လွတ်လပ်မှု၊ ချစ်ကြည်မှု၊ ငြိမ်းချမ်းမှုနှင့် လူသားဆန်မှု အနုပညာ (FREEDOM, LOVE, PEACE AND ART OF HUMANITY)

ဂျိုဟန်ခရိုက်ကိုလွမ်းမိတယ် – မိုးကျော်အောင်

ဘောလုံးအကြောင်း စဉ်းစားမိတိုင်း ငယ်ငယ်တုံးက ဘောလုံးကို သဲသဲမဲမဲ ကစားခဲ့ပုံတွေ ပြေး လို့ အမှတ်ရမိပါတယ်။ ကလေးအရွယ် အဲဒီ ကာလများမှာ တကယ့်တကယ်ကို ဘောလုံးအပေါ် မှာ ငြိတွယ်ခုံမင်၊ ရူးမူးခဲ့တာကိုလည်း မမေ့နိုင်စရာ ဖြစ်ခဲ့ရပါတယ်။ ဘောလုံးအသစ်တစ်လုံးပိုင် ဆိုင်ခွင့်ရတိုင်း ဘောလုံးလေးကို ပွေ့ပိုက်ပြီး အိပ်ရာဝင်တဲ့အထိ စွဲလမ်းခဲ့တာ၊ မိုးထဲရေထဲ လမ်း ပေါ်ဘောလုံးပွဲမှာကျောက်ခဲကိုကန်မိလို့ ခြေမကွဲပြီး သွေးတရဲရဲဖြစ်နေလည်း ( ပြန်မကစားရမှာ စိုးလို့ ) အိမ်မပြန်ဆေးမထည့်ပဲဆက်ကစားတဲ့အထိ ဘောလုံးကိုရူးသွပ်ခဲ့တာ၊ အိမ်ပြန်ရောက် ရင် ခြေသလုံးအစင်းထင်အောင်အရိုက်ခံထိမှာကိုသိရက်နဲ့ အိမ်ကမသိအောင်လစ်ထွက်ပြီး လှည်းတတန်ခြေလျင်တတန် ကျေးရွာဘောလုံး ချိန်းပွဲများထံ အရောက်သွား ဆင်နွှဲခဲ့တဲ့အထိ ၊ ဘောလုံးကို စုံမက်လိုက်စားခဲ့တာ။


ဘောလုံးနဲ့လုံးထွေး စူးနစ်ခဲ့တဲ့အဲဒီတုန်းက အဖြစ်လေးတွေ ပြန်တွေးမိပြန်တော့ ပျော်စရာ၊ ပြုံးစရာ၊ လွမ်းစရာပါပဲဗျာ ။
၈ တန်း ၊ ၉ တန်း ကျောင်းသားဘဝ၊ အဲဒီတုန်းက ကျနော်တို့ရဲ့ဘောလုံးအိပ်မက်မှာ ဘောလုံး သူရဲကောင်းတွေ ရှိကြပါတယ်။


ဘောလုံးကို ပြင်းပြင်း ကန်နိုင်ရင် ‘ ဗဟာဒူး ‘ ကွ လို့ကြိမ်းဝါးကြသလို ဘောလုံးကို လှလှပပ လိမ်ခေါက်ကစားတတ်သူဆို ‘ လှဋ္ဌေး ‘ ကွ လို့ ထောပနာပြုကြပါရဲ့ ။ ကျနော်ကတော့ အလယ် တန်း ကစားသူမို့လားမသိ ၊ ‘ အေးမောင်ကြီး ‘ မှ ‘ အေးမောင်ကြီး ‘ ပါပဲလေ။

အဲဒီအချိန်က ကမ္ဘာကျော်တွေထဲမှာ ဂတ်မူလာ၊ ဖာကာလ်အို ၊ ဆိုကရေးတီး ၊ ဘက်ကင်ဘောဝါး ၊ ပြီးတော့ ဂျိုဟန်ခရိုက်။
ကျနော်တို့သူငယ်ချင်းတွေ အရူးအမူးကြိုက်ခဲ့တာပေါ့။ အထူးသဖြင့်တော့ ၊ ၁၉၇၄ မြူးနစ်ကမ္ဘာ့ ဖလားမှာ ဟော်လန်အသင်းကို ပထမဆုံးအကြိမ် ခြေစစ်ပွဲအောင်နိုင်စေပြီး ဗိုလ်လုပွဲရောက်တဲ့ အထိ ဦးဆောင် =ကစားကာ ဂုဏ်မြင့်ပေးနိုင်ခဲ့သူ ‘ ဂျိုဟန်ခရိုက် ‘ ကို ကျနော်က ပိုလို့ ကြိုက်နှစ် သက်ခဲ့ပါတယ်။ ဘောလုံးဂျာစီကျောနံပါတ်ရွေးမယ်ဆိုရင် သူရဲ့လိမ္မော်ရောင်ဂျာစီပေါ်က အဖြူ ရောင်ကျောနံပါတ် ( 14 ) ကို အလုအယက် ရွေးဝတ်တ့အထိ ရူးမူးကြိုက်ခဲ့ပါတယ်။


