လွတ်လပ်မှု၊ ချစ်ကြည်မှု၊ ငြိမ်းချမ်းမှုနှင့် လူသားဆန်မှု အနုပညာ (FREEDOM, LOVE, PEACE AND ART OF HUMANITY)

ပထဝီအနေအထား- စိုးရိမ်

ဖုန်းဆိုးမြေမှာ လောက်ကောင်တွေမြူးတဲ့နိုင်ငံတော်

မနက်ခင်း လမ်းပေါ်တက်လိုက်ရင်ဖြင့်

ညကသွေးထားတဲ့ဓား ဘယ်နားထစ်လိုက်ရမလဲ

အရိုးစွဲနေတဲ့နိုင်ငံတော်

ကြက်မတွန်လို့ မိုးမလင်းပါဘူးပြောပြီး

ထဘီအောက် ပြေးပြေးပုန်းတဲ့နိုင်ငံတော်

အိမ်နီးချင်းဆွေမျိုးဆိုပြီး နို့ကြောဝင်ဖြတ်သွားလို့

အာဟာရပြတ်နေတဲ့နိုင်ငံတော်

လက်နက်နဲ့ ဝေစုခွဲ

သူခိုးက လူဟစ်နေတဲ့နိုင်ငံတော်

လူငယ်တွေ အနာဂတ်ပျောက်လို့

ပလိုင်းပေါက်နဲ့ ဖားကောက်နေတဲ့နိုင်ငံတော်

မူးယစ်ဆေး “ ဇစ် ” ဖွင့်ပြီး

ကမ္ဘာကိုမျက်လှည့်ပြနေတဲ့ နိုင်ငံတော်

ကိုယ့်မျက်နှာကိုယ်ကြည့်ရေးထားတဲ့ စာအုပ်နဲ့

ဟောင်တတ်ကိုက်တတ်တဲ့ ခွေးတအုပ်နဲ့

အမြဲတမ်းမိုးချုပ်နေတဲ့ နိုင်ငံတော်

ကမ်းလည်းမမြင် လမ်းလည်းမပြင်နိုင်သေးတဲ့

အဲဒီနိုင်ငံတော်မှာ

ငါတို့ သန်းငါးဆယ်ကျော်

တိုးတိုးတိတ်တိတ် ကျကွဲနေတယ်။ ။

စိုးရိမ်