လွတ်လပ်မှု၊ ချစ်ကြည်မှု၊ ငြိမ်းချမ်းမှုနှင့် လူသားဆန်မှု အနုပညာ (FREEDOM, LOVE, PEACE AND ART OF HUMANITY)

၁၉၉၉ – မျိုးတေဇာမောင်

၁၉၉၉


 

ခင်ဗျား ဘာလို့ ညနက်မှ အိမ်ပြန်သလဲ
မေးခွန်း မှာ အဖြေ မရှိဘူး

ဖြစ်နိုင်ခြေရှိတဲ့ အဖြေက
ညနက်မှ အိမ်ပြန်ရတာ ကြိုက်လို့ ပဲဖြစ်နိုင်တယ်

မြို့သေးသေးလေးဟာ ကျယ်ပြန့်လာပေမယ့်
ကိုယ့်အတွက် မြို့ရဲ့ ဧရိယာဟာ အရင်လိုပဲ

အထက်တန်းကျောင်းသားဘဝတုန်းက
ကျောင်းပြေးခဲ့တဲ့ ရေကန်တွေဟာ
အခု မြို့လည်ခေါင်မှာ ဆိုပေမယ့်
ကိုယ့်အတွက် အဲ့ဒီနားရောက်ရင်
လွတ်မြောက်သွားသလို ခံစားလို့ရတယ်

မရှိတော့တဲ့ စာအုပ်အငှါးဆိုင်လေးတွေ
ရှိခဲ့ဖူးတဲ့ နေရာတွေရောက်ရင်
စာအုပ်အငှါးဆိုင်တစ်ခုရဲ့ ရနံ့ကို ရလာတတ်တယ်

မရှိတော့တဲ့ လက်ဖက်ရည်ဆိုင်တွေ
ရှိခဲ့ဖူးတဲ့ နေရာတွေရောက်ရင်
နားထဲ ပေါ့ကျ ဝမ်း ကြယ်နီတစ်ပွဲ ကြားရတယ်

တကယ်တော့
ကျနော်ပေါ့စိမ့်သောက်တာကြာပြီ
ဆေးလိပ်ဖြတ်ထားတာလည်းကြာပြီ

မြို့ရဲ့ အရှေ့ဖျားကတော့ လွမ်းစရာအကောင်းဆုံးပဲ
လွမ်းစရာအကောင်းဆုံးတွေကို ထုတ်မပြောတာ ဟာ
အလွမ်းကို အလေးအနက်ထားခြင်းပဲ

ခပ်နှေးနှေးမောင်းနေတဲ့ ကျနော့်ဆိုင်ကယ်ကို
ကျောင်းသားလေးတစ်ယောက်
စက်ဘီးနင်းပြီး ကျော်တက်သွားတယ်
ပြုံးလို့
အဲ့ဒါ တစ်ချိန်က ကျနော်ပဲ

ငဖုန်းရေ…
ကြံကားတွေလာပြီ
မနက်စောစော ရတနာကဖေးမှာ
ပဲနံပြားပူပူစားကြစို့
စက်ဘီးကလေး ဂျောက်ဂျက်

ခင်ဗျား သတိထားမိသလား
ဒီကဗျာမှာ ပုဒ်ဖြတ် ပုဒ်ရပ် သင်္ကေတတွေမပါတာ
၁၉၉၉ ဟာ
အခုထိ ကျနော့်အတွက် နှစ်မကုန်သေးတဲ့သဘော

မျိုးတေဇာမောင်