နရသိန်လရောင် (သို့မဟုတ်) မောင်လေးအောင်တမ်းချင်း
ငါဟာ
လမင်းကို မမြင်ရတာ
အနှစ် သုံးဆယ် ကြာပြီ”
ဒါက လူရွှန်းရေးခဲ့တာပါ။ A MAD MAN’S DIARY စာအုပ်ထဲမှာလို့ ထင်ပါသည်။
ကျနော့်ဘ၀မှာလည်း လမင်းနှင့်လရောင်ကို မမြင်ခဲ့ရသည့် နေ့ တွေ၊ လတွေ၊ ရက်တွေ တရှည်တလျားရှိခဲ့ဖူးပါသည်။ကဗျာဆရာမောင်အောင်ပွင့်၏ ကဗျာတစ်ပုဒ်ရှိသည်။ ထို ကဗျာကို ကျနော် ယခုအချိန်အထိ စွဲလမ်း မှတ်မိနေသည်။ သူ၏ကဗျာမှာ ဤသို့ ။
“ရင်ပူည”
လမင်းကိုပွေ့ ဖက်ချင်ဇောနဲ့ 
ကဗျာဆရာကြီး ပိုးအိတော့
မြစ်ဝါမြစ်မှာ ရေနစ်သေခဲ့ဖူးပြီ။
ဟောဒီ မောင်အောင်ပွင့်ဟာ
စက္ကူသားလိုပျားချပ် ပျော့ဖတ်သွားရင်တောင်
လ သာသာမှာ ဖြန့်ခင်း
ဘောလုံးလို ပြည့်တင်းနေအောင်
လရောင်ကို စုထုပ်
ပီဘိ မှောင်ကြီးကျနေတဲ့
ပုရွက်ဆိတ်တွင်းတွေထဲ
လရောင်ကို ကဲ့ .. ကဲ့ ထည့် .. ထည့် .. ပေးချင်တယ်။
ရွှေလည်တိုင်ကျော့ကျော့
ရွှေမျက်နှာခပ်မော့မော့
ရွှေရောင်ဆမ်းထားတော့
နမ်းဖို့  မင်တက်မိ ညခင်းတွေ
လမင်းလေ လမင်း သိမှာပါ။
ချစ်သူပါးနှစ်ဖက် နံ့သာလ နှစ်မင်း
သာခြင်းရှိမှ ရှိပါလေစ
သတင်းမကြားရ မသိရ။
အခန်းရှေ့  မြေတလင်းပေါ်
သောက်ရေ တစ်အိုးလုံးသွန်ချ
လကို ငုံ့ ကြည့်ရင်း ငုံ့ ကြည့်ရင်း
မှိန်
မှိန်ရာက ပျောက်
သောက်ရေနဲ့  လပျောက်လေတဲ့ ည။   ။
(၂၂ – ၁၀ – ၁၉၉၀)
ထိုကဗျာကို ကျနော်ဘာကြောင့်ကြိုက်သလဲဟုမေးလာလျှင်၊ အဖြစ်ချင်းတူလို့ ဟု ကျနော်ဖြေပါမည်။ ဘယ်လို အဖြစ်ချင်းတူတာလဲ။
မာင်အောင်ပွင့်နှင့် ကျနော်၊ ကဗျာမှာတော့ ခေတ်ပြိုင်ဟု မဆိုထိုက်။ သို့ သော် …။ နိုင်ငံရေးမှာတော့ခေတ်ပြိုင်တွေဖြစ်သည်။ ကဗျာမှာ သူက ခေတ်ပြိုင်အရင့်။ ကျနော်က ခေတ်ပြိုင်အနုဟု ပြောနိုင်သည်။ (သူက ၁၉၆၈ မှာ ကဗျာဆရာဖြစ်နေပြီ။ ကျနော်က ၁၉၈၂ ကျမှ ကဗျာဆရာအဖြစ်ကိုရတာ)
နိုင်ငံရေးခေတ်ပြိုင်ဆိုတာကတော့၊ မောင်အောင်ပွင့်ရော ကျနော်ပါ၊ မ ဆ လ စစ်အာဏာရှင်စနစ်ကိုဆန့် ကျင်တိုက်ခိုက်နေကြသည့် ပြည်သူ့ ဒီမိုကရေစီတော်လှန်ရေးအင်အားစုတွေထဲက၊ အတောင်ပံတူတဲ့ငှက် တွေ ဖြစ်ကြသည်။
