လွတ်လပ်မှု၊ ချစ်ကြည်မှု၊ ငြိမ်းချမ်းမှုနှင့် လူသားဆန်မှု အနုပညာ (FREEDOM, LOVE, PEACE AND ART OF HUMANITY)

ကျွန်းမကြီး- အောင်ရဲ (၁)

ဧရာဝတီကို

အခါခါယုံမှတ်လို့

အခါခါပုံအပ်ခဲ့ရာက

သူ့ဘဝသူ

ပါးစပ်ဖျားလေးတင်

မေ့နေတတ်တဲ့သူရယ်ပါ ။


ဒုက္ခဆိုတာ

သူကိုယ်တိုင်ဖြစ်နေတော့

အရေထူသွားလိုက်ပုံက

ချိုသလား ခါးသလား မသိတော့ဘူး

ပူသလား အေးသလား မသိတော့ဘူး ။


သူပြောနေကျစကားတစ်ခွန်းပဲ

သူထပ်ထပ်ပြောခဲ့တယ်

ဖြူစင်စွာရိုးသားခဲ့ပါတယ် တဲ့။


ဘယ့်နှယ့်

သူ့လို

ကျွန်တော်တို့

ရိုးသားခဲ့ဖူးကြပါရဲ့လား ။


နောက်ကျောကဓားတွေကို

စိတ်ရှည်လက်ရှည်နဲ့ဆွဲနှုတ်ပြီး

ရင်ကော့ခံပေးဖို့ဆိုတာ

တော်ရုံတန်ရုံရိုးသားမှုနဲ့

မရနိုင်ဘူးမိတ်ဆွေ ။


နှင်းတွေဝေနေတဲ့သူ့ရင်အုံကြီးပေါ်

နွေမီးပုံကြီး ဖိုပြီးရင်

သည်းသည်းမည်းမည်းမိုးကြီးရွာချလို့

သူပျောက်ကွယ်သွားတော့မယ်ဆိုတာ အသိသိနဲ့

သူ့ကိုယ်သူ လည်စင်းခံရိုးသားပြနေပုံက

ကဗျာဆရာတွေတောင်

ရင်ခုန်စရာအသည်းနှလုံးမဲ့ခဲ့တယ် ။


အဲသလို

သင်္ခါရတရားကို

ဖင်ပုတ်ခေါင်းပုတ်ကစားပျော်နေတဲ့ကျွန်း

ကဗျာဆရာတွေညွှန်းဆိုတဲ့

ကျွန်းမကြီးရေ

ဇန်နဝါရီ မြစ်ရေချိုးဖို့

ငါတို့လာခဲ့ပြီ

မရိုးသားတဲ့ငါတို့မျက်နှာတွေမြင်ပြီး

မင်းမရယ်လိုက်ပါနဲ့ကျွန်းမကြီးရယ်။ ။


အောင်ရဲ (၁)