၁၉၇၀ ။ အဲဒီနှစ်တ၀ိုက်ဟာဖြင့် မြန်မာဘောလုံးရဲ့ ရွှေရောင်အတောက်ပဆုံး ဂုဏ်ရောင် အပြောင်ဆုံး အချိန်ကာလတွေလို့ ပြောရမှာပါ ။ ဒါကလည်း ( မိတ်ဆွေကြီး ကိုခင်လွန်းရေးခဲ့ သလို ) ကိုလိုနီခေတ် ရဲ့ ဘောလုံးအားကစားအတွက် ကောင်းမွန် ၊ မှန်ကန်တဲ့စနစ်တွေ လုပ် နည်းလုပ်ဟန်တွေကြောင့် အကျိုးဆက်အဖြစ် အောင်မြင်မှူအသီးအပွင့်များ ခံစားကြရတာပဲ ဖြစ်တယ် ။

နောက် လွတ်လပ်ရေးရပြီး ၁၀ နှစ်နဲ့ တော်လှန်ရေးကောင်စီတက်ပြီး ၁၀ နှစ်ကျော်ကျော် ကာလတွေအထိ မြန်မာဘောလုံး အထွဋ်အထိပ်ရောက်ခဲ့တာ အဲဒီအကျိုးဆက်ရဲ့ရလာဒ်တွေပဲ ဖြစ်ပါတယ် ။ အဲဒီခေတ်က မြန်မာဘောလုံးအသင်း ပိုင်ဆိုင် ကိုင်မြှောက်ခဲ့ရတဲ့ ဖလားတွေ၊ ဆု တံဆိပ်တွေဆို တပုံတခေါင်းကြီး။ မသိမမီလိုက်တဲ့လူငယ်တွေ ကြားသိရင် အံ့သြကြရလိမ့်မယ် ထင်တယ် ။
၁၉၆၂ ကျွန်းဆွယ် ရွှေ၊ ၁၉၆၅ အာရှဖလား ၊ ၁၉၆၆ နဲ့၁၉၇၀ အာရှ အားကစား ရွှေ ၊ ၁၉၇၁ အာရှလူငယ် ချန်ပီယံ ၊ ၁၉၇၂ မြူးနစ်အိုလံပစ် ခြေစစ်ပွဲအောင် ၊ တောင်ကိုရီးယား ပတ်ချုံဟီး ဖလား ၊ မာဒေးကားဖလား ၊ ဂျာကာတာ ဖလား ၊ မာရာဟာလင်ဖလား ၊………စသဖြင့် အာရှနဲ့ အရှေ့တောင်အာရှတလွှား ကပြိုင်ပွဲတွေရဲ့ဖလားပေါင်းစုံနဲ့ ရွှေတံဆိပ် မြောက်မြားစွာကို ပိုင် ဆိုင်ကိုင်မြှောက် ဝံ့ကြွားနိုင်ခဲ့တာ ပြန်ပြောရင်ဖြင့် ပုံပြင်လေလလား အောက်မေ့ပေလိမ့်မယ် ။ ဒါကလည်း အဲဒီအချိန်က မြန်မာဘောလုံးရဲ့ခြေအဆင့်ဟာ အာရှထိပ်တန်း အဆင့်ကို ရောက် နေပြီဖြစ်တာကိုး။ တောင်ကိုရီးယား၊ အီရန် အီရတ်နဲ့ မြန်မာတို့က ခြေရည်တူ သူတပြန် ကိုယ် တပြန် ကစားခဲ့ကြတဲ့ အသင်းတွေပေါ့ဗျာ။ ဂျပန်နဲ့တရုတ်က မြန်မာ နောက်နားကပါ ။ ထိုင်း. ဆို ဟိုးအဝေးကြီးမှာပေါ့။ မြန်မာက ထိုင်းကို ငယ်နိုင်ပဲ ။( အဲဒီတုန်းက ပြောတာနော် ) ။

