လွတ်လပ်မှု၊ ချစ်ကြည်မှု၊ ငြိမ်းချမ်းမှုနှင့် လူသားဆန်မှု အနုပညာ (FREEDOM, LOVE, PEACE AND ART OF HUMANITY)

ရွေးချယ်ရန် အဖြေမှန်- ဆလိုင်းမြတ်နိုးသူ

ငပေါတယောက် အိမ်တံခါးခေါက်ပြီး စာသားတွေ လာပို့လိမ့်မယ်
သုံးစားမရတဲ့ ဘယ်သူမှမယုံကြည်တဲ့ သတင်းစာစက္ကူတွေ ဟိုးတုန်းက လာပို့သလိုမျိုးပေါ့

သူတို့ဟာ မမြင်ရတဲ့ကောင်းကင်ဘုံကို သင့်ထံပို့ကြပြီး
မဟုတ်ပါဘူး အဲဒီမှာ ဘုရားသခင်မရှိပါဘူးဆိုတာမျိုး စကားနှစ်ခွနဲ့
ရယ်စရာကောင်းတယ်ဆိုလိုတာက
သင်တို့မှာ လေးစားမှုရှိရမယ်ဆိုပဲ
ကံကောင်းစွာပဲ

ဘယ်ခေတ်ဟာ ဘာလဲ၊  ဘယ်သူတွေကို ကိုယ်စားပြုသလဲ
နံနက်ခင်းစောစော မျက်နှာသစ်ရင်း တွေးမိတယ်
တော်တော်ညံ့တဲ့ငါပဲလို့ဆက်တွေးမိတယ်
မိတော့မိတယ် ဘယ်လိုမိသလဲဆို
နှာတံကို ကတ်ကြေးနဲ့ထိုးဖြတ်ကြတဲ့အခါ
မျက်ရည်ပေါက်ပေါက်ကျ အသားတွေတဆတ်ဆတ်တုန်
သွေးစိမ်းတွေပန်းထွက်နေပေမယ့် မနာဘူးဆိုတင်းခံတာလေ
မိတော့မိတယ် မိမှန်းလည်း သိတယ်
လွတ်ပြီးလို့ ကြိုးကြီးမီးရှို့ကြမှာလည်း သိရတယ်

ငပေါဟာ လာနေပြီ
မလှိမ့်တပတ်လုပ်ထားတဲ့ စာသားတွေလည်း ပါမယ်
တကယ်ကောင်းတယ်ထင်ရတဲ့ စာသားတွေလည်း ပါမယ်
မင်း အမေရိကကို သွားမလား
မင်း ကျည်ဆန်ရထားစီးပြီး သိကြားမင်းနဲ့ဘီယာသောက်မလား
ဟုတ်ကဲ့ ကျွန်တော် တခုမှမလိုချင်ပါဘူးဆိုရင်
အင်း လူအဖွဲ့အစည်းဟာမကောင်းတော့ဘူး ပြောလိမ့်မယ်
ဟုတ်ကဲ့ ကျွန်တော်တို့ငတ်နေပါတယ်ခင်ဗျာဆိုရင်
အင်း ရေခဲမုန့်က ကောင်းတယ်ပြောလိမ့်မယ်
ဟုတ်ကဲ့ မကောင်းတာမရှိပါဘူးခင်ဗျာ
အားလုံး ကောင်းပါတယ်ဆိုရင်
အဲဒါဆို ကျွန်တော်သွားပြီ ပြောလိမ့်မယ်

ဟုတ်ကဲ့ အားလုံးကောင်းပါတယ်ပဲ ပြောလိုက်ပါ
ငပေါဟာ သင့်အိမ်ရှေ့ ရောက်နေပါပြီ
စာသားတွေ စီထားတယ်လေ
ငတ်နေတော့ အားမရှိ
အားမရှိတော့ အားလုံးကောင်းပါတယ်ခင်ဗျား။

ဆလိုင်းမြတ်နိုးသူ
၂၀၁၉