ကဗျာဆရာမောင်အောင်ပွင့်နှင့်
စကားစမြည်(၁) – ဆောင်းဝင်းလတ်

ပန်းချီ အာကာဦး

“ကဗျာဆရာ တစ်ယောက်ရဲ့ ဒေသိယ SKETCH 
(သို့မဟုတ်)
မောင်အောင်ပွင့်နဲ့ အံ့အားတသင့် စကားလုံးများ”လို့ အမည်ပေးထားတဲ့ 
ငြိမ်းချမ်းရေးကဗျာဆရာကြီး မောင်အောင်ပွင့်နဲ့ 
စာရေးဆရာဆောင်းဝင်းလတ်တို့ရဲ့  တွေ့ဆုံမေးမြန်းမှုကို 
အပိုင်း(၂)ပိုင်းခွဲပြီးတော့ ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

အပိုင်း(၁) 

“ကိုဆောင်းကတော့ ကောင်းကောင်း ကြုံဖူးလိုက်မှာပါပဲ။ ကျွန်တော်တို့ မြစ်ဝကျွန်းပေါ်မှာပဲ ရွှေလင်းယုန်၊ထော်ပိုင် စစ်ဆင်ရေးတွေ၊ တိုက်ပွဲတွေ၊ သေကြေ ပျက်စီး ဆုံးရှုံး သွားတာတွေလေ”
“၁၉၇ဝ ခုနှစ်ဗျ။  ရွှေလင်းယုန် အဆင့် ( ၈ )၊ မိုးဟိန်း အဆင့် ( ၅ ) ဆိုပြီး အတော်ကြီးမားတဲ့ တိုက်ပွဲတွေပေါ့။ ဒီဘက်ပိုင်းရော ဗိုလ်ကလေး၊ ဖျာပုံ၊ မအူပင်၊ ကျိုက်လတ်၊ မော်ကျွန်း ဘက်ဆိုရင် ရာဇူဒိုင်မြစ်လည်း ပါတာပေါ့။ ပြည်တွင်းစစ်မှာပဲ  ကျသွားတဲ့ထဲမှာ ကရင်တိုင်းရင်းသား  လက်နက်ကိုင်တွေထဲက စောချစ်လေးမောင်ဆိုရင် လှည်းဆိပ်ဘက်မှာ ကျဆုံးသွားတာ”

ကဗျာဆရာ “ ခေဇက် ” က [ ၁၁ – ၁၁ – ၂၀၁၇ ] မှာ  “ဆရာမောင်အောင်ပွင့် မွေးနေ့ အမှတ်တရ” ဆိုပြီး  ဒီကဗျာကို ရေးခဲ့တယ်။

သက်ရှိထင်ရှား
ပုရွက်ဆိတ်တစ်ကောင်လို 
တကုပ်ကုပ် တလှုပ်လှုပ်တွားသွား
သောကတွေ မျှော်လင့်ချက်တွေနဲ့
ငြိမ်းချမ်းရေးကို မျှော်၍ 
“ဒီနေ့ မဟုတ်ရင် ဘယ်နေ့လုပ်ကြမှာလဲ ဖင့်နွဲ့မနေကြနဲ့တော့”

စစ်မီးတွေထဲမှာအမေပျောက်ခဲ့တယ်
သားရဲ့ ပျိုမြစ်မှုလည်းပျောက်
သမီးလေးရဲ့ မင်္ဂလာပွဲလည်းပျောက်
တောင်ဇလပ်ဖြူရဲ့ မွှေးရနံ့တွေလည်း အကြာကြီးပျောက်
သူ့ကိုယ်သူ မပျောက်ဖို့တောင်
နောက်က၊ ပျောက်ရှခဲ့တဲ့ စတေးနှစ်တွေထဲ
ပုရွက်ဆိတ်တစ်ကောင်လို တလှုပ်လှုပ်ရှေ့ဆက်

အပ်မက်ကနေ ဝေဝေဝါးဝါး
ဝေဝါး ကနေ, ထင်ထင်
ငြိမ်းချမ်းရေးကိုမြင်မက်
သူ့ထက်ချစ်သူတောင် သူ့လောက်ချစ်ပါ့မလား
ယုံကြည်ချက်ဟာ သူ့နှလုံးသားဖြစ်တယ်
တစ်ဘဝလုံးပုံထားခဲ့တာ
“ပင်လုံ ”ကို သူ ရင်ခုန်တာပေါ့

“၈၈ ” ခုံတန်းလေးထက် 
အတူထိုင်ဖက် ရဲဘော်တွေလည်း “ ကျ ” ကုန်
ဆရာတွေနဲ့ ရေးဖက်တချို့လည်း ပျောက်ကုန်
ညစာထိုင်ခုံအလွတ်တွေ များသထက် များမလာခင်
ငြိမ်းချမ်းရေးကို မြင်ချင်တယ်
အတိုင်ပင်ခံရဲ့ အဖေလည်းရှိစေချင်တယ်
သမ္မတကြီးရဲ့ အဖေလည်းရှိစေချင်တယ်
အဲ့ဒီညမျိုးမှာ နံပါတ်ဝမ်း ဘားမားလစ်ကြီးဆီက
ကွမ်းတစ်ယာလောက်မျှ မြုံ့ခွင့်ရရင်
ထိုင်ခုံမရလည်း ကိစ္စမရှိ 
လိုင်းမိတဲ့ ရေဒီယို တစ်လုံးလို .. သူပြုံးနေမှာ”  လို့ ရေးခဲ့တယ်။

ကဗျာခေါင်းစီးက 
“မောင်အောင်ပွင့် (သို့မဟုတ်) ငြိမ်းချမ်းရေး တံပိုး ခရာသံထိတိုင်း လိုင်းမိထားတဲ့ ရေဒီယိုတစ်လုံး” တဲ့။ 

