လွတ်လပ်မှု၊ ချစ်ကြည်မှု၊ ငြိမ်းချမ်းမှုနှင့် လူသားဆန်မှု အနုပညာ (FREEDOM, LOVE, PEACE AND ART OF HUMANITY)

ခွဲစိပ်ခြင်း မှတ်တမ်း – ဖုန်းမောင်

ကုတင်ပေါ်မှောက်လိုက်တယ်
ထုံဆေးထိုးတယ်

ဆရာဝန်က ဓားတွေ တောင်းတယ်

သေးငယ်ပြီး
သွေး အရမ်းဆာလောင်နေတဲ့ ဓားကလေးတွေ

နောက်ကျောပေါ်
တစ်ချောင်းပြီး တစ်ချောင်း စိုက်ဝင်နေတယ်

အရေပြားကို လှန်တယ်
အသားမှာ ကပ်နေတဲ့ အဆီကျိတ်ကို
ကတ်ကြေးနဲ့ ဖြတ်တယ်

မလိုအပ်တဲ့ အစိပ်အပိုင်းတွေ
တဂျီးဂျီးနဲ့ လှီးဖြတ်နေတာ ကြားနေရတယ်

နာရင်ပြောပါလို့ ပြောပေမယ့် မနာပါဘူး
ဆရာဝန်အသစ်ကလေးတွေ ဝိုင်းအုံကြည့်နေတယ်

ဒီလူနာရဲ့ ဆေးဖိုးကို ဘယ်သူ ပေးမှာလဲ
နစ်မလေးက မေးတယ်

ဒီ လူနာရဲ့ ကုန်ကျစရိတ်ကို
သူနဲ့ သူဇနီးက ကုသိုလ်ယူထားကြောင်း
ဆရာဝန်က ပြောတယ်

ဒါ ခွဲထုတ်ထားတဲ့ အဆီကျိတ်ပဲလို့
လူနာကို ပြတယ်

ပိုနေတဲ့ အဆီပဲ ထုတ်ပစ်တာပေါ့
အသုံးမကျတဲ့ အကျိတ်ပဲ ခွဲပစ်တာပေါ့
ခွဲပြီး ပစ်လိုက်ကြတာပေါ့

ကြမ်းခင်း အမာပေါ်မှာ မအိပ်ပါနဲ့လို့ သတိပေးတယ်

အရေပြားကို ပြန်ချုပ်ကြတယ်
သောက်ဆေး ဆယ်ရက်စာပေးတယ်
ချုပ်ရိုးဖြည်မယ့်ရက်ကို ချိန်းလိုက်တယ်

ခင်ဗျားသူငယ်ချင်းမှာ အကျိတ်တွေရှိရင်
ခွဲစိပ်ခံရခြင်း အရသာကို ခံစားကြည့်ပါလို့
ဆရာဝန်က ကြော်ငြာလိုက်သေးတယ်။      ။

ဖုန်းမောင်

၁ဝ ၁ ၂ဝ၁၈