ဒေါက်တာစင်သီယာမောင်အတွက် မွေးနေ့လက်ဆောင် – အောင်မော်ဦး

ဒေါက်တာစင်သီယာမောင်၏ (၅၈)နှစ်ပြည့်မွေးနေ့

မင်္ဂလာမွေးနေ့ပါ ဆရာမစင်သီယာ …

(ဆရာမရဲ့  (၅၆)နှစ်မြောက်မွေးနေ့တုန်းက မွေးနေ့လက်ဆောင်အဖြစ်ရည်ရွယ်ပြီး ဒီစာလေးကို ရေးခဲ့တာပါ။ ၂ဝ၁၅ ခုနှစ်တုန်းက ရေးခဲ့တာဆိုတော့ (၂)နှစ်တောင် ရှိသွားပါပြီ။ ဒါပေမယ့် ဒီစာလေးကိုဖတ်ရတဲ့အခါ လုပ်ဖော်ကိုင်ဖက်ဟောင်းတွေနဲ့ပတ်သက်တဲ့ ရှေးဟောင်းနှောင်းဖြစ်လေးတွေကို ပြန်လည်အမှတ်ရရင်း ကြည်နူးမှုတစုံတရာဖြစ်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်။)

“ပိုကောင်းမယ့် မနက်ဖြန်”

ဒေါက်တာစင်သီယာမောင်

င်ဗျားတို့သာ သူ့အကြောင်းကြားဖူးမယ်၊ သူနဲ့ ဆုံဖူးမယ်ဆိုရင် “ငါတို့ တိုင်းပြည်မှာ သူလိုလူမျိုးတွေ အများကြီးရှိရင်ကောင်းမှာပဲ”လို့ ပြောမိမှာပါ။ ဒေါက်တာစင်သီယာမောင်ဟာ အဲဒီလို အများကြီးရှိဖို့ လိုတဲ့သူတွေထဲက တယောက်ပါ။ ဆရာဝန်တွေ၊ သူနာပြုတွေဆိုတာ လူတွေကို အကူအညီပေးနေကြသူတွေပါ။ ဆရာမကတော့ ကူညီယုံတင်မက အကာအကွယ်ပါ ပေးနေသူပါ။ သူလက်လှမ်းမီသမျှ သူ့ပတ်ဝန်းကျင်က လူတွေရဲ့ ကျန်းမာရေးကိုတင်မက အခြေခံလူ့အခွင့်အရေးကိုပါ အကာအကွယ်ပေးနေသူဖြစ်ပါတယ်။

ငွေမရှိလို့ ဆေးမကုနိုင်တာဟာ ကုသိုလ်ကံကြောင့်လို့ လူအများက နားလည်လက်ခံထားကြတာပါ။ ဒီအယူအဆဟာ မှားပါတယ်တဲ့။ အမှန်တကယ်က ကျန်းမာရေးစောင့်ရှောက်မှု ခံယူပိုင်ခွင့် အခွင့် အရေးဆိုတာ လူမျိုးမရွေး၊ ဘာသာမရွေး ခံစားပိုင်ခွင့်ရှိတဲ့ အခြေခံလူ့အခွင့်အရေးတရပ် ဖြစ်ပါတယ်တဲ့။ ဆေးကုသမှုခံယူခွင့်မရတာဟာ လူ့အခွင့်အရေးဆုံးရှုံးရတာပါပဲ”တဲ့။ အဲဒါကို ဆရာမဒေါက်တာ ခင်စောဝင်းက “Health As Human Rights” ဆိုတဲ့ခေါင်းစဉ်နဲ့ မြန်မာနိုင်ငံဆေးပညာရှင်များအသင်း (BMA) ညီလာခံမှာ စာတမ်းတင်ပြီး ဆွေးနွေးဖူးပါတယ်။