ကို အောင်ပွင့်ရဲ့ “၇၂”  ပြည့်ပြီး “၁၆” ရက်အကြာ နိုဝင်ဘာလ “၂၈”  ရက်၊ ၂ဝ၁၇ နေ့ မနက်ပိုင်းမှာတော့ ရန်ကုန်ကနေပြီး ပုသိမ်မြို့ ဘက်ဆီ  ကျွန်တော် ခရီးထွက်လာခဲ့တယ်။ ကိုအောင်ပွင့်က ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ ဘုရားကုန်း ရွာသား။ ကျွန်တော်က မုတ်ကျွန်းဒေသလို့ခေါ်တဲ့  တစ်ချိန်က ဟံသာဝတီခရိုင်ထဲမှာရှိခဲ့ဖူးတဲ့  ကွမ်းခြံကုန်း မြို့နယ် အနွယ်ဝင်တစ်ယောက်ပါ။ ကျွန်တော်တို့ ဒေသနဲ့ မြစ်ဝကျွန်းပေါ်ဒေသ ဆိုတာ ရေကြောင်း မြေကြောင်းတွေ လက်ယှက်ထိုး ဆက်နွယ်နေတာလေ။ 

အခုအချိန်မှာ ကိုအောင်ပွင့်နဲ့ သူ့ရဲ့မိသားစု ကမ္ဘာလေးကို  တည်ဖွဲ့ထားတာကတော့ ပုသိမ်မြို့ ကျောက်ငူရပ်၊ မြို့ပတ်လမ်းမှာ ဖြစ်ပါတယ်။ ပုသိမ်ကို ကျွန်တော် မရောက်ဖြစ်တာ နည်းနည်းလေး ကြာသွားခဲ့လို့ ထင်ပါရဲ့။ မြင်ကွင်း တချို့လည်း နည်းနည်း ပြောင်းလည်းနေသလိုပါပဲ။ ငဝန်မြစ်ကတော့ တာဝန်ကျေစွာ စီးဆင်းနေဆဲပါပဲ။ 

၉၆၉ ခုနှစ်မှာ ပုသိမ်ကို ကျွန်တော် စပြီးရောက်ဖူးခဲ့တာ ပြန်တွေးနေမိတယ်။ ဟိုတုန်းက အခုလို ရန်ကုန်နဲ့ ပုသိမ် ဥဒဟို ကားလမ်းခရီး ရယ်လို ပေါက်ပေါက် မြောက်မြောက် မဖောက်ရသေးတဲ့ အချိန်လို့ ဆိုကြပါစို့ရဲ့။ အဲဒီတုန်းက စက်မှုလက်မှု သင်တန်း မတက်သေးခင် စပ်ကူးမတ်ကူးမှာ ပထမဆုံး ကျွန်တော် အလုပ်ဝင်ခဲ့ရတဲ့ သင်္ဘောက ပင်လယ်ပြင်ကိုလည်း သွားလို့ရသလို  မြစ်တွေထဲလည်း ခုတ်မောင်းလို့ ရတဲ့ သင်္ဘော တစ်စီးပါပဲ။ 

ပင်လယ်ပြင်ခရီးစဉ်တွေက ပြန်လာပြီး ရန်ကုန်မှာ သင်္ဘော ခဏ နားနေတဲ့ အခိုက်အတံ့မှာ သတင်းတစ်ခုကြားရတယ်။ မြစ်ဝကျွန်းပေါ်ဒေသ ပုသိမ်နဲ့ ဟိုင်းကြီးဘက် ခရီးထွက်ဖို့ ရှိတယ်တဲ့။ လူငယ်ဘဝဆိုတော့ တစ်ခါမှ မရောက်ဘူးသေးတဲ့ ပုသိမ်မြို့ကို ရောက်ချင်တာပေါ့။ အဲဒီခေတ်ကာလတွေတုန်းက  ကျွန်တော်တို့ လုပ်ငန်းခွင် ဝင်ခဲ့ရသမျှ သင်္ဘောတွေရဲ့ အရည်အသွေးကို မြန်မာဆန်ဆန် အဆင့် “  ၃ ” နဲ့ သတ်မှတ်ခဲ့ဖူးတယ်။ (က) အဆင့်ကိုတော့ “ ကဝိ ” လို့သတ်မှတ်တယ်။ သင်္ဘောတစ်စီးဟာ အချိန်အခါမရွေး  ခရီးထွက်နိုင် လောက်အောင် အစစအရာရာ ကောင်းမွန် ပြည့်စုံ စိတ်ချရတဲ့ အဆင့်ကို “  ကဝိ ” အဆင့်ရယ်လို့ သတ်မှတ်တာပါ။ ဒုတိယ အဆင်ကျတော့ “  ခေမာ ” တဲ့။ သိပ်ဝေးတဲ့ ခရီးကို ထွက်လို့ မရသေးဘူး လိုအပ်ချက် တစ်ခုခုရှိနေသေးတယ်ဆိုရင် “  ခေမာ ”  အဆင့် သတ်မှတ်ပါတယ်။ နောက်ဆုံး တတိယအဆင့်ကိုတော့ “  ဂိမာန် ” သတ်မှတ်တယ်။ သင်္ဘောမှာ ပြုပြင်စရာတွေ၊ ပြင်ဆင်စရာတွေ တော်တော်များများ ရှိနေပြီး ခရီး လုံးဝ မထွက်သင့်သေးတဲ့ သင်္ဘောမျိုးကို “ ဂိမာန် ” အဆင့် သတ်မှတ် ပါတယ်။ 

