မနက်ခင်း ဒိုင်ယာလော့ -နှင်းခါးမိုး

(အက်ဆေး)

တစုံတယောက်က သင့်ဆီ မနက်ခင်းလေးတခု ပို့လိုက်မည် ဆိုပါစို့။
ဘယ်လောက်ပျော်စရာကောင်းလိုက်မလဲ။

သိ မ်းထားမည်။ အဲဒီမနက်ခင်းလေးကို တမြတ်တနိုးသိမ်းဆည်းထားမည်။ ရှင်းသန့်တဲ့မနက်ခင်းလေး။ လန်းဆန်းတဲ့မနက်ခင်းလေ။ အေးမြတဲ့မနက်ခင်းလေး။ မျှော်လင့်ချက်တွေနဲ့ မနက်ခင်းလေး။ အားမာန်တွေနဲ့ မနက်ခင်းလေး။ ဒီမနက်ခင်းလေးမှာ အပြုံးစစပါမည်။ နုပျိုသောအလှပါမည်။ ဖော်ရွေနှစ်သိမ့်မှုများပါမည်။ ပြီးတော့ ဒီမနက်ခင်းလေးက ပန်းချီကားတချပ်ဆိုပါစို့။ ကဗျာတပုဒ်လည်းဖြစ်သည်ဆိုပါစို့။ မျဉ်းတွေကို စကားလုံးတွေဖြင့် ဖလှယ်ယူမည်။

ရောင်တွေကို အသံတို့ဖြင့် ဖလှယ်ယူမည်။ နှလုံးသားကိုတော့ နှလုံးသားဖြင့်သာ ဖလှယ်ယူမည်လေ။ကျနော့် မျက်ခွံတွေက လေးလံကျလာချင်သည်။ ဒီအချိန်ကျမှ ဘယ်အိပ်လို့ဖြစ်ပါတော့မလဲ။ မိုးလင်းပြီလေ။ မီးဖိုခန်းထဲဝင်ကာ ထမင်းကြော်ဖို့စဉ်းစားသည်။ ကော်ဖီကျကျတခွက်သောက်မည်။ သိပ်အိပ်ချင်လာပြီဆိုလျင်တော့ နေလည်စာစားပြီချိန်ကျမှ တရေးလောက်မှေးလိုက်မည်။

ခုတလော အိပ်လို့မပျော်ဘူးဗျာ။ သူငယ်ချင်းဖြစ်သူက ကျနော့်မျက်နှာကို တိတ်ဆိတ်စွာဖတ်ရှုနေသည်။ တရေးနိုးရင် လန့်လန့်နိုးတယ်။ ပြီးတော့ ရင်တွေတဒုန်းဒုန်းတုန်ပြီး ပြန်အိပ်လို့မရတော့ဘူး။ ပြောရင်း အသက်ရှူရသည်ပင် မဝ။ သက်ပြင်းရှည်ကြီးတခု အားယူချလိုက်ရသည်။ အဝေးတနေရာကိုငေးရင်း တိုးလျဖွမောစွာ စကားဆက်နေမိသည်။ စာရေးစာဖတ်လည်း လုပ်လို့မရဘူးဗျာ၊ စိတ်က တည်လို့မရဘူး။ ကိုယ့်ကိုယ်ကိုယ် ရက်ရက်စက်စက်မောင်းနှင်ခဲ့ဘူးသော နေ့ရက်များကို သတိရသည်။ ဒီတုန်းကတော့ မြင်းရိုင်းတကောင်လို၊ တောနင်းဂျစ်ကားတစီးလို ယုံကြည်မှုအပြည့်ရှိခဲ့သည်မဟုတ်လား

နထွက်သည်။ နေဝင်သည်။ မိုးလင်းသည်။ မိုးချုပ်သည်။ အရုဏ်လင်းချိန်နှင့် ညနေဆည်းဆာရီများ။ နေ့တနေ့ဆိုသည်ပင် ဘဝအသေးစားလေးတခုဟု ဆိုရလေမည်လား။ ဘဝတခုထဲမှာတော့ နေ့ရက်ပေါင်းများစွာကို ဖြတ်သန်းရှင်သန်နေရသည်။ နေ့တလှည့်။ ညတလှည့်။ ငြင်းဆန်လို့မှ မရပဲလေ။