ရာမစင်သီယာဟာ “မြန်မာစံတော်ချိန်”ဆိုတာရဲ့ဒဏ်ကို အခံရဆုံးသူတွေထဲက တဦးဆိုရင်လည်း မှားမယ် မထင်ပါဘူး။ ဆရာမရုံးခန်းမှာ၊ ဆေးခန်းမှာ အသင်းအဖွဲ့ပေါင်းစုံ၊ ပုဂ္ဂိုလ်ကြီးငယ်ပေါင်းစုံက လာရောက်ပြီး အစည်းအဝေးတွေ၊ ဆွေးနွေးပွဲတွေ၊ အခမ်းအနားတွေ အမြဲတမ်းလိုလို လုပ်လေ့ရှိကြပါတယ်။ ဘယ်တော့မှ အချိန်မှန်လေ့မရှိသလောက်ပါပဲလို့ဆိုရမယ့် အဲဒီပုဂ္ဂိုလ်ကြီးငယ်တွေစုံတဲ့အထိ တစက်မှ မငြီးငြူဘဲ (သူ့မိသားစုအတွက် ပေးရမယ့်အချိန်ထဲက ဖဲ့ပြီး) စောင့်ဆိုင်း ပေးလေ့ ရှိတတ်ပါတယ်။

ဆရာမရဲ့အမျိုးသား ကိုကျော်ဟိန်းကတော့ အထူးခင်မင်ဖို့ကောင်းတဲ့ ပုဂ္ဂိုလ်ပါ။ ရဲဘော်ရဲဘက်စိတ် အပြည့်ရှိတဲ့ ပုဂ္ဂိုလ်ပါ။ လွန်ခဲ့တဲ့ အနှစ်(၂ဝ)ကျော်လောက်က ကိုကျော်ဟိန်းဦးဆောင်တဲ့ မယ်တော် ဆေးခန်းက ဆေးမှူးတွေနဲ့ ဒေါ်နက်တို့တတွေ ကယော၊ ကယန်းလူမျိုးတွေနေထိုင်ရာ ဝေးလံသီခေါင်တဲ့ ကျေးရွာငယ်လေးတွေကိုသွားပြီး ကျန်းမာရေးပညာပေးစောင့်ရှောက်မှုတွေ လက်တွဲလုပ်ခဲ့ကြဖူးပါတယ်။ ကြိုးကြာငှက်တို့ရဲ့ မိုင်ထောင်ချီ ခရီးစဉ်တွေထဲက တခုလို့ပဲ ဆိုကြပါစို့။

ကျ နော် ဆရာမနဲ့ ပထမဆုံးအလုပ်တွဲလုပ်ဖူးတာ မြန်မာနိုင်ငံဆေးပညာရှင်များအသင်းရဲ့ ကျန်းမာရေး ညီလာခံမှာပါ။ လွန်ခဲ့တဲ့ဆယ့်ငါးနှစ်လောက်ကပါ။ ညီလာခံတက်ရောက်လာကြတဲ့ ဆရာ/မတွေ တင် သွင်းမယ့် စာတမ်းတွေကို ကူညီပြင်ဆင်ပေးဖို့ ကိုဝင်းနို်င်ဦးက ကျနော့်ကိုခေါ်သွားတာပါ။ ကိုဝင်းနိုင်ဦး နဲ့ ဆရာမဆက်ဆံရေးက ကြည်နူးစရာကောင်းပါတယ်။ အတွင်းရေးမှူးတာဝန်ယူထားတဲ့ ကိုဝင်းနိုင်ဦး က ဆရာမ သက်သာအောင်လို့ အောက်ခြေသိမ်းအလုပ်တွေ အကုန်ကြုံးလုပ်ပေးပါတယ်။ သူ့စိတ်နဲ့ အခန့်မသင့်တဲ့အခါကျရင်တော့ ဥက္ကဌတာဝန်ယူထားတဲ့ ဆရာမကို ဆူတတ်ပါတယ်။ ဆရာမကလည်း သူ့မောင်အရင်းကပြောနေသလိုမျိုး ကျေနပ်တဲ့အပြုံးလေးနဲ့ နားထောင်နေလေ့ရှိတတ်ပါတယ်။