ပု သိမ်ကို ခရီးထွက်ဖို့ရှိတယ် ဆိုတဲ့ သင်္ဘောမှာ ကျွန်တော်တို့ဟာ  အစစ အရာရာ အကောင်းဆုံး အနေအထား ဖြစ်အောင် ဝိုင်းဝန်းလုပ်ဆောင်ခဲ့ကြတယ်။ ဒါကြောင့် “ ကဝိ ” အဆင့် ရှိနေခဲ့တယ်။ ဒါကြောင့် တစ်ရက်မှာတော့ ရန်ကုန်ကနေပြီး  ခရီးစထွက်ခွင့် ရခဲ့ကြတယ်။ မော်တော်ကားလမ်းကို အသုံးမပြုနိုင်သေးတဲ့ ကာလမို့ ခရီးသည်တင် သင်္ဘောကြီးတွေဟာလည်း ရန်ကုန်ဆိပ်ကမ်း ညနေပိုင်းထွက်သွားရင် နောက်နေ့ မနက်ပိုင်းကျမှ ပုသိမ်မြို့ဆိပ်ကမ်းကို ရောက်ပါတယ်။  လမ်းမှာ မအူပင်မြို့၊ ရွှေလောင်းမြို့၊ ဝါးခယ်မမြို့နဲ့ မြောင်းမြမြို့တွေကို ဖြတ်သန်းပြီးမှ ပုသိမ်ကို ရောက်တာပါ။ 

အဲဒီ ၁၉၆၈ – ၁၉၆၉  ခုနှစ်ကာလမှာ မြစ်ဝကျွန်းပေါ် ဒေသဟာ အချိန်အခါမရွေး တိုက်ပွဲ ဖြစ်နိုင်တဲ့ အချိန်ဆိုတော့  ခရီးသည်တင် သင်္ဘောတွေနဲ့  ခရီးသည်တွေရဲ့ ဘဝဟာ လုံခြုံ စိတ်ချရမှု လုံးဝမရှိသေးပါဘူး။ ပြည်တွင်းစစ်ကလည်း အရှိန်အဟုန် ကောင်းနေတုန်းပဲ။  ဒါကြောင့် ကိုအောင်ပွင့်နဲ့ ကျွန်တော် ဒီနေ့ စကားစမြည်ပြောရင်း  မြစ်ဝကျွန်းပေါ် ဒေသရဲ့ ပြည်တွင်းစစ် အနိဌာရုံတွေအကြောင်း ရောက်သွားကြပါသေးတယ်။   

ကိုအောင်ပွင့်တို့  မြစ်ဝကျွန်းပေါ်ဒေသရဲ့ သမိုင်း ဖြစ်စဉ်တွေက အကြီးကြီးပဲနော်”
“ဟုတ်တာပေါ့ဗျာ .. နည်းနည်းနောနော သမိုင်းကြောင်းကြီးမှ မဟုတ်တာဘဲ .. ကိုဆောင်းရာ”
ပထမဆုံး ကျွန်တော် ပုသိမ်ကိုရောက်တော့ သင်္ဘောနဲ့ ဒီမြို့မှာ ဆိပ်ကမ်းဝင်ပြီးရပ်နားတယ်။ နောက်ရက်တွေကျတော့  ပင်လယ်ပိုင်းပေါ့။ ဟိုင်းကြီးနဲ့ချောင်းဝ ဘက်ကို ဆက်ထွက်ခဲ့ကြတယ်။ ရန်ကုန်ကနေပြီး ပုသိမ်ကိုလာတော့  ကျွန်တော်တို့ သင်္ဘော လောကရဲ့ အခေါ်အဝေါ်အရဆိုရင် အပြင်လမ်းလို့ခေါ်တဲ့ ပင်လယ်ဘက်ကလှည့်မဝင်ဘဲ မအူပင်၊ရွှေလောင်း၊ ဝါးခယ်မ၊ မြောင်းမြ၊ ကံရွာဆိုတဲ့ အတွင်းပိုင်း  မြစ်ကြောင်းအတိုင်း လှည့်ဝင်ခဲ့တာပေါ့။ ပြီးတော့မှ ပုသိမ်မြို့မှာ တစ်ထောက်နားပြီး ဟိုး မြစ်အောက်ဘက် ပင်လယ်ပိုင်း ဟိုင်းကြီးနဲ့ ချောင်းဝဘက်ကို ထွက်ခဲ့ ကြတာလေ။

“ကျွန်တော်တို့ ၃ – ၄ နှစ်သားလောက်ပဲ ရှိဦးမယ်။  ပြည်တွင်းစစ်ဖြစ်တော့ အစိုးရပ်တပ်တွေနဲ့ ကရင် တိုင်းရင်းသား လက်နက်ကိုင် တပ်တွေ  တိုက်ပွဲပြင်းပြင်းထန်ထန် ဖြစ်တုန်းကလည်း တချို့ သင်္ဘောတွေက အပြင်လမ်းကလှည့်ဝင်လာပြီး ပုသိမ်ကို ရောက်ရတာရှိသလို အတွင်းလမ်းက ဝင်လာကြရတာလည်း ရှိခဲ့တာပေါ့”

ဟုတ်တယ် .. ကိုအောင်ပွင့်  ..  ပုသိမ်မြို့ရဲ့ သမိုင်းကြောင်း အရဆိုရင် အဲ့ဒီလို အစိုးရ တပ်တွေနဲ့ KNDO လက်နက်ကိုင်တပ်တွေ  တိုက်ပွဲဖြစ်ကြတော့ ပုသိမ်မြို့က တိုင်တစ်ရာ ဘုန်းကြီးကျောင်းမှာ ဖြစ်ခဲ့တဲ့ တိုက်ပွဲက တော်တော် ပြင်းထန်ခဲ့တယ်တဲ့ဗျ။ အစိုးရဘက်က ရေတပ် သင်္ဘောကြီး တစ်စီး ဖြစ်တဲ့ “ မေယု”  ဆိုရင် အပြင်လမ်း ပင်လယ်ဘက်ကနေ အတွင်းလမ်း ငဝန်မြစ် ထဲကိုဝင်လာရတယ်။ ပြီးတော့မှ တိုက်ပွဲဖြစ်နေတဲ့  တိုင်တစ်ရာဘက်ကို သင်္ဘောမှာပါလာတဲ့ ၄လက်မ အမြောက်ကြီးတွေ၊ ၄ဝမီလီမီတာ စက်အမြောက်တွေနဲ့ ပစ်ကူပေးခဲ့တယ်။ ခြေလျင်တပ်တွေ၊ခြေမြန်တပ်ရင်း တပ်ဖွဲ့တွေက အဲ့ဒီ အမြောက်ပစ်ကူကို အားယူပြီးမှ တိုင်တစ်ရာကို ဝင်ပြီး သိမ်းယူခဲ့ကြတဲ့ ပြည်တွင်းစစ် သမိုင်းကြီး ရှိခဲ့တယ်”