လူတွေအားလုံးအိပ်နေတဲ့အချိန် လမ်းတွေပေါ်မှာ တယောက်တည်းလျှောက်နေရတာ ကျနော်က သဘောကျတယ်။ အရုဏ်အလင်းရိပ်တခြမ်းကျနေသည့် သူမ၏မျက်နှာတစောင်းကို ငေးမောနေမိသည်။ ကျမ ကောပဲ။ ဒီစကားသံက ကျနော့်သွေ့ခြောက်မှုတွေကို အိပျောင်းလာစေသည်။ ဒါကြောင့်လည်း ကျမတို့ ခုလို လာဆုံကြတာပေါ့နော်။

ဒီ လမ်းတွေရဲ့အဆုံးမှာ လက်ဖက်ရည်ဆိုင်လေးတဆိုင် ရှိနိုင်သည်။ မနက်ခင်းဂိတ်ထိုးဖို့သွားတဲ့ သစ်သားဘတ်စ်ကားအိုကြီးတွေ ရံခါဖြတ်မောင်းသွားလေ့ရှိတဲ့ ခုံပုလေးတွေခင်းထားရာ လမ်းဘေးဆိုင်လေးတဆိုင်ပေါ့။ အဲဒီမှာ သူမနှင့်ကျနော် ဘာစကားမှမပြောပဲ ငြိမ်ဆိတ်စွာ ထိုင်နေကြမည်။ သန့်ရှင်းတဲ့လေထုက တဖြည်းဖြည်း အရောင်တွေ၊ အသံတွေ၊ အနံ့တွေနဲ့ ထူသိပ်လာတဲ့အထိပေါ့။ ကျနော်က အဲဒီလို ဘဝဆန်တဲ့လေကိုသာ တောင့်တပါတယ်

ပြတင်းပေါက်တပေါက်ပွင့်လာသည်။ မိန်းမပျိုတဦး ပြတင်းဝမှာပေါ်လာသည်။ ဆံနွယ်ဖွာရရာ၊ မှုံနံ့သာမပြယ့်တပြယ်နှင့်။ နိုးထစလောကကြီးကို နှစ်သက်လိုလားစွာ ကိုယ်လက်ဆန့်ခါရင်း နှုတ်ဆက်နေသည်။ ညလှောင်အိမ်ထဲက လွတ်မြောက်လာသည့် ငှက်ကလေးတကောင်ပမာ။ အိပ်ခန်းကျဉ်းလေးထဲမှာ တံခါးတို့အလုံပိတ်လျက် လူတယောက်အိပ်စက်နေသည်။ မနက်ခင်းက တံခါးခေါက်သော်လည်း သူ မနိုး။ သူ့ဘေးမှာ စာအုပ်တအုပ်ကပွင့်လျက်သား။ ရေဒီယိုက တကျီကျီမြည်နေသည်။ ဝါကျင်ကျင်မီးလုံးလေးက လင်းပွင့်ဆဲ။ မိုးလင်းကာနီးမှ အလဲထိုးခံလိုက်ရသည့် ည၏ သားကောင်တဦး။

က တညလုံးနှင်းတွေကျတယ်။ ခုမနက်တော့ နေရောင်ကိုမြင်ရတယ်။ အီကွေတာမနက်ခင်းထံ ကျနော်သတင်းပို့လိုက်သည်။ နှင်းထုထဲမှာ ခက်ခက်ခဲခဲလျှောက်လာရသည်။ သုညအောက်အအေးဒီဂရီကို ခုတော့ မမှုတော့ပြီ။ မြောက်ဝင်ရိုးစွန်းရဲ့ မနက်ခင်းအောက်မှာ အိမ်တွေကအလုံပိတ်လျက် နှင်းတို့ပြိုပိနေကာ ဝံပုလွေဂူပေါက်တွေနှင့်တူနေသည်ဟု ခံစားမိသည်။ မြင်ကွင်းကျယ် မှန်တံခါးတခုနောက်ကနေ နေရောင်ကို နှလုံးသားဖြင့် ကျနော်လှမ်းလှုံသည်။