ညာလူ့အဖွဲ့အစည်းသို့အဝင် ညီလာခံရဲ့  ပထမဆုံးနေ့မှာပဲ ပထမဆုံးစိန်ခေါ်မှုနဲ့ ရင်ဆိုင်ရပါတယ်။ အဲဒီကျန်းမာ ရေး ညီလာခံမှာ တင်သွင်းတဲ့စာတမ်းတွေကို Powerpoint နဲ့ လုပ်ကြတာပါ။ အဲဒီအချိန်တုန်းက ကျနော်တို့ အသုံးများကြတာက Pagemaker, Photoshop နဲ့ Microsoft Word ပါ။ ဒါနဲ့ Powerpoint စာအုပ်ကိုလှန်လှောပြီး လွဲတဲ့အခါလည်း လွဲပေမပေါ့ဆိုတဲ့ တွတ်ပီထုံးနှလုံးမူလို့ ဖြေရှင်းခဲ့ရပါတယ်။

ကိုပုည (နေဇော်နိုင်)က ညီလာခံကို ဗွီဒီယိုမှတ်တမ်းတင်ပေးပါတယ်။ သူကတော့ နေရာစုံ၊ ထောင့်စုံကနေ အနီးအဝေး မြင်ကွင်း အမျိုးမျိုးနဲ့ ကြိုးစားပမ်းစားရိုက်ရှာပါတယ်။ လူပေါင်းမှားတယ်လို့ပဲပြောရမှာပါ။ သူ ဆေးလိပ်ထွက် သောက်ဦးမယ်၊ ခဏလောက်ဆက်ရိုက်ထားပေးပါဆိုပြီး ကျနော့်လက်ထဲ သူ့ကင်မရာ ပေးခဲ့ပါတယ်။ သူပြန်လာတော့ ကျနော်ရိုက်ထားတဲ့အပိုင်းတွေကို နောက်ပြန်ရစ်ကြည့်ပုံရပါတယ်။ စတီဗင်စပီးဘာ့ဂ် တောင် ထမင်းငတ်သွားနိုင်တဲ့ ဇောက်ထိုးမိုးမျှော်ရိုက်ချက်တွေကို တွေ့သွားပြီးတဲ့နောက် ကျနော့်ကို ကင်မရာနား ယောင်လို့တောင် သီခွင့်မပေးတော့ပါဘူး။

အဲဒီညီလာခံကို နိုင်ငံတော်တော်များများက ဆရာ/မတွေ တက်ရောက်ခဲ့ကြပါတယ်။ ကနေဒါက ဒေါက်တာဝင်းမြင့်သန်းနဲ့ ဒေါက်တာခင်စောဝင်း၊ တောင်အာဖရိကက ဒေါက်တာသိန်းဝင်း၊ အိန္ဒိယက ဒေါက်တာဆလိုင်းပါကျင်၊ ထိုင်းက ဒေါက်တာမြတ်ထူးရာဇာတ်နဲ့ တော်လှန်ရေးနယ်မြေက ဆရာ/မ တွေ၊ ဆေးမှူးတွေ၊ အခြားလေ့လာသူတွေ တက်ရောက်ခဲ့ကြပါတယ်။

ရာမကြီးဒေါ်ဝင်းမြင့်သန်းကတော့ ကျနော်တို့တော်လှန်ရေးအင်အားစုတွေဘက်ကို ပိုတိမ်းညွှတ်သူ ပါ။ ဆရာမကြီးက သူ့သမီးတွေကို တော်လှန်ရေးရဲဘော်တွေနဲ့ချည်း အိမ်ထောင်ချပေးခဲ့သူပါ။ လူက နူးညံ့ပျော့ပျောင်းသလောက် ပိုင်းဖြတ်ပြီးပြီဆိုရင်လည်း နောက်မဆုတ်စတမ်း လုပ်မယ့်သူမျိုးပါ။