ကိုဆောင်း ပြောသလိုပဲပေါ့  .. တိုက်ပွဲတွေကတော့ ဆက်တိုက် ရှိခဲ့တာပဲလေ”
“ပုသိမ်ရဲ့ ဒီဘက်ပိုင်း ပုလုချောင်းတို့၊ လမ်းသမိုင်တို့၊ စကားများရွာဘက်တို့လည်း နယ်မြေ အခြေအနေ တော်တော်ဆိုးခဲ့တဲ့ နေရာတွေပေါ့”

“ဟုတ်တယ်ဗျာ .. တချို့ ခရီးသည်တင် သင်္ဘောတွေဆို ရန်ကုန်က ပုသိမ်ကိုလာရင်း  လမ်းမှာ ညအိပ် ရပ်နားခဲ့ရတာတွေ၊ ပုသိမ်က ရန်ကုန်သွားရင်း လမ်းမှာ မတော်တဆ တိုက်ပွဲနဲ့ ကြုံရတာတွေလည်းခဏခဏပဲ ကိုဆောင်း”

“ကိုအောင်ပွင့်လည်း သိပြီးသား ဖြစ်မှာပါ။ ကျွန်တော်တို့ ပုသိမ်ဘက်ကို စပြီးရောက်ဖူးလို့ ဘာမှ မကြာသေးဘူး မြောင်းမြဒီဘက်က  ပုလုချောင်းကွေ့မှာလည်း နေ့ခင်းဘက်ပဲဗျ .. ခရီးသည်တင် သင်္ဘောကို ကမ်းနားကနေပြီး ကွမ်းသီးတောထဲက လှမ်းပစ်လို့ တော်တော်ပျက်စီးသွားတယ်။ အသေအပျောက်တွေလည်း  ရှိခဲ့ဖူးတယ်လေ”

“မငြိမ်းချမ်းနိုင်မှုတွေကြားမှာ လူထု ဘဝအာမခံချက်တွေ ကင်းဝေးခဲ့ရတာပဲပေါ့  ကိုဆောင်း”

—-

ဒီကြားထဲမှာ သဘာဝဘေးအန္တရာယ် မျိုးစုံကိုလည်း ခံခဲ့ရသေးတဲ့ မြစ်ဝကျွန်းပေါ် ဒေသကြီးနော်”
“လေဘေး၊ မုန်တိုင်းတွေနဲ့ ရေဘေးတွေလေ”  

ကိုအောင်ပွင့်နဲ့ ကျွန်တော် နား, နားပြီးမှ စကားပြောဖြစ်ကြတယ်။ 
သူကဝေဒနာသည်ပါ။ ကျွန်တော့်ရင်ထဲမှာ မကောင်းဘူး။ သွေးတိုး၊သွေးချို၊ ဆီးချိုနဲ့ ပါကင်ဆန်ရောဂါတွေကြားထဲက အံ့အားသင့်ဖွယ်ရာ ရောဂါဝေဒနာကို သူခံစားခဲ့ရတာကိုး။ ခုထိ အာရုံကြောတွေက တဆတ်ဆတ်တုန်ခါနေတုန်းပဲ။ မတွေ့ကြတာကြာလို့သာ သူ့ခမျာ စကားတွေပြောနေတာကိုက အံ့အားသင့်စရာ။ ဒီလိုဝေဒနာတွေကြားထဲ မှာ သူ စကားပြောနိုင်တာလည်း ကဗျာစိတ်ဓာတ်၊ စာပေ စိတ်ဓာတ်တွေက ဖျတ်ခနဲ သူ့ကို လှုပ်, လှုပ်နှိုးလိုက်လို့ထင်ပါရဲ့

“ရေဘေးဆိုလို့ ပြောရဦးမယ်။  ၁၉၇၄ ခုနှစ်ကျတော့ မြစ်ဝကျွန်းပေါ်ဒေသတစ်ခုလုံးကို  မြစ်တွေရော ချောင်းငယ်တွေထဲကို ဝင်လို့ရသမျှ သွားလို့ရတဲ့  သင်္ဘော တစ်စီးမှာ စက်ပြင် စက်မောင်းသမား တာဝန်ယူပြီး  ကျွန်တော် လိုက်ခဲ့ရပြန်ရော။  အဲ့ဒီနှစ်က ကိုအောင်ပွင့်တို့ ဇာတိ  ဘုရားကုန်း ရွာဘက်လည်းရောက်ရတာပေါ့။ မြစ်ဝကျွန်းပေါ် ဒေသတစ်ခုလုံးရေကြီးရေလျှံ ဘေးအန္တရာယ်များခဲ့တဲ့ အချိန်ပေါ့”

ဟုတ်ပ … ကိုဆောင်းရယ် .. ဘုရားကုန်း၊ သာပေါင်း၊ ငသိုင်းချောင်း၊ ကန်ကြီးဒေါင့်၊ ဒါးက၊ ပုသိမ် အကုန်လုံးရေဘေးသင့်ခဲ့ကြတာလေ”

“ကျွန်တော် မှတ်မိတယ်။ ဆောင်ဘုံရွာက  လူတွေဆိုရင် ကုန်းအမြင့်ရှိတဲ့နေရာကို မိသားစုရော အိမ်က ကြက်၊ ဝက်၊နွား၊ကျွဲ၊ခွေး၊ကြောင် ပါမကျန် ရသလောက်ပြောင်းပြီး  ယာယီတဲထိုး  နေခဲ့ကြရတာလေ။ အဲဒီတုန်းက ကိုအောင်ပွင့်တို့ သာပေါင်း မြို့ဘက်နဲ့ ပုသိမ်ကို ခရီးသည်တွေတင်ပြီး ဆွဲပေးနေတဲ့ မော်တော် နာမည်မှတ်မိသေးတယ် .. မာဂရက်လေဗျာ”

