လွတ်လပ်မှု၊ ချစ်ကြည်မှု၊ ငြိမ်းချမ်းမှုနှင့် လူသားဆန်မှု အနုပညာ (FREEDOM, LOVE, PEACE AND ART OF HUMANITY)

မရွေးချယ်ပဲ ရခဲ့တဲ့ ဘဝတွေ – ညိုခန့်ကို(သက္ကယ်ကျင်း)

သေနတ်ကလေးထမ်းတာ တိုင်းပြည်တာဝန်ထမ်းတာပဲလား။


ဖိုးနီချွတ်ပုံခဲ့တဲ့ အဖြူအစိမ်းလေးဘေးမှာ
သူ့အမေ မျက်ရည်လေးမခြောက်သေးဘူး။


ဖိုးနီဟာ ခု လူကြီးတယောက်ဖြစ်လို့။
ဖိုးနီဟာ ကစားရတာ ဝါသနာမထုံတတ်တော့ဘူး။


ဖိုးနီဟာ ကဗျာတွေ မရွတ်တတ်တော့ဘူး။

ဖိုးနီဟာ ပြုံးပြုံးရွှင် စကားမပြောတတ်တော့ဘူး။


ကျောင်းသင်ပညာရေးဟာ ဘဝမဟုတ်မှန်းသိလာပြီး
ဖိုးနီဟာ လူကြီးတစ်ယောက်ဖြစ်လို့။


ဖိုးနီပြောတဲ့နိုင်ငံရေးတွေကြား
အမေဟာမျက်ရည်စမ်းစမ်းနဲ့နားထောင်နေရှာတယ်။


ဖိုးနီဟာ သူ့သားပုတူးတူးလေးပဲ။
စကားတွေက အက်နေတယ်။


ပြန်လည်ချေပနိုင်ဖို့အင်အားမရှိ။

သားဟာ ကလေးလေးပဲရှိသေးတယ်။


သားဟာလွယ်အိတ်လွယ်ပြီးကျောင်းတက်ရမယ်။
သားဟာကဗျာလေးတွေရွတ်ဖတ်ပြီး
နှလုံးသားကိုနူးညံ့အောင်သင်ရဦးမယ်။


ကျောင်းတက်ခေါင်းလောင်းသံရဲ့အမိန့်လေးက ချစ်စရာပါသားရယ်။
ကျောင်းစည်းကမ်းလေးထိမ်းသိမ်းတတ်ရင် အမေကျေနပ်ပါပြီ။


စကားတွေဟာ လည်ပင်းမှာအစ်နေပြီး
ရွေးချယ်ခွင့်မရှိခဲ့တဲ့ ခေတ်ဆိုးတစ်ခုရဲ့သားကောင်တွေပေါ့။


စိတ်ထိမ်းနိုင်ပါတယ်လေ
ခေတ်တခေတ်ရဲ့လိုအပ်ချက်မှာ
စတေးခံလိုက်ရတာ သူတယောက်တည်းမှမဟုတ်ခဲ့တာ။

ညိုခန့်ကို(သက္ကယ်ကျင်း)