လွတ်လပ်မှု၊ ချစ်ကြည်မှု၊ ငြိမ်းချမ်းမှုနှင့် လူသားဆန်မှု အနုပညာ (FREEDOM, LOVE, PEACE AND ART OF HUMANITY)

မြဝတီ – မဲဆောက်​သွား တောလား- သင်းရည်လွင်

ငယ်​ငယ်​တုန်းက
သမိုင်းဘာသာ ရပ်​ထဲ သင်​ခဲ့ရ
အယုဒ္ဓရ ခေါ်တဲ့ ဒေသ
အခု ခင်​ဗျား ခြေချနေတဲ့အရာ ။

သူ့ကိုယ်​ပေါ်က
ဘန်​ကောက်​မြို့တော်​က
အလှပြင်​ပစ္စည်းတွေ
ငွေကြေး သံတချွင်​ချွင်​တွေ
ဝတ်​ကောင်းစားလှတွေ နဲ့ 
ခင်​ဗျား မြင်​နေတဲ့
နောက်​ဆုံးပေါ် ဖက်​ရှင်​တွေ။

ရွာမှာ စပါးဈေး မကောင်းတဲ့ နှစ်​က
ရွာမှာ မိုးခေါင်​တဲ့ နှစ်​က
ရွာမှာ နာဂစ်​တိုက်​တဲ့ နှစ်​က
ရွာမှာ အဖေသေတဲ့ နှစ်​က
ရွာမှာ နေ့စားခတွေ တိုးမပေးတဲ့နှစ်​က။

ရွာမှာပဲ စိုက်​ခင်းတွေ ပိုးကျတဲ့နှစ်​က
ရွာမှာ ကျောင်း ဆက်​မတက်​နိုင်​တဲ့ နှစ်​က
ရွာမှာ အရွယ်​မရောက်​ခင်​ အိမ်​ထောင်​ကျတဲ့နှစ်​က
ရွာမှာ စစ်​ပွဲတွေ ဖြစ်​တဲ့နှစ်​က ။

ငွေတိုးချေးသူဆီ
ကျေနပ်​အောင်​ပြောလို့
လူပွဲစားဆိုသူဆီ
ခင်​ဗျားဘဝကိုအပ်​လို့ ။

သူခိုးလမ်း သိတယ်​ ပြောသူဆီ
မျှော်​လင့်​ချက်​ကို အိပ်​မက်​လို့။

အိမ်​ပြန်​ရင်
ဘဝတခု တင့်​တင့်​တယ်​တယ်
အိမ်​ပြန်​ရင်
အိမ်လှလှလေးတလုံး
အိမ်​ပြန်​ရင်
ပြည့်​စုံတဲ့မိသားစုလေးတခု
အိမ်​ပြန်​ရင်
အိမ်​ကိုပြန်​ရင်​ဆိုတဲ့
ရွှေအိပ်​မက်​ ငွေအိပ်​မက်​ ။

ထိုင်းရဲဖမ်းလို့
လူမသိသူမသိ ထောင်​ကျသူ
ပတ်​ပိုစ့်​ မရှိလို့
အလုပ်​ရှင်​ပြောသမျှ ငုံ့ခံနေသူ
သူစိမ်းတွေရဲ့ကြား
အနှိမ်​ခံ နင်းပြားဖြစ်​နေသူ
အရွယ်​မတိုင်​ ပဲ
ပန်းကောင်း အညွန့်​ကျိုးသူ
ဆန္ဒမပါပဲ
ဇိမ်​မယ်​ ဖြစ်​သွားသူ
လူရည်​လည်​သူ အပြောနဲ့ 
ငါးဖမ်းသဘောင်္ပေါ်ရောင်းစားခံရသူ။

အလုံပိတ်​ကားထဲ
ငါးပိလိုထိုးကြိတ်​ထည့်
အသက်​ရှုမဝလို့ သေတဲ့သူ
နိုင်​ငံရေးမတည်​ငြိမ်​လို့
လေလို လွင့်​လာသူ။

ဒီပုံပြင်​တွေ နဲ့ မြန်​မာပြည်​သားများ
ယိုးဒယားမှာ နေတယ်​။

အရွယ်​မတိုင်​ခင်
စားဝတ်​နေရေး ခရီးကြမ်း
လှမ်းလာရတဲ့အခါ
လူ ဟာ စိတ်​ကြီးဝင်
ပတ်​ဝန်းကျင်​ကလည်း
အတုခိုးချင်​စရာ မကောင်းတာတွေ
များတယ်​မဟုတ်​လား ။