“ဟုတ်တယ် .. မာဂရက်က ကုန်ပစ္စည်းရော လူပါ သယ်ပေးနေတဲ့ မော်တော်ပေါ့ ”

ရေဘေး၊ လေဘေး၊ မုန်တိုင်းဘေး၊ ဒုက္ခသည်တွေအကြောင်း ပြောပြီးတော့ သူနဲ့ကျွန်တော် ပြည်တွင်းစစ်အကြောင်း ဆက်ပြောဖြစ်ကြပြန်တယ်။

“ကိုဆောင်းကတော့ ကောင်းကောင်း ကြုံဖူးလိုက်မှာပါပဲ။ ကျွန်တော်တို့ မြစ်ဝကျွန်းပေါ်မှာပဲ ရွှေလင်းယုန်၊ထော်ပိုင် စစ်ဆင်ရေးတွေ၊ တိုက်ပွဲတွေ၊ သေကြေ ပျက်စီး ဆုံးရှုံး သွားတာတွေလေ”
“၁၉၇ဝ ခုနှစ်ဗျ။  ရွှေလင်းယုန် အဆင့် ( ၈ )၊ မိုးဟိန်း အဆင့် ( ၅ ) ဆိုပြီး အတော်ကြီးမားတဲ့ တိုက်ပွဲတွေပေါ့။ ဒီဘက်ပိုင်းရော ဘိုကလေး၊ဖျာပုံ၊ မအူပင်၊ ကျိုက်လတ်၊ မော်ကျွန်း ဘက်ဆိုရင် ရာဇူဒိုင်မြစ်လည်း ပါတာပေါ့။ ပြည်တွင်းစစ်မှာပဲ  ကျသွားတဲ့ထဲမှာ ကရင်တိုင်းရင်းသား  လက်နက်ကိုင်တွေထဲက စောချစ်လေးမောင်ဆိုရင် လှည်းဆိပ်ဘက်မှာ ကျဆုံးသွားတာ”

ကားပြောနေရင်းမှာပဲ သူ့မျက်နှာက  မှိုင်းဝေ့ဝေသီ တွေတွေငေးငေးကြီး ဖြစ်သွားသေးတယ်။ ကျန်းမာရေး မကောင်းတဲ့ ကြားထဲမှာပဲ သူတတ်နိုင်သမျှ စာဖတ်ဖြစ်နေသေးတယ်။ ပြီးတော့ သူ ကဗျာလေးတွေလည်း  သူပြန်ပြီး  စိတ်အာရုံ ခံစားလို့ ရလာတယ်။ ဒါဟာ အရှုံးမပေးတဲ့ သူ့ရဲ့ စိတ်ကို ဖော်ပြနေတယ်။ မှတ်မှတ်ရရ သူရေးခဲ့တဲ့ ကဗျာတွေထဲက  “  မဲလေး ” အကြောင်း ပြောမိကြတယ်။

“ကျွန်တော် ဆရာဒဂုန်တာရာရှိတဲ့  ကလောမြို့ကို သွားတုန်းကပေါ့။ ခရီးသည်တင် ကားတစ်စီးရဲ့ ခေါင်မိုးပေါ် ထိုင်နေရင်း လှမ်းကြည့်လိုက်တော့  ဆေးရုံကို မြင်နေရတယ်။ ဆေးရုံ အလုပ်သမားနှစ်ယောက် ကလည်းဗျာ  မူးတူးယိုင်တိုင်နဲ့ ဘယ်သူဘယ်ဝါမှန်းမသိတဲ့ ပိုင်ရှင်မဲ့ အလောင်း တစ်လောင်းကို လက်တွန်းလှည်းပေါ်တင်ပြီး တွန်းလာတာ တွေ့လိုက်ရတယ်။ အဲဒီ့ စိတ်ထိခိုက်စရာ မြင်ကွင်းနဲ့ ခံစားချက်ကြောင့် “မဲလေး ”  ကဗျာရေးဖြစ်တာပဲ ” လို့  ကိုအောင်ပွင့် က ကျွန်တော့်ကို ပြန်ပြောပြနေတယ်။

ဒီနေရာမှာ ဒေသ အခေါ်အဝေါ်နဲ့ ပတ်သက်ပြီး ကျွန်တော် ပြောပြရဦးမယ်။ ကျွန်တော်က ကိုအောင်ပွင့်တို့ မြစ်ဝကျွန်းပေါ် ဒေသမှာနေခဲ့ဖူးတော့  ဒီဒေသကလူတွေက  ဆေးရုံမှာ ဆေးအနက်ရောင်  သုတ်ထားတဲ့ သံနဲ့လုပ်ထားတဲ့ လက်တွန်းလှည်းကို “  မဲလေး ”  လို့ ခေါ်ကြတယ်နော်  ”  လို့ ကျွန်တော်က ပြောတော့ ကိုအောင်ပွင့်က ခေါင်းညိတ်ပြီး  ..

“ဟုတ်တယ် ကိုဆောင်း  .. အဲဒါ လူသေအလောင်းတွေတင်တဲ့ တွန်းလှည်းပဲ” လို့ပြောတယ်။

ကျွန်တော်က ဗမာပြည်ကွန်မြူနစ်ပါတီဝင်ဟောင်း ဗိုလ်သက်ထွန်း လှုပ်ရှားသွားခဲ့ဖူးတဲ့  မကွေးတိုင်းက ပနီချောင်းနဲ့ ကျောက်ထပ်ရွာရောက်ခဲ့တုန်းက အကြောင်း ကိုအောင်ပွင့်ကို ပြန်ပြောပြမိတယ်။

