လွတ်လပ်မှု၊ ချစ်ကြည်မှု၊ ငြိမ်းချမ်းမှုနှင့် လူသားဆန်မှု အနုပညာ (FREEDOM, LOVE, PEACE AND ART OF HUMANITY)

စစ်- ဆုလှိုင်ထက်

ဘာ ……

စစ် …ဟုတ်လား

အသံတောင် မကြားချင်လို့

ဘုံဘိုင်ထဲကရေတောင် စစ်မသောက်ဘူး

ဘိုးတွေဘွားတွေပြောတဲ့စကား

ကြားဖူးနားဝနဲ့တင် မျက်ရည်ဝဲရတယ်

စစ်ဘေးရှောင်နေရတဲ့ ပြည်သူတွေ

ဘယ်လောက်များ မျက်ရည်ပေါက်ကြီးငယ်ကျလိုက်ရှာမလဲ

သားပျောက်လို့ အမေမတွေ့

အဘွားဆုံးလို့ မြေးကငို

ကလေးကို ချီမလို့ မီးနေသည်ပြေး

အလိုလေး မကြားဝံ့တော့တဲ့ဒုက္ခဘေး

ရင်ထုမနာတေးနဲ့အဖေကရေးတယ်

စစ်ဆိုတာ စစ်သွေးကြွတွေရဲ့

အာဏာပြမှုတွေကြောင့် ပေါ်ပေါက်လာတဲ့ဇာတ်ယုတ်

ယုတ်သမှ မီးစတဖက် ရေမှုတ်တဖက်နဲ့

ဘယ်တော့မှ ငြိမ်းသတ်မှုကို မပြုချင်တော့တဲ့အယုတ်

မီးတုတ်ဆွဲကိုင်ပြီး အိမ်ခေါင်မိုးပေါ် တက်ထိုင်နေတဲ့

မျောက်သစ်ကိုင်းလွတ်တွေရဲ့အလုပ်

ဘယ်လောက်ပဲ အော်အော်

ဘယ်လောက်ပဲ ပြောပြော

တဖက်ပေါက်တွေဆိုတော့ မတရားတာမသိ

တရားလည်းမရှိတဲ့အဆုံး

အကုန်လုံးကို သိမ်းကျုံးမုန်းနေတော့တာပါပဲ

အဲဒီ စစ်ပေါ့

မျိုးနွယ်စု နှစ်ခုလုံး မျိုးတုံးသွားရင်တောင်မှ

သံသရာထိ ကမ္ဘာမကြေအောင်အဆုံး မရှိတော့မယ့်အမုန်း

ကိုယ့်ပေါင်ပေါ် မီးပွားကျနေတာတောင်မှ

တစစ်စစ်နဲ့ စစ်ရှုးပြန် ရောဂါရတော့မယ့်

အဲဒီ စစ်ယုတ်ကြီးပေါ့…… ။

ဆုလှိုင်ထက်