မောင်အောင်ပွင့်၏ “ရင်ပူည” ကဗျာကို ပြန်ပြန်ဖတ်လျှင်၊ ကျနော်က နရသိန်အကျဉ်းထောင်ထဲကလမင်းကိုမမြင်ရသော ကြိုးတိုက်ထဲက ညညတွေကို ပြန်ပြန်သတိရမိသွားခြင်းဖြစ်သည်။
သောက်ရေ တစ်အိုးလုံးသွန်ချ
လကို ငုံ့ ကြည့်ရင်း ငုံ့ ကြည့်ရင်း”
အဲဒါ၊ ဘယ်အကျဉ်းထောင် ဘယ်ကြိုးတိုက်ထဲမှာဖြစ်ဖြစ် နေခဲ့ဖူးတဲ့သူတွေ ခံစားနားလည်နိုင်ကြမည်။ကျနော်က လရောင်မျှားတာလို့ တင်စားမိဖူးသည်။
ရသိန်ည။ လသာတဲ့ညတချို့ မှာ၊ လပြည့်လိုညမျိုး၊ မိုးလေကင်းစင်လို့ ၊ တိမ်တစ်မျှင်တစ်စ မရှိဘူးဆိုရင်၊ လရောင်က ကြိုးတိုက် ရင်ကွဲတံခါးအစပ်ကို မသိမသာ လာလာထိနမ်း ဟပ်တတ်သည်။ အဲဒီနေရာဆီ၊ ကြိုးတိုက်အခန်း သံတံခါးအပြင်ဘက်၊ လှေကားအုတ်ခုံမှာထားတဲ့ သောက်ရေအိုးထဲက ရေကို ခွက်နဲ့ ခပ်ပြီး လှမ်းပက်လိုက်ရင်၊ ကံကောင်းရင် အဲဒီရေအိုင်ကွက်ကွက်ကလေးထဲမှာ ကောင်းကင်ပေါ်ကလပြည့်ဝန်းကကိုယ့်ကို ပြုံးပြုံးကြီးနဲ့ ကြည့်လို့ မြှူဆွယ်နေတာ မြင်ရပါလိမ့်မည်။ ကံကောင်းရင်ပေါ့။
မောင်အောင်ပွင့်ကတော့ သောက်ရေ တစ်အိုးလုံး သွန်ချပစ်လိုက်တယ်တဲ့။ ကျနော့်ဘ၀မှာ “ကဗျာဆရာမောင်လေးအောင်” ဆိုတာ၊ အဲဒီလို အကျဉ်းထောင်ထဲမှာ တမ်းတလွမ်းဆွတ်ရသည့် ရှားရှားပါးပါး လရောင်လိုမျိုးပါပဲ။ မောင်လေးအောင် လရောင်။
မောင်လေးအောင်၊ ဖော်ဝေး၊ မောင်သင်းခိုင်၊ မောင်သွေးသစ်၊ မောင်လူမှိန်၊ အောင်ချိမ့်၊ မောင်ချောနွယ်၊ မောင်စိမ်းနီ၊ သစ္စာနီ … စသည်စသည်။ မိုးဝေကဗျာနှင့် ဗီယက်နမ်စစ်ဆန့် ကျင်ရေး၊ တတိယကမ္ဘာစစ် တားဆီးရေး၊ ပြည်တွင်းငြိမ်းချမ်းရေး။ ဒီတုန်းက မိုးဝေကဗျာသည် ခေတ်ပြိုင်မြန်မာကဗျာ၏ အဓိကပင်မရေစီး။ အယ်ဒီတာ- နတ်နွယ်။ ကဗျာအယ်ဒီတာ- မောင်လေးအောင်၊ မောင်သင်းခိုင်။
ဒီတုန်းက ကျနော်က ဆယ်တန်းပင် မအောင်သေး။ အထက်တန်းကျောင်းသားကြီးတွေပေါ့ ၊ စာပေဝါသနာတူသူ သူငယ်ချင်းတွေနဲ့  ဖယောင်းလက်ရေး စာကူးစက်ကဗျာစာအုပ်ကလေးတွေထုတ်သည်။ ကျောင်းမှာ “မြကျွန်းညို” နံရံကပ်စာစောင်လုပ်သည်။ (ကျနော်တို့ ထ- ၃၊ ပုသိမ်မှာ ဧရာမကျွန်းပင်ကြီးတစ်ပင်ရှိသည်)