“အဲဒီ့ဒေသမှာကျတော့ ကိစ္စရှိတယ်ဆိုတဲ့ အဓိပ္ပာယ်က နာရေးဖြစ်တာကို ပြောကြတာ။  ပျဉ်ကိုင်တယ်  ဆိုတာကျတော့ နာရေးကိစ္စ ဝိုင်းဝန်းပြီး  ဆောင်ရွက်ပေးတာကို  ဆိုလိုတာတဲ့ဗျ။ ရွာသားတစ်ယောက်က ကျွန်တော့်ကို ပြောပြတာလေ။ ဒေသတိုင်းမှာ အယူအဆ အခေါ်အဝေါ် အမျိုးမျိုး  ရှိကြတာပေါ့လေ။ “ မဲလေး ” ဆိုတဲ့ အခေါ်အဝေါ် လိုမျိုး ပေါ့  ” လို့ ကိုအောင်ပွင့် ကိုပြောတော့ သူက “ဟုတ်တယ်” တဲ့။ 

သူ့ ရင်ထဲက ဖြစ်တည်ခဲ့ရတဲ့ “ မဲလေး ” ကဗျာမှာလည်း အခုလိုပဲ စကားလုံး တွေက အတွေးပေးနေလေရဲ့။ကလောမြို့ သိမ်တောင် တောင်ခြေမှာ၊ သိမ်တောင်လိုအေးစက်တောင့်ခဲနေတဲ့သက်ကြီးပု ဆေးရုံလေးထဲကနေလမ်းပေါ်ထွက်ကျလာတာပစ်တင်လိုက်ပုံရတဲ့အလောင်း[ လှည်းပေါ်မှာ စွေစောင်းစောင်းကြီး ]အလောင်းပေါ်ကန့်လန့်ဖြတ် ပေါက်တူးတစ်ချောင်း။

“ကဗျာမှာပါတဲ့ မြင်ကွင်းက သိပ်ထူးခြားတယ်နော် ကိုအောင်ပွင့်။ ပိုင်ရှင်မဲ့ အလောင်းကို မြေကြီးထဲ သွားမြှုပ်ကြဖို့ ပေါက်တူး ပါလာတာကိုက သေသူရဲ့ ဘဝကို ထင်းခနဲ ပြလိုက်သလိုပဲ”လို့ ကျွန်တော်က ပြောတော့ ကိုအောင်ပွင့်က ..

“ပိုင်ရှင်မဲ့တွေကြားထဲမှာ ပိုင်ရှင်မဲ့တွေ အများကြီးရှိနေတဲ့  လောကရဲ့ မမျှတတဲ့  လူနေမှု စနစ်လို့လည်း  စိတ်ထဲမှာ  ခံစားနေရသေးတယ် ကိုဆောင်းရေ” လို့ပြောပါတယ်။

ဘီးနှစ်ဖက်ဟာ 
အမူးသမားနှစ်ယောက် 
ဒယီးဒယိုင်လမ်းလျှောက်နေသလို
တွားသွားလိုက် ပြန်စုလိုက်။ 

ကဗျာဆရာက တွန်းလှည်းရဲ့ ဘီးနှစ်ဖက်ကိုပါ နိမိတ်ပုံ သင်္ကေတတွေနဲ့ ဖွဲ့ဆိုခဲ့တယ်။ 

ကုန်းအမော့မှာ
လှည်းတွန်းသူ နှစ်ဦးသား 
ကိုယ်တွေတွန့်ခေါက် 
တိုးဝင်သွားလိုက် ဆန့်ထွက် ရှည်လာလိုက်
ခွေးလေ လေးငါးကောင် လမ်းကို နမ်းနမ်းကြည့်
ဘာဖြစ်တယ်မသိ
ခေါင်းမော့ သံရှည်စွဲ အူလိုက်ကြ
ဆက်လိုက်, လိုက်ကြ။

ကို အောင်ပွင့်ရဲ့ ကဗျာထဲမှာ ပါတဲ့အတိုင်းပါပဲ။ ခွေးလေ ခွေးလွင့်တွေပေါများ သထက်ပေါများလာတဲ့ ကျွန်တော်တို့ရဲ့ မြန်မာနိုင်ငံ ဒေသအနှံ့အပြားမှာ ခွေးအူသံတွေကို ဟိုနေရာ ဒီနေရာမှာကြား ရလေ့ရှိ တယ်။ ခွေးတွေမှာ ထူးခြားချက်တွေ အများကြီးရှိတယ်။  အထူးအဖြင့် ခွေးအူသံပေါ့။ မြို့၊ ရွာ၊ရပ်ကွက် တွေထဲမှာ လူသေပြီဆိုရင် ခွေးတွေက အလိုလို သိနေတတ်တယ်။ ဆေးရုံ ပတ်ဝန်းကျင်မှာ  သွားလာနေတဲ့ ခွေးတွေလည်း ဒီလိုပဲ။ ဆေးရုံ ရင်ခွဲရုံ၊ ရေခဲတိုက်ထဲက နေပြီး အလုပ်သမားတွေက အလောင်းတစ်လောင်းကို တွန်းလှည်းနဲ့ သယ်ထုတ်လာပြီဆိုတာနဲ့ အသံရှည်ရှည် ဆွဲဆွဲ ငင်ငင်နဲ့ ခွေး အူသံတွေကို ကြားရတော့တာပဲ။

စောင်ကြမ်းနှစ်ထည်နဲ့
ခြေဆုံးခေါင်းဖျား ခြုံပတ်ထားတဲ့
ဒီအလောင်းဟာ 
ကျားလား၊ မ,လား
လူငယ်လား၊ လူကြီးလား၊
ရှမ်းလား၊ ဓနုလား
တောင်ရိုးလား၊ ပလောင်လား
မိဝေး၊ ဖဝေး၊ ဆွေဝေး၊ မျိုးဝေး
အိမ်ပြေးလား၊ ဘာပြေးလဲ၊ ဘာရောဂါလဲ။

သဲသဲကွဲကွဲ မမြင်ရတဲ့ အလောင်းကို ကဗျာဆရာက  ဒီလိုရေးဖွဲ့ခဲ့တယ်။
ကြေကွဲဖွယ်ရာကိုလည်း သူက သူ့ကဗျာရဲ့ နိဂုံးမှာ အခုလို ဆက်ဖွဲ့ခဲ့တယ်။

