လွတ်လပ်မှု၊ ချစ်ကြည်မှု၊ ငြိမ်းချမ်းမှုနှင့် လူသားဆန်မှု အနုပညာ (FREEDOM, LOVE, PEACE AND ART OF HUMANITY)

နောက်ဆုံးအရက်ခွက်- နရီမင်း

တိုက်ပွဲမှာ နောက်ဆုံးကျန်တဲ့ ကျည်တစ်တောင့်နဲ့
ကိုယ့်​ကိုယ်​ကိုယ် ပြန်ပစ်ချလိုက်သလို
မင်းဟာ နောက်ဆုံးအရက်ခွက်ကို
မော့သောက်ပစ်ခဲ့တယ်။

ငါတို့ တသက်လုံး ခံပစ်လာခဲ့ကြတာ။
ခုတော့ အိုစနာကျလို့။
ငါတို့ ကျည်ကုန်နေပြီ။


ရန်​သူပတ်လည်ဝိုင်းထားဆဲ
ဘာပဲဖြစ်​ဖြစ်
ငါတို့ အရှင်မိခံလို့မဖြစ်ဘူး။

”ခေတ်ဆိုးမှာ အသက်ရှင်ဖို့ ကြိုးစားတာ
လက်နက်ချတာပါပဲကွာ” လို့ ပြောရင်း
မင်းဟာ ကျည်တစ်တောင့်ပြီးတစ်တောင့် ပစ်ထုတ်သလို
အရက်တွေ တခွက်ပြီးတခွက် သောက်ပစ်ခဲ့တယ်။

ဘောက်စ်ထဲမှာ ကျည်ဆန်မရှိတော့ဘူး။
ပုလင်းထဲ အရက်မရှိတော့ဘူး။
ငါကတော့ နောက်ဆုံးကျည်ကို
ရန်သူကို မပစ်
ကိုယ့်​ကိုယ်​ကိုယ်လည်း မပစ်ဘဲ
သစ္စာဖောက်ကိုသာ ပစ်ခဲ့မယ်။

ဘာပဲဖြစ်​ဖြစ်
မင်းဟာ ဂုဏ်​သိက္ခာရှိရှိ ကျဆုံးခဲ့တာ။
မင်းဟာ ခေတ်ကိုအနိုင်​ယူခဲ့တာ။
ခေတ်ကို အရှုံးပေးခဲ့တာမဟုတ်ဘူး။
ကျည်တစ်ချက်မဖောက်ဖူး၊
အရက်တစ်ခွက်မသောက်ဖူးတဲ့ ဂန်ဒူးတွေ
ဒါကို နားမလည်ဘူး။

ခေတ်ဆိုးမှန်သမျှဟာ
သေဆုံးခြင်းကို အဓိပ္ပာယ်​ရှိစေပြီး
ရှင်သန်ခြင်းကို အဓိပ္ပာယ်​မဲ့စေတယ်။

( ခေတ်ဆိုးကို ခံတိုက်ရင်း ကျဆုံးသွားတဲ့
ကျွန်တော့်ရဲဘော်တွေနဲ့ သူငယ်​ချင်းတွေအတွက် )

၁၈ ၊ ၁ ၊ ၂၀၁၉