နမျိုးဇော်၊ တင်အောင်သန်း၊ သန့် စင်နှင့်ကျနော်။ အထူးတက်ကြွသော စာပေဝါသနာရှင်ကလေးများ။ နေမျိုးဇော်က ကဗျာလည်းရေး၊ ပန်းချီလည်းဆွဲသည်။ တင်အောင်သန်းက စာအုပ်စုသမား။ သူ့ ဆီမှာ မိုးဝေမဂ္ဂဇင်းတွေစုထားတာ အထပ်လိုက်ရှိသည်။ သန့် စင်ကတော့ အချိန်ပိုင်းကဗျာပိုးဝင်သူဖြစ်သည်။
ကျနော်တို့ တွေ ကိုးတန်း၊ ဆယ်တန်း ကျောင်းသားဘ၀မှာ စာတွေအတူဖတ်ခဲ့ကြသည်။ ကဗျာတွေအတူစပ်ခဲ့ကြသည်။ သခင်ကိုယ်တော်မှိုင်းကို အတူဖတ်ခဲ့ကြသည်။ ဒဂုန်တာရာကို အတူဖတ်ခဲ့ကြသည်။ ဗန်းမော်တင်အောင်၊ ကြည်အေး၊ မြသန်းတင့် အတူဖတ်ခဲ့ကြ။ လူထုဒေါ်အမာ၊ သိန်းဖေမြင့်၊ ပါရဂူ အတူဖတ်ခဲ့ကြ။ မိုးဝေနဲ့ ရှုမ၀က ကဗျာတွေ အတူဖတ်ခဲ့ကြ။
အဲသည်တုန်းက ကျနော့်ဆီမှာ မောင်ယဉ်မွန်၊ မောင်လေးအောင် – လကွယ်ည(၁၉၆၂)စာအုပ်ရှိသည်။ နေမျိုးဇော်ဆီမှာလား၊ တင်အောင်သန်းဆီမှာလား၊ မမှတ်မိတော့၊ မောင်သင်းခိုင်(ပါ) ၁၀ ဦး- တော်လှန်ကဗျာ (၁၉၆၉) စာအုပ်ရှိသည်။
အဲဒီကတည်းက ကျနော် မောင်လေးအောင်ကဗျာတွေကြိုက်သည်။ နစ်ကဆင်နှင့်စစ်တုရင်ကစားခြင်း၊ငှက်များ၊ (ဗိုလ်အောင်ကျော်တမ်းချင်းလို့ ဆိုတဲ့)ဒီဇင်ဘာ ၂၀ (သို့ မဟုတ်) ရဲဘော်သို့ တမ်းချင်း။ အထူးသဖြင့် မောင်လေးအောင်၏ “နီနီဦး” ရင်ခုန်သံကဗျာတွေကို ကျနော်စွဲမက်တွယ်တာခဲ့သည်။ ပြီးတော့ ရှိသေးသည်။ ရှုမ၀မှာရေးခဲ့တဲ့ မောင်လေးအောင်ကဗျာတွေ။
၉၇၃ မှာ ကျနော်တို့ ဆယ်တန်းအောင်ကြပြီး၊ တက္ကသိုလ် ကောလိပ်အသီးသီးကိုရောက်လာကြသည်။ တင်အောင်သန်းက ဆေးတက္ကသိုလ်အမှတ်မီသော်လည်း၊ မိဘ ONE F R C ဖြစ်နေလို့ ၊ သူ ပညာရေး တက္ကသိုလ်မှာ အင်္ဂလိပ်စာမေဂျာယူသည်။ (ဘွဲ့ ရတော့ ဆရာလင်းဝေမြိုင်တို့ နဲ့ အတူ WORKING PEOPLE’S DAILY မှာ အယ်ဒီတာဝင်လုပ်သေးသည်။ နောက်တော့ ထိုင်ဝမ်ကိုထွက်သွားပြီး၊ အမေရိကမှာအခြေချသည်။ ကျနော် မစ်ရှီဂန်ကိုရောက်လာတော့၊ တင်အောင်သန်းက တက်ဆက်မှာ ကွယ်လွန်နှင့်ရှာပါပြီ)သန့် စင်က ဆေးကျောင်းရောက်သည်။ (နောက်ပိုင်းမှာ အင်္ဂလန်ထွက်သွားသည်။ ယခု လန်ဒန်မှာအထူးကုသမားတော်ကြီးဖြစ်နေတာကြာပြီလို့ သိရသည်)