အရိပ်​ဝေးတဲ့ အရပ်​မှာ
ကိုယ့်​ကို ကိုယ်​ စောက်​ရှောက်​ရတယ်
မီဒီယာတွေ
အင်​တာနက်​တွေက
မိသားစုနွေးထွေးမှု အစား
စိတ်​ဖြေရာဖြစ်​လာ
အချစ်​ဆိုတာနဲ့ လိင်​စိတ်​မကွဲပြား
အိမ်​ထောင်​ဖက်​ဆိုတာ
ကစားစရာ ။

သမီးလေးက
နီးစပ်​ရာ တယောက်​နဲ့အိမ်​ထောင်​ပြု
သမက်​က ဖြူတယ်​ မည်းတယ်
မရွေးချယ်​ဖြစ်​ပါဘူး
မကြာခင်​ ကာလတခု
သူတို့ရဲ့မျိုးဆက်​ ကလေးလေး
ရွာမှာလာပြန်​မွေး
ခွေးလေးကြောင်​လေးလို
အမေ့အဖေအိမ်​ထားပြီး
ဖုတ်​ဖက်​ခါထွက်​သွား
ငွေတ​ချို့နဲ့ နို့တိုက်​မွေး
ကလေးဟာ စွန့်​ပစ်​ခံရသူပါပဲ
အသက်​ရွယ်ကြီးမား အဘိုးအဘွား
နို့ ပိန်​လေးကို အားထား
ဝဋ်​ ဒုက္ခကြီးလိုက်​တာ ။

ထိုင်းနိုင်​ငံ ထုတ်​ဆိုင်​ကယ်​လ်
အကောင်းစားကြီးနဲ့ အိမ်​ပြန်​ချင်​သတဲ့
ရွှေငွေ တွေစု
မနက်​ဖန်​တွေကို ဝယ်​ယူချင်​သတဲ့
ထိုင်းစကားလေးမတောက်​ တခေါက်
ထိုင်း ဘတ်​ငွေလေးပြပြ ပြီး
အိမ်​လွမ်းဖို့ မေ့နေသူ။

အဆင်​ပြေရင်
ပြန်​လာမယ်​ ပြောရင်း
မူးယစ်​သားကောင်​ဖြစ်​သွား သူ
အရင်​လို လမ်းအိုလိုက်
ငွေနောက်​ လိုက်​ရင်း
ဘဝ ဆယ်​မရသူ တွေကြား
ကျွန်​တော်​တို့ စစ်​တုရင်​ ကစားကြတယ်​။

အနေကြာလာတဲ့အခါ
သူတို့ဘာသာစကား
ထမင်းစားရေသောက်
သူတို့ လူနေမှုဓလေ့ မှာ
အသားကျ ။

ဘဝမပြေလည်​မှုမှာ
မိဝေး ဖကွဲ
သားတကွဲ မယားတကွဲ
မိသားစုဆိုတဲ့သီချင်း
မဆိုဖြစ်​တာ ကြာလှရောပေါ့။

မြင်​နေရတယ်
ထိုင်းက ငွေပို့လို့
မလေးက ငွေပို့လို့
နောက်
စင်ကာပူ ကိုးရီးယား
ဂျပန်​ တရုတ်
အဟုတ်​ကြီး ဟုတ်​နေကြရ။

အခြေ အနေက
တောင်​မင်း မြောက်​မင်း
မကယ်​နိုင်​တဲ့ ပြဇာတ်​ ။

ကိုယ်​ချင်းစာတရား နည်းသွားမှာစိုးတယ်
တိုင်းပြည်​ချစ်​စိတ်​ တိတ်​သွားမှာ စိုးတယ်
မြန်​မာဆိုတဲ့ စိတ်​ပျောက်​သွားမှာစိုးတယ်​။

ငွေရှာတာ အပြစ်​မဟုတ်​ပါ
ကိုယ်​ကျင့်​တရား
အထားမှားမှာသာ စိုးတာ
အခြေအနေကို တလွဲတွေး
ခင်​ဗျား ဘေးတွေ့မှာပူတာ ။

ဒီ ကဗျာဟာ
ခင်​ဗျားကိုပြောချင်​တဲ့
စကားအနည်းငယ်​သာဖြစ်​တယ်
တကယ်​ဆို
ရောင်​စုံမီးတွေ နဲ့  မြို့ပြတောဆိုတာ
ခင်​ဗျားရဲ့ အမြဲတန်းအရိပ်
ဖြစ်​နေမယ်​မထင်​ပါဘူး ။

ခေတ်​ကပေးသော လက်​ဆောင်
ခေတ်​ကပေးသောကံကြမ္မာ
အိမ်​ပြန်​လာရင်​သာ
ပျော်​ရွှင်​စရာ ဘဝလှလှလေး
ခင်​ဗျားတို့ သယ်​ဆောင်​လာနိုင်​ပါစေဆိုတဲ့
ဆုတောင်းလေးကို
သေသေချာချာ ပို့ပေးလိုက်​ပါတယ်
အေးချမ်းပါစေ ။

၂၀၁၂၂၀၁၈