တကယ်တော့ 
အစပကတူး ဘဝဦးကတည်းက 
သူ့အတ္ထုပ္ပတ္တိ၊ သေဆုံးနှင့်ပြီပဲလေ။

ကဗျာဆရာမောင်အောင်ပွင့်ဟာ “  မဲလေး ” ကဗျာကို ၁၉၉၁ ခုနှစ် စက်တင်ဘာလ  ၂၄ ရက်နေ့ ကရေးဖွဲ့ခဲ့တာဖြစ်တယ်။ 

၁၉၈၈  ခုနှစ်  လူထုဒီမိုကရေစီ တောင်းဆိုမှု၊ အုံကြွမှု ၊ တိုက်ပွဲဝင်မှု အရေးတော်ပုံကြီးပြီးခါစ န.ဝ.တ စစ်အာဏာရှင် အစိုးရလက်ထက်မှာ ကိုအောင်ပွင့်ဟာ ခရီးတွေ သွားခဲ့ရတယ်။ ဒါကြောင့် သူဟာ ရန်ကုန်ကို အခြေပြုပြီး လှုပ်ရှားခဲ့ရတာပေါ့။ 

ကို ဝင်းတင်ဝင်းတို့ရဲ့ AV  Media အတွက်လည်း သူဟာ ရိုက်ကူးရေး မီဒီယာ အဖွဲ့သားတွေနဲ့အတူ ဒေသတော်တော် များများကို သွားပြီး Documentry မှတ်တမ်းတင် ဗီဒီယိုရိုက်ကူးရေးတွေ လုပ်ပေးခဲ့တယ်။ သူရန်ကုန်မှာနားနေတဲ့ရက်ဆိုရင် ကျွန်တော်လည်း  အားလပ်တဲ့ ညတချို့မှာ  ACV Media အခန်းကို ဝင်သွားလေ့ရှိခဲ့တယ်။ 

ကိုဝင်းတင်ဝင်း အခန်းမှာ အနုပညာသမားတွေ ဆုံစည်းလေ့ရှိတယ်။ ပျဉ်းမနားမြို့က ကဗျာဆရာ အစ်ကိုကြီး ကိုသင်းခိုင်လည်း အဝင်အထွက်ရှိတယ်။ တစ်ရက် မှာတော့ အဲဒီ့အခန်းမှာ ရှားပါး Black & White အဖြူအမည်း ဖလင်နဲ့ အမေရိကန် ဟောလီးဝုဒ်က ရိုက်ကူးတဲ့ နာမည်ကျော် ရုပ်ရှင် ဇာတ်ကားကောင်း တစ်ကားကို အလွမ်းပြေ ပြန်ကြည့်ခဲ့ကြသေးတယ်။ ကဗျာဆရာ၊ စာရေးဆရာမောင်ရန်ပိုင်၊ မြေချစ်သူ၊ မင်းသစ်တို့နဲ့အတူ ကျွန်တော်တို့ကြည့်ကြတာ။ အမေရိကန်ကထင်ရှား ကျော်ကြားတဲ့ ရုပ်ရှင်မင်းသား  James Dean ပါဝင်ရိုက်ကူးသွားခဲ့တဲ့ “  East Of Eden ”  ရုပ်ရှင်ဇာတ်ကားကို ပြန်ကြည့်ခဲ့ကြတာပါ။ 

င်းသား  James Dean ရဲ့ ဝတ်စားဆင်ယင် ပုံ၊စီးကရက်ဖွာရှိုက်ပုံနဲ့ အတော်လေး ဆင်ဆင်တူတဲ့ မြန်မာရုပ်ရှင်မင်းသား ကိုဇော်ခင်နဲ့လည်း ကျွန်တော်တို့ အလွန်ခင်မင်ရင်းနှီးကြတယ်လေ။ ကိုဇော်ခင်ကစာရေးတယ်။ ကဗျာရေးတယ်။ မင်းသား James Dean က ကမ္ဘာကျော် လူကြိုက်များတဲ့ ရုပ်ရှင်ဇာတ်ကား ( ၃ ) ကားလောက်ပဲ ရိုက်သွားပြီး အမေရိကမှာ မတော်တဆ ကား  Accident ဖြစ်ပြီး ကွယ်လွန်ခဲ့ရရှာတယ်။ 

အဲဒီ့ “  East Of  Eden ” ရုပ်ရှင်ဇာတ်ကားကို တစ်ခါတုန်းက ရုပ်ရှင်မင်းသား ကိုဝင်းဦးက သူ့ရဲ့ စန္ဒာရုပ်ရှင်ကုမ္ပဏီ အတွက် သူကိုယ်တိုင် ဇာတ်ညွှန်း၊ဇာတ်လမ်း မှီငြမ်းပြုပြီး သူကိုယ်တိုင် မင်းသမီး ဝါဝါဝင်းရွှေနဲ့အတူ ပါဝင်သရုပ်ဆောင်တဲ့ “  ညီညီလွင် ” ဇာတ်ကားကို ရိုက်ကူး ပြသခဲ့ဖူးပါတယ်။ “  East  Of  Eden” ရုပ်ရှင်ဇာတ်ကားဟာ နိုင်ငံတကာ ရုပ်ရှင်ပရိသတ်ကို လွှမ်းမိုးနိုင်ခဲ့သလိုပဲ “  ညီညီလွင် ”  ရုပ်ရှင်ဇာတ်ကားဟာလည်း မြန်မာ့ ရုပ်ရှင်ကြည့် ပရိသတ်ကို လွှမ်းမိုးခဲ့ပါတယ်။ 