နေမျိုးဇော်ကတော့ ကျနော်နှင့်အတူ ပုသိမ်ကောလိပ်ရောက်သည်။ (၁၉၇၆ ကျနော် ပုသိမ်ကောလိပ် မတ်လအရေးအခင်း၊ မှိုင်းရာပြည့်အရေးအခင်းတွေနဲ့ ထောင်ထဲရောက်တော့၊ သူ အပြင်မှာကျန်ရစ်နေခဲ့သည်) ပုသိမ်အကျဉ်းထောင်ထဲမှာ ကျနော်တို့ နိုင်ငံရေးအတွေးအခေါ်တွေလေ့လာတည်ဆောက်နိုင်ခဲ့ကြသလို၊ ကဗျာလက်သွေးခွင့်တွေလည်းရခဲ့ကြသည်။
ကျနော်တို့ ၅- ည ကျောင်းသားတွေထဲက စိုးထိုက်(နောင် မှာ- စိုးအိမ်ဖြစ်လာ) ကဗျာရေးသည်။ ၀င်းမြင့်(နောင်မှာ- မြေနုဖြစ်လာ)ကဗျာရေးသည်။ ထွန်းဝေ(နောင်မှာ-ေ မာင်စိုးသစ်၊ ယခု- စိုးနေလင်း)ကဗျာရေးသည်။
ရသိန်ထဲမှာ ကျနော်တို့ တစ်အုပ်စုလုံး လက်ဝဲစာပေတွေ အလေးအနက်ထားဖတ်ကြသည်။ တော်လှန်ရေးကဗျာတွေ အင်တိုက်အားတိုက်ဖွဲ့ ကြသည်။ နေ၀င်း- စန်းယု စစ်အစိုးရကိုတိုက်ဖို့ ကျနော်တို့ နိုင်ငံရေးနှင့်အနုပညာကို ရောစပ်ခဲ့ကြသည်။
ဒီတုန်းက ဆရာထက်မြက်တို့ ၊ နိုင်ဝင်းဆွေတို့ ၊ ကျော်ဇောဦးတို့ ၏ “မိုးကြိုမုန်တိုင်း” (မိုးကြိုးမုန်တိုင်းမဟုတ်ပါ) စာအုပ်ဂယက်က၊ ကျနော်တို့ နရသိန်ကြိုးတိုက်နံရံတွေကိုပါ လာရောက်ရိုက်ခတ်သည်။ နိုင်ဝင်းဆွေ ၏ “ရေဆန်လမ်း” ကိုလည်း ကျနော်တို့ ဖတ်ပြီး ဝေဖန်ခဲ့ကြသည်။
ကျနော်တို့ သွားနေတာက “ပြည်သူ့ ဒီမိုကရေစီတော်လှန်ရေး”။ လက်ဝဲအလွန်အကျွံဖြစ်မှုတွေကိုကျနော်တို့ ဆန့် ကျင်ခဲ့ကြသည်။ လက်ဝဲအချောင်သမားဝါဒကို ကျနော်တို့ ရှောင်ရှားခဲ့ကြသည်။ ကျနော်တို့ က အကျဉ်းထောင်ထဲမှာ။ မောင်လေးအောင်တို့ က အပြင်မှာ။
ကျနော်တို့ ပုသိမ်အကျဉ်းထောင်ထဲ မရောက်ခင်ကတည်းကဖြစ်မည်။ မိုးဝေမဂ္ဂဇင်းက “အောင်မော်၊ညိုသစ်၊ သန်းအုန်း” အယ်ဒီတာအဖွဲ့ သစ်၏လက်ထဲရောက်နေခဲ့ပြီဖြစ်သည်။ ကျနော်တို့ အိမ်တွေက ထောင်ဝင်စာလာလျှင်၊ အခါအားလျှော်စွာ မိုးဝေမဂ္ဂဇင်းတွေ ပါပါလာတတ်သည်။ ကျနော်တို့ မိုးဝေထဲက ကဗျာတွေကို ဖတ်ရသည်။
တိုက်သုံးတိုက်ကစာ” ကြိုက်သည်။ ဒဂုန်တာရာ၏ “ပန်းနုရောင်နှစ်ကာလများ” အခန်းဆက်ဆောင်းပါး၊ လစဉ်စောင့်ဖတ်ရ။ ကျနော်က မောင်လေးအောင်ကဗျာတွေပါလာရင် ကြည်နူးမဆုံး။ (နေမျိုးဇော်က အဲဒီမိုးဝေမှာ ပန်းချီတွေ၊ ကဗျာတွေရေးနေပြီ)