ချင်းလူမျိုးဒေါက်တာဆလိုင်းပါကျင်ကတော့ ကျန်းမာရေးလိုက်စားသူပါ။ တိကျစေ့စပ်သလို သူ့ ဘာသာရပ်ကိုလည်း အထိမခံပါဘူး။ သူ့နဲ့ ဗမာလို ယှဉ်ငြင်းရတာထက်စာရင် ကျားမြီးသာ ဆွဲလိုက် ချင်တော့တယ်လို့ပြောရမတတ် ဗမာစာကို စကားလုံးတလုံးချင်းကအစ ဂရုစိုက်သူပါ။ ဆရာမ စင်သီယာကတော့ သူ့ဘော်ဒါတွေ တခုခု ငြင်းနေခုန်နေကြပြီဆိုရင် ပြုံးပြီးကြည့်နေတော့တာပါပဲ။

University of Alberta မှာ စာပြတဲ့ ဆရာမခင်စောဝင်းကတော့ သူ့အသံကြားတာနဲ့တင် လက်ပိုက်ထား ချင်လောက်အောင် အာစရိယသံပေါက်သူပါ။ ဒေါ်နွဲ့နွဲ့မူလို ဟန်မျိုးနဲ့ ယဉ်တဲ့ဆရာမက လူပြိန်းတောင် နှစ်ခါစဉ်းစားစရာမလိုအောင် အဟောအပြောကောင်းသူလို့ ဆိုရမယ့်သူပါ။

ဒါက်တာသိန်းဝင်းကတော့ ကျနော့်မျက်စိထဲ ဖိုးဇော် (မဇ္ဈိမလှိုင်းရဲ့ဂီတမှူးဇော်မျိုးထွဋ်)နဲ့ ကိုယ်ဟန် သွင်ပြင် ခပ်ဆင်ဆင်တူသလိုလိုပါ။ မာန်မာနမရှိ၊ ပကာသနမရှိဘဲ ပျော်တတ်သူမို့ တခဏအတွင်း ရင်းနှီးရလွယ်ကူပါတယ်။ လူငယ်တွေနဲ့ အဖွဲ့ကျနိုင်သူပါ။

စိတ်နဲ့လူ ထပ်တူကျတဲ့ ချစ်ခင်လေးစားဖွယ်ရာ ပုဂ္ဂိုလ်တဦးကတော့ ဒေါက်တာမြတ်ထူးရာဇာတ်ပါ။ အာဇာနည်ခေါင်းဆောင်ကြီး ဦးရာဇာတ်ရဲ့မြေးပါ။ သူ့ဥပဓိရုပ်က ကြည်လင်နေသလို သူ့စိတ်နေ စိတ်ထားကလည်း ကြည်လင်နေပါတယ်။ အတော့်ကို ခင်မင်နှစ်လိုဖွယ်ရှိလှတဲ့ ကိုယ်ရည်ကိုယ်သွေး ပါ။ ကိုမြတ်ထူးကတော့ HIV/AIDS အကြောင်းကို ဆွေးနွေးပါတယ်။

ချစ်ဖို့ကောင်းတဲ့ နောက်တယောက်ကတော့ နယ်လှည့်ကျောပိုးအိတ်ကျန်းမာရေးအဖွဲ့ခေါင်းဆောင် ဆရာမန်းမန်းပါ။ ကျနော်က သူ့ကို ပြည်ထောင်စုကရင်လို့ ခေါ်ပါတယ်။ ဗမာတွေကိုနားလည်ပြီး အပြန်အလှန်လေးစားသမှုနဲ့ လက်တွဲအလုပ်လုပ်နိုင်တဲ့ ကရင်တိုင်းရင်းသားခေါင်းဆောင်တွေထဲက တယောက်ပါ။ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုမှာ ဆရာမန်းမန်းလိုလူမျိုးတွေ အများကြီးလိုပါတယ်။

