )

သစ်ခွရောင်စုံ စိုက်ရန် ဝါသနာပါ။ ဂေါက်သီးရိုက် ဝါသနာပါ။ ဘောလုံးခရေဇီဖြစ်သော်လည်း ချောတိုင်တက်ခြင်းနှင့်  ခေါင်းအုံးရိုက် ခြင်းကို မနှစ်သက်။ ဒေသစွဲကြီးမားသော ကြွက်တွေကိုလည်း မနှစ်သက် ။ မိုးတွင်းဆို ဗွက်ပေါက်ပြီး နွေဘက်ဆိုဖုန်ထူသော မြို့သစ်ကလေးကိုလည်း မနှစ်သက် ။ နေ့ထုတ် သတင်းစာကို မွန်းလွဲပိုင်းမှ လာပို့ လေ့ရှိသော ပိန်ရှည်ရှည်နှင့် ငနဲကိုလည်း မနှစ်သက် ။ စစ်ကြိုခေတ် ပြဇာတ်မင်းသားဂိုက် ဖမ်းထားသော အဲဟိုလူကြီးကိုလည်း မနှစ် သက် ။ ပွဲရှိရာအရပ်ကို တရှုံ့ရှုံ့နှင့်  အနံ့ခံနေကြ သော ပွဲတိုင်းကျော် ကြွက်တွေကိုလည်း မနှစ်သက် ။ ပီကာဆို၏ ချိုးငှက်ကို အမွေးအတောင်တွေ ကျွတ်ထွက်ကုန်အောင် ဝိုင်းဆိတ်ကြသော လင်းတတွေကိုလည်း မနှစ်သက် ။ အသစ်ယောင် ဆောင်ထားသောအနုပညာဖန်တီးမှုတွေကိုလည်း မနှစ်သက် ။ အချိန်မမှန်သော နာရီများကိုလည်း မနှစ်သက် ။ ကလိုရိုဖလူရို ကာဘွန်ဓာတ်ငွေ့လှိုင်းများကိုလည်း မနှစ်သက် ။

( ဆယ့်နှစ် )

အခြေအနေပေးလျှင် ရှေ့ နေ၊ ခြင် ၊ ယင်ကောင် ၊ ကြွက်များနှင့်  မိုင်ငါးဆယ်ခန့်  ကွာဝေးသောနေရာ ဒေသလေး၌ သစ်သားအိမ်လေးတလုံးဆောက်ပြီး မိသားစုနှင့်အတူ နေထိုင်လို။ လီဟန်နီနှင့်  လသာညမှာ ကဖေးဆိုင်ထိုင်လို။ 

( ဆယ့်သုံး )

လန်ကာဝီ ( သို့မဟုတ် ) ကာရစ်ဘီယန် ကမ်းခြေသို့ အနားသွားယူလိုသောဆန္ဒတော့ရှိ။ လက်တွေ့ဘဝတွင် အနီးကလေး ဖြစ်သော လက်ခုပ်ကုန်းကမ်းခြေသို့ပင် အနားကပ်နိုင်သူမဟုတ် ။

( ဆယ့်လေး )

နောက် သုံးနှစ်အတွက် ကြိုတင်ခန့် မှန်းချက် …ကမ္ဘာကြီး၏ ဂေဟစံနစ်သာ ထူးထူးခြားခြား အပြောင်းအလဲမဖြစ်ခဲ့လျှင် သူ၏ဘဝသည်လည်း ဖြစ်မြဲအတိုင်းသာ ရှိလိမ့်မည်ဟု ခန့်မှန်းထား။   ။

 နိုင်ဝင်းသီ