ထိုစဉ်က ကျနော်တို့ မှာ ကျောင်းသားစိတ်ဓာတ်၊ ခွပ်ဒေါင်းစိတ်ဓာတ်ပြည့်ပြည့်ကြီးနှင့်၊ မ ဆ လ စစ် အစိုးရဆန့် ကျင်ရေး၊ လက်ဝဲနိုင်ငံရေးအတွေးအခေါ်က ထက်သန်စူးရှနေပြီး၊ စာပေအနုပညာဟာ နိုင်ငံရေးရဲ့ လက်အောက်ခံဖြစ်တယ်ဆိုတဲ့အယူအဆကို လက်ခံနားလည် ကိုင်စွဲထားကြသည့်အချိန်ဖြစ်သည်။ (ထိုအယူ အဆကို ယခုအထိလည်း ကျနော် မပြောင်းမလဲ ခံယူထားဆဲဖြစ်ပါသည်)
မာင်လေးအောင်ကဗျာတွေ ဒီလောက်အများကြီး အစားကြီး မဖတ်ခဲ့ရပါဘဲနှင့်၊ မောင်လေးအောင်သြဇာက ကျနော့်အပေါ် လွမ်းမိုးအရိပ်ထိုးခဲ့သည်။ ကျနော် မောင်လေးအောင်ခရေဇီ။ အကျဉ်းထောင်ထဲမှာ လရောင်ကိုတမ်းတသလို၊ ကျနော် မောင်လေးအောင်ကဗျာတွေကိုလည်းတမ်းတတတ်လာခဲ့သည်။ ထိုအချိန်မှာ ကျနော်က “ကျူးဘားတော်လှန်ရေး” ဆိုသည့် ကဗျာရှည်ကြီးကိုရေးနေခဲ့သည့်အချိန်ဖြစ်သည်။
ကျနော်က ဆန့် ကျင်ဘက်တို့ ၏ပေါင်းစည်းမှုကို ယုံကြည်နှစ်သက် လက်ခံသူဖြစ်သည်။ ရဲဘော်ချေဂွေဗားရားကို ကျနော်လေးစားသလို၊ မဟတ္တမဂန္ဒီကိုလည်း ကျနော်ကြည်ညိုပါသည်။ ဒဂုန်တာရာ၏“ပျော့ပျောင်းခြင်းသည် သန်စွမ်းခြင်းဖြစ်သည်”ဆိုသောအယူအဆကို ကျနော်ကြိုက်သည်။ ကျနော် မောင်လေးအောင်ကိုအသည်းစွဲတာလည်း ထိုကဲ့သို့ ဆန့် ကျင်ဘက်တို့ ၏ပေါင်းစည်းမှုသီဝရီကြောင့်ပဲဖြစ်မည်။
သြော် … ကျနော်သည် နရသိန်အကျဉ်းထောင်ထဲက၊ လမင်းကိုမျှားခဲ့ရသော၊ မောင်လေးအောင်ညများနှင့်၊ မ ဆ လ စစ်အာဏာရှင်စနစ်ဖြုတ်ချရေး၊ နေ၀င်း- စန်းယု စစ်အစိုးရဆန့်ကျင်ရေး ကျောင်းသားတိုက်ပွဲတွေကို ပြန်လည်လွမ်းနေမိတာပါလား။
တစ်ည။ ခက်ထန်သော အနောက်တောင်မုတ်သုံလေဦး သွေးတိုးစမ်းလာသည့်အခိုက်ဝယ်၊ အကျဉ်းထောင် ကြိုးတိုက်ထဲက၊ ရေးလက်စ “ကျူးဘားတော်လှန်ရေး” ကဗျာရှည်ကြီးလည်း တုန့် ခနဲ ရပ်တန့် သွား။ထောင်နံရံအုတ်ရိုးတွေပေါ်က နာရီမောင်းခေါက်သံတွေလည်း မကြားမိတော့။ မိမိကိုယ်မိမိလည်း ရှာဖွေလို့ မရတော့။လက်ထဲမှာ ထောင်ဝင်စာကသွင်းလာတဲ့ မိုးဝေမဂ္ဂဇင်းအသစ်တစ်အုပ်။ ပထမဆုံးစာမျက်နှာမှာ၊မောင်လေးအောင်၏ “အချစ်ဖြင့်စီးဆင်းနေသောနှလုံးအိမ်” ကဗျာ။
“မည်သို့ ပင်ဖြစ်စေ
