လွတ်လပ်မှု၊ ချစ်ကြည်မှု၊ ငြိမ်းချမ်းမှုနှင့် လူသားဆန်မှု အနုပညာ (FREEDOM, LOVE, PEACE AND ART OF HUMANITY)

ခပ်သိမ်းသော – ဝင်းဌေးဦး

ရှင်သန်သူတွေရဲ့

ငှက်ပျောရွက်လက်တံရှည်

စိမ်းစို ကွဲအက် ဖားဖားဝေ နာကျင်သံတွေဟာ

မသေသေးတဲ့ အမြစ်အားကိုးနဲ့ဖေးမ

မြေမကျမီ………။


အနုပညာကို

အနုပညာဓာတ်လုံးနဲ့ဖိုထိုးနေတဲ့အဂ္ဂိရတ်တွေ

ပြဒါးသေ

တစ်ပြည်ဝသတဲ့

သံသေတော့

တစ်ဆွေဝသတဲ့

ပြောပါရစေ

ကဗျာစပ်နေတဲ့အလင်္ကာဓာတ်တွေ

ကမ္ဘာပတ်ဂြိုဟ်လမ်းကြောင်းသေမှ

စကြာဝဠာကြီး ဝလာလိမ့်မယ်ကွဲ့

အဲဒါ မေတ္တာရေကြည်ကြည်နဲ့ သစ္စာနေခြည်စူးစူးပေါ့ ။


သေခြင်းတရားကို ဆွဲဆန့်နေတဲ့ ရှင်သန်သမျှ

ငါ့ လက်ဖဝါးက လက္ခဏာရေး

နွေးနွေး ငွေ့ငွေ့ဟာ

အသဲအသန်ပူပြင်းလာတဲ့မွန်းတည့်နေလိုမျိုး

ကိုယ့်အရိပ်ကို ကိုယ်ပြန်ရွက်ဆဲ

အခက်မှာ

အခဲတွေနဲ့

မှတ်ပုံတင်မဲ့မဲ့

အနာတရရဲ့ ကမ်းဝေးလှေတွေ……။


ခပ်သိမ်းသော

အနုပညာ

ဘဝမောမော

လူမောမောတွေရဲ့

အလှမွဲမွဲ

ရသ သွေးပျစ်ပျစ်တွေ……။


ခပ်သိမ်းသော

ရင်ထုမနာနိုင်တော့တဲ့

ကောင်းကင်ပက်လက်

မြေရွဲ့ရွဲ့ အက်ရာ

မျက်ရည်ခမ်းစရာ မျက်ရည်ကုန်သူတွေ……။


ခပ်သိမ်းသော

မီးကုန် ယမ်းကုန် ကိုယ့်ဝတ်ရုံနဲ့ကိုယ့်မီးဇာပြန်ရှို့

မျက်ဝန်းအိမ်ထောင့်ကျဉ်းထဲက

နောက်ဆုံး အလင်းစက် ပစ်လွှတ်ခွင့်တွေ……။


ခပ်သိမ်းသော……

ခပ်သိမ်းသော……

ခပ်သိမ်းသော……

ငှက်ပျောရွက် လက်တံရှည်ရှည်များ

ကွဲအက်နေတဲ့ကိုယ့်အခက်အလက် အရွက်တွေနဲ့

အနုပညာ အသက် အောက်စီဂျင်တစ်ရှိုက်

ရင်တလှိုက်ခုန်ပါစေ

ရင်တလှိုက်ခုန်နေနိုင်ပါစေ

ရင်တလှိုက်ခုန်နေနိုင်ပါစေ အို…ခပ်သိမ်းသော ။ ။


ဝင်းဌေးဦး

၁ ၇ ၁ ၂ ၁ ၈

(အနုပညာ စာ ကဗျာအချင်းချင်း စောင့်ရှောက်ကူညီနေကြသော

နှလုံးသားအမွန်အမြတ်များကို ဦးညွှတ်ပါသည် ။)