ခု ဂီတအနုပညာရှင် ကိုရဲလွင်တို့ သားထွေးတို့ရဲ့ “  ပန်းရဲ့ လမ်း  ”  ဂီတအဖွဲ့မှာ နယ်လှည့် ငြိမ်းချမ်းရေး သီချင်းတွေ သီဆိုနေတဲ့  လူငယ်ပန်းချီဆရာလေးတစ်ယောက် ဆိုရင် သူ့မိခင်က ကိုယ်ဝန် နေ့စေ့လစေ့ကြီးနဲ့  ရန်ကုန် သမ္မတ ရုပ်ရှင်ရုံမှာ “ ညီညီလွင်  ” ဇာတ်ကား သွားကြည့်တဲ့ ညက သူ့ကိုမွေးဖွားလို့ဆိုပြီး  သူ့ရဲ့ မိခင်က ဒီကလေးရဲ့ နာမည်ကို “ ညီညီလွင် ” ဆိုပြီးပေးခဲ့တယ်လေ။ 

ကမ္ဘာကျော် ရုပ်ရှင်မင်းသား James Dean လိုပဲ ဝတ်စားဆင်ယင် စီးကရက်ဖွာတတ်တဲ့ မြန်မာ့ ရုပ်ရှင်မင်းသား ကိုဇော်ခင်ကတော့ အသက် ၇၅ နှစ်ကျမှ  ကွယ်လွန်ပါတယ်။ မြန်မာနိုင်ငံမှာ ကိုဇော်ခင်ကွယ်လွန်တဲ့ နေ့အချိန်မှာပဲ  အမေရိကန်နိုင်ငံ မင်နီဆိုတာ ပြည်နယ်မှာ ရောက်ရှိနေတဲ့  ကျွန်တော့်ကို တိုက်တိုက် ဆိုင်ဆိုင် Message လှမ်းပို့လိုက်သလိုပဲ။ သင်္ကေတတစ်ခု ကြုံခဲ့ရသေးတယ်။

မြန်မာပြည်မှာတုန်းက တစ်ညမှာ ကိုဇော်ခင်က သူဝတ်တဲ့ ကျောက်စိမ်း လက်စွပ်လေး  ကျွန်တော့်အတွက် အမှတ်တရ လက်ဆောင် ပေးလိုက်လို့ ကျွန်တော့်ရဲ့ လက်သူကြွယ်မှာ အမြဲဝတ်ဆင်ထားခဲ့တယ်။ အမေရိကမှာ နေတုန်းက တချို့ မနက်ခင်းတွေမှာမိသားစုရဲ့ အ၀တ်ဟောင်းတွေကို အ၀တ်လျှော်ခန်းမှာ သွားပြီး စက်တွေနဲ့ ကျွန်တော်က အ၀တ်လျှော်နေကျပါ။ အဲဒီ့နေ့ မနက်က အ၀တ်လျှော်စက်ထဲကို ပိုက်ဆံ အကြွေစေ့တွေ ထည့်ရင်း မတော်တဆ လက်က လက်စွပ်လေး ပြုတ်ကျပြီး အက်ကွဲသွားတယ်။ နှမြောတသစွာနဲ့ပဲ ကျောက်စိမ်း လက်စွပ် အကွဲလေးကို အမှိုက်ပုံးထဲ ထည့်ခဲ့ရတယ်။ အဲဒီ့နေ့မှာပဲ အင်တာနက် သတင်းတွေဖွင့်ကြည့်တော့ မြန်မာနိုင်ငံမှာ စာရေးဆရာ၊ ကဗျာဆရာ၊ရုပ်ရှင်မင်းသားကြီး ဦးဇော်ခင် ( ၇၅ )နှစ် ကွယ်လွန်သွားပြီဆိုတဲ့ သတင်းတွေ့လိုက်ရတော့ အံ့သြမိခဲ့တယ်။ တိုက်ဆိုင်မှုပါပဲ။ 

ကဗျာဆရာ ကိုအောင်ပွင့်နဲ့ စကားစမြည်ပြောရင်း သူနယ်လှည့် ရိုက်ကူးရေး သွားခဲ့တုန်းက န.ဝ.တ စစ်အစိုးရက အဲဒီလို မှတ်တမ်းတင် ဗီဒီယိုတွေ ရိုက်ကူးမှုအပေါ်မှာ မသင်္ကာ လို့ဆိုပြီး အညာဒေသရောက်တော့ အချုပ်ခန်းထဲ နေခဲ့ရသေးပုံလေး ခုလိုပြောပြတယ်။ သူ့ဘဝရဲ့ အမှတ်တရ တွေထဲက တစ်ခု သို့မဟုတ် ဘဝတစ်ကွေ့ ဆိုပါတော့

“တံတားဦးမှာ အချုပ်ခံရတော့ ကိုဆောင်းရေ .. အချုပ်ခန်းထဲ ကျဉ်းကျဉ်းကျပ်ကျပ် နေခဲ့ရတာပေါ့။ ကဗျာဆရာကိုကြည်အောင်နဲ့ ကိုလေး ( အင်းဝဂုဏ်ရည် ) တို့ နှစ်ယောက်ကြားမှာ ကျွန်တော် အိပ်ခဲ့ရသေးတယ်ဗျ ”  တဲ့။ 

ကျွန်တော်က ဆရာကိုလေး ( အင်းဝဂုဏ်ရည် ) နဲ့ ပြီးခဲ့တဲ့ နှစ်က ထားဝယ်၊ကံပေါက်၊သဘော့ဆိပ် ဒေသတွေမှာ စာပေဟောပြောပွဲ အတူသွားခဲ့ရသေးတဲ့အကြောင်း ပြောပြရင်း  ..

“ကိုအောင်ပွင့်ရေ  .. မကြာသေးခင်က မန္တလေးကို ဧရာဝတီ စာပေပွဲတော်အတွက် ကျွန်တော်ရောက်သွားတော့ ဆရာကိုလေးက  ထိုင်းနိုင်ငံရောက်နေတယ်။ ကျန်းမာရေး ကိစ္စအတွက် ဆေးသွားစစ်တာလို့  ကြားခဲ့ရတယ်”  လို့ ပြောပြလိုက်ပါတယ်။

ဆောင်းဝင်းလတ်

(တွေ့ဆုံမေးမြန်းမှု အပိုင်း(၂) ကို ဖတ်ရှုရန် ဒီလင့်ကို ဖွင့်ပါ။ https://www.thefreedomwave.com/?p=7207 )