လွတ်လပ်မှု၊ ချစ်ကြည်မှု၊ ငြိမ်းချမ်းမှုနှင့် လူသားဆန်မှု အနုပညာ (FREEDOM, LOVE, PEACE AND ART OF HUMANITY)

အေးစိန် – လင်းသက်ငြိမ်

နင့်မလဲ တနေ့တနေ့ ဒီဗွီဒီယိုပဲ
တနေ့တနေ့ ဒီသီချင်းပဲ
ရွာထဲစကတ်အတိုဝတ်ဝတ်နေတာ ငါမကြိုက်ဘူး
ကျောင်းကတစ်ခါပြန်လာတိုင်း ဆံပင်ပုံစံတမျီုးပြီးတမျိုး
ပြောင်းလာတာလဲ ငါမကြိုက်ဘူး
လက်သည်းတိုတို ထမီတိုတိုနဲ့
ပါးကွက်ကလေးတွေကို မလွမ်းဘူးလား
ရွာလယ်ဈေးဆိုင်က တယ်လီဖုန်းနဲ့
ခဏခဏသွားသွားပြောနေတာ ဘယ်သူ
ငါလာတိုင်း နင်ကအလုပ်ရှုပ်နေတယ်
နင် မြို့ကတခါပြန်လာတိုင်း
ငါတို့က တခါပိုဝေးသွားကြသလိုပဲ
ပညာတွေအများကြီးကို ခေါင်းထဲထည့်နေရလို့
သစ္စာစကားတွေ မေ့လျော့ထားလိုက်တော့တာလား
နင့်အမေကတော့ အားနာနေရှာပါတယ်
ငါဟန်မဆောင်တတ်မှန်းလဲ နင်သိတာပဲ
အေးစက်နေတဲ့ ရေနွေးပန်းကန်ကိုသူတို့သိမ်းတဲ့အခါ
အေးစက်နေတဲ့ ငါတို့အကြောင်းတွေ
သူတို့လည်း ရိပ်မိကြမှာပေါ့ ။


လင်းသက်ငြိမ်