ကြည့်လိုက်စမ်းပါကွယ်။ ကြမ်းတမ်းဆိုးဝါးတဲ့ရာသီရဲ့ မာကျောအေးစက်တဲ့ရေခဲပြင်ပေါ်မှာတောင် နွေးထွေးမှုရဲ့ အလှတရားကို တွေ့နိုင်သေးရဲ့။ နေရောင်လင်းပွင့်လာတဲ့အခါ မင်းပြုဖွယ်ရှိသည်တို့ကို ပြုပါလေ တဲ့။ စာတိုလေးပေမယ့် ရင်ထဲမှာ ကဗျာတောင်ပံခတ်သံတွေ ကြားနေရသည်။ ကျေးဇူးတင်ပါတယ်။ ဆောင်းရာသီ၏ ရှည်လျားသောညတာတို့နှင့်လည်း ခုတော့ ယဉ်ပါးခဲ့ရပြီ မဟုတ်ပါလား။

မှာင်စမ်းပါစေ၊ ကျနော်နေတတ်နေပါပြီ။ ရင့်ကျက်သွားတာလား၊ ထုံအ အေးခဲသွားတာလားလို့ အမေးခံရတော့ တည်ငြိမ်စွာ ကျနော်ပြုံးလိုက်မိသည်။ နေ့နဲ့ညကို သဘာဝရဲ့ အလင်းအမှောင်တွေနဲ့ ကျနော်မခွဲတော့ဘူး။ ကျနော့်ရဲ့အိပ်ချိန် နိုးချိန်တွေနဲ့ပဲ ကျနော်ခွဲတယ်။ ဘယ်လောက်ရှည်တဲ့ညဖြစ်ဖြစ် ကျနော်နိုးထနေသရွေ့တော့ ညလို့မခေါ်နိုင်ဘူးလေ

ပုံကားချပ်ထဲမှာတော့ ပင်လယ်ရေပင်လျှင် ငြိမ်သက်လျက်။ ကောင်းကင်မှာ ဆေးသားမဲမဲတွေ ခဲပျစ်နေဆဲ။ ရွှေအိုရောင်အလင်းစတို့က ဟိုတစဒီတစ ထိုးခွဲဖိတ်အန်ကျနေတာတွေ့ရသည်။ ဟိုးအဝေးမှ အိပ်မောကျသောကျွန်းတန်းကလေးက မပြောဖြစ်သေးသည့်စကားများစွာကို သိမ်းဆည်းထားသည့်နှယ်။ လရောင်စွန့်ခွာသွားသောသဲသောင်ပြင်ကတော့ လွမ်းစရာပေပဲ။

လို မနက်ခင်းလေး။ ကျနော်တို့ လမ်းတွေလျောက်ခဲ့ကြပြီးပြီ။ ဒီမနက်စာကိုတော့ တယောက်ယောက်ကကျွေးမှဖြစ်မယ်။ ပျော်ရွှင်စွာ ကျနော်တို့ ငြင်းခုန်ကြသည်။

ကဲ ပြီးတော့ကော။
သိဘူးလေ။
အရာရာကို အားလုံးအသစ်ကပြန်စကြမယ်။
ဘာသံမှမကြားတော့။ မနက်ခင်းလေးက တိတ်ဆိတ်နေသည်။
ဒီအချိန်မှာ ညကအကြောင်းတွေ ပြန်မပြောချင်တော့ပါ။

နှင်းခါးမိုး

http://nykomme.blogspot.com/2008/06/blog-post.html
https://www.facebook.com/nhinn.k.moe