လွတ်လပ်မှု၊ ချစ်ကြည်မှု၊ ငြိမ်းချမ်းမှုနှင့် လူသားဆန်မှု အနုပညာ (FREEDOM, LOVE, PEACE AND ART OF HUMANITY)

မျက်ရည်ဝဲနေတဲ့ဟွန်းသံ - တိုးနှောင်မိုး



ဖေဖေရဲ့ ရှိုက်သံမှာ
ကျွန်တော်ငိုနေတယ်ဆို ယုံမလား။


ကြွေးဟောင်းကိုမဆပ်နိုင်သေးဘဲ
ကြွေးသစ်ပါ ဆက်တင်နေတဲ့ ကျွန်တော်
ဖေဖေ့အရိပ် မိုးကုတ်စက်ဝိုင်းက
ကမ္ဘာ့အနက်ဆုံး ချောက်ထဲခုန်ချခဲ့။


ကျွန်တော့်စိတ်နဲ့
ဖေဖေ့နှလုံးခုန်ခဲ့တယ်ဆိုတာမေ့ခဲ့။
ဖေဖေ ကရုဏာဒေါသနဲ့ ကျွန်တော့်မာနကြားမှာ
ရနံ့အပြည့်ပန်းတွေညှိုးခဲ့။


ငယ်ငယ်က ပုံရိပ်တွေ
ကြီးလာတော့ ပိုထင်ရှားတယ်ဆိုတာ ဟုတ်တယ်။


မိသားစုနဲ့ဝေးမှ
မိသားစုအရသာကို ငတ်မွတ်တယ်ဆိုတာ ဟုတ်တယ်။


အဖေမရှိတော့တဲ့ ဖေဖေ
သားတစ်ယောက်ရှိနေရုံနဲ့
စကြဝဠာတစ်ခုစာ ကျေနပ်နှစ်သိမ့်ခဲ့တယ်လား။

ဖေဖေ့ အမေ ကျွန်တော့်အဘွား
ဖေဖေ့အပေါ် ချစ်ခဲ့တာထက်
ကျွန်တော့်အပေါ် ဖေဖေ ပိုချစ်ခဲ့တယ်လား။


မိဘမေတ္တာရဲ့ အဖြူရောင်တရားမှာ
အဖိုအမ, မကွဲပြားပါဘူး
ကျွန်တော့်အနုပညာလက်ညှိုးလေး
ဖေဖေ့ပါးစပ်ထဲ ပြည်ပေါက်ခဲ့တာတောင်
မျိုချခဲ့တဲ့ ဖေဖေ
အိပ်မရတဲ့ ညတွေမှာ
ကျွန်တော့်အတွက် စဉ်းစားတွေးတောပူပန်ရင်း
ရင်ထဲတောက်လောင်နေတဲ့ မီးရှိန်နဲ့
အပေါ်သွေး (၁၉၀)၊ အောက်သွေး (၁၀ဝ)
နည်းတာမှမဟုတ်။
ရည်ရွယ်ချက်ကို ဆေးမင်ကြောင်ထိုးခဲ့ပြီ။

ကျွန်တော့်အဓိပ္ပာယ် ကျွန်တော်ဖွင့်ဆိုခဲ့ပြီ
အဝေးရောက်သားရဲ့နောင်တမှာ
စဉ်းစားတိုင်း ဝဲခဲ့တဲ့ မျက်ရည်နဲ့
စိတ်ကူးတိုင်ပင်ခဲ့တဲ့ အသိ
ကျွန်တော့်အမှန်တရား
ကျွန်တော့်အပေါ် ဘယ်လောက်မှားခဲ့သလဲ။


မေတ္တာကင်းမဲ့ဇုန်မှာ
ကျွန်တော့်ရင်ထဲက ဝေဒနာဟွန်းသံကို
ဘယ်သူကြားမှာတဲ့လဲ။
ဖေဖေ့အိမ်က မြေကြီးရနံ့ကို ဆာတဲ့စိတ်နဲ့
ဒီကဗျာမှာ ကျွန်တော်တီးနေတဲ့ ဟွန်းသံ။ ။

တိုးနှောင်မိုး