မှတ်မိသေးသဗျ ၊
အောင်းဆန်းကွင်းမှာကျင်းပတဲ့ ၁၉၇၂ မြူးနစ်အိုလံပစ် အာရှဇုံ ( ၂ ) ခြေစစ်ပွဲ၊ အုပ်စုပွဲစဉ်မှာ မြန်မာက ထိုင်း ကို ၇း၁. နဲ့ တဖက်သတ် အနိုင်ကစားသွားခဲ့တာလေ ။
နောက်တော့ မြန်မာဘောလုံးဟာ တဖြည်းဖြည်း မှိန်ဖျော့လာတယ် ။ တောက်ပနေတဲ့အရှိန် လေးလျော့ပါးလာတယ် ။
မီးစာကုန်ကာနီး တချက်ဟုန်းခနဲ ထတောက်သလို ၁၉၉၇ လောက်မှာ သန်တိုးအောင်တို့၊ မျိုး လှိုင်ဝင်းတို့အုပ်စုခဏလေး ထပွက်လိုက်ပေမယ့် ဆက်မထိမ်းနိုင်ဘူး။ ထိုင်းက မြန်မာကို ငယ်
နိုင် ပြန်ဖြစ်သွားတယ် ။ လာအိုလို ကမ္ဘောဒီယားလိုအသင်းမျိုးတွေကို အသည်းအသန် ခံကစား နေရတဲ့အခြေအနေရောက်လာခဲ့တာ အားလုံးအသိပါပဲ ။ ကျနော် ရှေးရှေးကမြန်မာဘောလုံး အကြောင်း ပြန်သတိရ၊ ပြန်လွမ်းပြတာ. အခုမြန်မာဘောလုံးအခြေအနေနဲ့ နှိုင်းယှဉ်သုံးသပ် ကြည့်မိခြင်းပဲဖြစ်ပါတယ် ။

အကျဉ်းမျှ ပြောရရင် …
( ၁ ) မြန်မာဘောလုံး နယ်ပယ်အသီးသီးမှာ ၊ လူမှန် နေရာမှန် မထားပေးနိုင်ခြင်း ၊
( ၂ ) ဘောလုံးကွင်းများ နဲ့ ဘောလုံးဝန်းကျင်ကို မဖန်တီးပေးနိုင်ခြင်း ၊
( ၃ ) ကျောင်းပေါင်းစုံ ၊ ကျေးရွာ ရပ်ကွက်ပေါင်းစုံ ၊ မြို့နယ်ပေါင်းစုံ ၊ တိုင်း နဲ့ ပြည်နယ်အဆင့် ဆင့် ဘောလုံးပြိုင်ပွဲ တစ်နှစ်စာ အချိန်ဇယားမရှိခြင်း ၊
( ၄ ) နိုင်ငံအနှံ့အပြားမှ ပါရမီရှင်ဘောလုံးသမားများ ရှာဖွေ ဖော်ထုတ်နိုင်မည့် အစီအစဉ်များ ရေးဆွဲ အကောင်အထည်မဖော် နိုင်ခြင်း. စသဖြင့် အားနည်းချက် ၊ လိုအပ်ချက် ၊ ပေါင်းများစွာ
ချွတ်ခြုံကျနေပြီဖြစ်ပါတယ်။ အခြားအခြားသော ယဉ်ကျေးမှူမျက်နှာစာများနည်းတူပါပဲ။

တချိန်က မော်ကြွားခဲ့ရ ၊ ဂုဏ်ပြောင်ခဲ့ရတဲ့မြန်မာဘောလုံးဟာ အောက်တန်းကို ရောက်လို့ မျက်နှာငယ်နေရပါပကောလား။ ဒါကြောင့်လည်း မြန်မာဘောလုံးပွဲဆိုရင် ခပ်လှမ်းလှမ်းက ခပ် မဆိတ်လေးနေမိပါတယ် ။ တကူးတကန့် မကြည့်ဖြစ်တော့ပါ။ တချိန်က ရွှေထီးဆောင်းခဲ့တာ ကိုသတိရရင်း ဝမ်းနည်းနေလို့လား။ မျိုးချစ်စိတ်နဲ့ အားပေးနေတဲ့ မြန်မာဘောလုံးပရိသတ် အတွက် စိတ်မကောင်းဖြစ်နေမိလို့လား မပြောတတ်တော့ပါ ။ သို့ပေမယ့်လည်း ကျနော် တစိမ်းပြင်ပြင် မနေနိုင်ခဲ့ပါဘူးလေ။
‘ ဆိုင်းသံကြားရင်. က ချင်သလိုမျိုးပေါ့၊ ‘ ဘောလုံး ‘ ဆိုတဲ့အသံလေးများကြားရင်. ခေါင်း ကလေးထောင်မိ ၊ ဒူးကလေးနှံ့မိနေဆဲပါပဲ ။
ဟိုယခင်တုံးက ဘောလုံး အကြောင်းတွေ ပြန်တွေးမိရင်ဖြင့် ‘ ဂျိုဟန်ခရိုက် ‘ ကိုလွမ်းမိနေဆဲ ပါပဲလေ ။

မိုးကျော်အောင်