အဲ ဒီ ဆရာ/မတွေဟာ တကယ်အလုပ်လုပ်ကြသူတွေပါ။ သူတို့အထူးပြုရာ ဘာသာရပ်နယ်ပယ်ကို ကိုယ်စားပြုနိုင်ကြတဲ့ တတ်/သိပညာရှင်တွေပါ။ ကျောင်းသားတပ်မတော်က ရဲဘော်တွေပြောလေ့ရှိ ကြသလို “ကွီနိုင်း၊ တက်ထရာ၊ ပါရာ၊ ဘီဆစ်”နဲ့ ငှက်ဖျားစပါယ်ရှယ်လစ်လုပ်ခဲ့တဲ့ တော်လှန်ရေး ဆေးမှူးကျနော် သူတို့နဲ့တွေ့တဲ့အခါမတော့ တွေးစရာတောစရာတွေ တသီတတန်းကြီး ရရှိခဲ့ပါတယ်။

မြို့မငြိမ်း ကြည့်သလိုပါပဲ။ အဲဒီ ဆရာ/မတွေဟာ တခေတ်မက ထူထောင်နိုင်ဖို့ ရှေ့ကို အများကြီး မျှော်တွေးကြည့်ထားကြတာပါ။ စီမံကိန်းတခု လူထုဆီရောက်ဖို့ ဆိုရုံလောက်တင် စဉ်းစားထားကြတာ မဟုတ်ပါဘူး။ ရောဂါဘယတခုကို စနစ်တကျ ထိန်းချုပ်နိုင်တဲ့အထိကို မြော်မြင်စဉ်းစားထားကြတာပါ။

စီ မံကိန်းတခု လူထုဆီရောက်ဖို့ ဆိုရုံလောက်တင် စဉ်းစားတယ်ဆိုတာက အနီးဆုံးဥပမာပေးရရင် လှူတဲ့ပစ္စည်းတွေ ဒုက္ခသည်တွေလက်ထဲရောက်ဖို့လောက် စဉ်းစားတာမျိုးကို ဆိုလိုတာပါ။ ရှေ့ကို မျှော်ကြည့်တယ်ဆိုတာက ပြဿနာအရင်းအမြစ်ဖြစ်တဲ့ ဒုက္ခသည်ဆိုတာ ရှိမလာအောင်လုပ်ဖို့ကိုပါ။ ပစ္စက္ခ ပြုပြင်သင့်တာတွေကနေ ပိုကောင်းမယ့် မနက်ဖြန်ကို မှန်းမျှော်ကြည့်ကြသူတွေပါ

ဒါကြောင့် ကျနော်တို့တိုင်းပြည်ရဲ့ ကျန်းမာရေးစီမံကိန်းတွေကို မရေးဆွဲမီ (ရွေးကောက်ပွဲအနိုင်ရ) လွှတ်တော်ကိုယ်စားလှယ် တွေအနေနဲ့ ပြည်တွင်းက ကျန်းမာရေးပညာရှင်တွေနဲ့သာမက အဲဒီလို ဆရာ/မတွေကိုပါ ဖိတ်ခေါ်ပြီး သူတို့တင်သွင်းတဲ့ ကျန်းမာရေးစာတမ်းတွေကို လေ့လာသင့်ပါတယ်။

ဒါ့အပြင် သူတို့နဲ့လက်တွဲပြီး ကျန်းမာရေး ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတွေကို ပြုလုပ်သင့်ပါတယ်။ ပြီးတဲ့အခါမှသာ ကျန်းမာရေးဆိုင်ရာ ဥပဒေ တွေပြဌာန်းတာ၊ စီမံကိန်းတွေ ရေးဆွဲတာ၊ အကောင်အထည်ဖော်တာ စသဖြင့် ပြုလုပ်သင့်ပါတယ်။

ဒါမှလည်း ပိုကောင်းမယ့် မနက်ဖြန်ကို အနာဂတ်မျိုးဆက်တွေရဲ့လက်ထဲ လွှဲပြောင်းပေးနိုင်ကြမှာပါ။

မွေးနေ့ရှင် ဒေါက်တာစင်သီယာမောင်
ကျန်းကျန်းမာမာနဲ့ အလုပ်တွေအများကြီးလုပ်နိုင်ပါစေလို့ ဆန္ဒပြုရင်း…။

အောင်မော်ဦး
ဒီဇင်ဘာ(၁၂)၊ ၂ဝ၁၅။