ချစ်နေသေးသည် …
မည်သို့ ပင်ဖြစ်စေ
ချစ်နေသေးသည် …
မည်သို့ ပင်ဖြစ်စေ
ချစ်နေသေးသည် …
ကြွေးကြော်စူးရဲ၊ အားမာန်ခဲတဲ့
တိုက်ပွဲထဲက ပြည်သူလေ”
အို … မောင်လေးအောင်၏ နောက်ဆုံးကဗျာ လို့ ဆိုထားပါလား။
ကဗျာဆရာမောင်လေးအောင်၊၁၉၇၇- မေလ(၁၉)ရက်နေ့ က၊ ရန်ကုန်မြို့ မှာ ကွယ်လွန်ခဲ့ပြီဆိုပါလား
မည်သို့ ပင်ဖြစ်စေ
ချစ်နေသေးသည်
မောင်လေးအောင် မဟာနှင်းဆီနီနီ။
ထိုညက လမသာခဲ့ပါ။ နာရီတွေ အရည်ပျော်ကျ။ လေညင်းပတတ်ရပ်။ အလွမ်းဇာတ်က ကြိုးတိုက်အခန်းကျဉ်းကလေးထဲမှာ တစ်ခန်းမရပ်။ လက်ထဲက မိုးဝေမဂ္ဂဇင်းကို ကျနော် အသိမဲ့ ဟိုလှန်သည်လှန်လုပ်ရင်း၊ တစ်နေရာမှာ ရဲဘော်ရင်းတစ်ယောက်ကရေးထားတဲ့ အမှတ်တရဆောင်းပါးထဲမှာ၊ မောင်လေးအောင် လက်ရေးနှင့် သူမကွယ်လွန်ခင်ရေးခဲ့သောကဗျာတစ်ပုဒ်ကိုတွေ့ လိုက်ရပြန်၏။ ကဗျာခေါင်းစဉ်က- “ ချစ်သူတို့ ၏အလှဆုံးခေတ်ဦးသို့ ” တဲ့။
“အချစ်ကြောင့် 
တို့ကြောင့်
စိုးနှောင့်ဗျာမူး၊ ထိုရက်ဦးတွေ
မူးယစ်ဝေရပါလားကွယ်” တဲ့။
“အချစ်ရေ
မြေနဲ့ ကောင်းကင်၊ မြင်နေသမျှ
အလှခေတ်ဦး ဖူးသစ်လာမှာပါပဲကွယ်၊ ယုံပါ” တဲ့။
မောင်လေးအောင်(၁၉၃၈- ၇၇)
သူသည် ငယ်ငယ်ရွယ်ရွယ်နှင့်ပင်၊ သူ့ ချစ်သူ “နီနီဦး” ကိုတမ်းတရင်းကွယ်လွန်ခဲ့ရှာပေလိမ့်မည်။ ကျနော်တို့ ၏ ကျိန်စာသင့်သော နရသိန်ညအမှောင်တွေပါလား။
၁၉၇၈- ဇူလိုင်လ(၃)ရက်။ ဖော်ဝေး(၁၉၄၄- ၇၈) ကွယ်လွန်သွားခဲ့ပြန်သည်။ အကျဉ်းထောင်ကြီးပေါ်ရွာချနေတဲ့ ကြေကွဲခြင်းမိုးပြင်းတွေက မတိတ်ကြတော့ဘူးလား
၁၉၇၈- အောက်တိုဘာလ(၂၃)ရက်။ ဆရာဗန်းမော်တင်အောင်(၁၉၂၀- ၇၈) ကွယ်လွန်သွားခဲ့ပြန်ပါသည်။ ကျနော်သည် ကျနော့်ကိုယ်ကျနော် ပျောက်ဆုံးသွားခဲ့ပြီဟု ခံစားကွဲကြေနေခဲ့ရပေတော့သည်
“ငါဟာ
လမင်းကို မမြင်ရတာ
အနှစ်သုံးဆယ် ကြာပြီ”
ဒီလိုနှင့်ပဲ၊ သူတို့ ကို လွမ်းတဲ့၊ တမ်းတတဲ့စိတ်တွေနဲ့ ၊ ၁၉၇၈- အောက်တိုဘာ(၂၆)မှာ ကျနော် ပုသိမ်အကျဉ်းထောင်က လွတ်မြောက်လာခဲ့ပါသည်။
(မောင်လေးအောင်ကွယ်လွန်ခြင်း  ၃၈ နှစ်ပြည့်အမှတ်တရ)
အောင်ဝေး
ဇွန်၊ ၁၄၊ ၂ဝ၁၅။
Copy @ https://aungway.blogspot.com/