အဲဒီတံတိုင်းရဲ့နောက်မှာ (၂) – 
နရီမင်း

.

(၂)

အဲဒီတံတိုင်းရဲ့နောက်မှာ
သူခိုးကြီးညရဲ့ ကျီးမနိုးပွဲတစ်ခုမှာလို
ကံကြမ္မာကာလသားတွေရဲ့
လက်ဆော့ထားမှုတွေကိုလည်း ကြားသိရတယ်။
ဥပမာဆိုပါတော့
လူတွေအများကြီးပါတဲ့
တိုင်းသိပြည်သိ လူသတ်မှုကြီးတစ်ခုမှာ
ကားငှါးလို့ လိုက်လာတဲ့ 
ဘုမသိဘမသိ တက္ကစီဒရိုင်ဘာပဲ
သေဒဏ်နဲ့ ထောင်ထဲကျန်ခဲ့တယ်ဆိုတာမျိုး၊
ဓားပြက သေနတ်တွေ ဝှက်သွားတဲ့
လယ်မြေကို ပိုင်ဆိုင်သူလင်မယား
ထောင်တစ်သက်ကျသွားတယ်ဆိုတာမျိုး။
တော်လ်စတွိုင်းရဲ့ ဘုရားသခင်​ကတော့
လူပြတ်တဲ့ မှတ်တိုင်မှာ
လိုင်းကားစောင့်နေတုန်းပဲ။

ဖေ့စ်ဘွတ်မှာ စိတ်ထဲရှိရာရေးမိလို့
ထောင်နှစ်ရှည်ကျသလို
ပြိုတော့မယ့် ဘတ်​စ်ကားမှတ်တိုင်ကို ဘားခိုမိလို့
၆/၁ နဲ့ ဆွဲထည့်ခံရသူလည်းရှိသတဲ့။
ကိုယ့်ပစ္စည်း အခိုးခံရတာ အော်မိလို့ 
ထောင်ကျသူလည်း ရှိ၊
ယုတ်စွအဆုံး
ဘုန်းကြီးဆွမ်းကပ်မိလို့ ထောင်ကျသူပါ ရှိတယ်ဆိုပဲ။
“ယုံကြည်ချက်ကြောင့် အကျဉ်းကျခံရသူများ´´တဲ့။
ဘဝတွေ မလှပေမဲ့ စကားလုံးက လှတယ်။
တကယ်က
မယုံကြည်မှုကြောင့် အကျဉ်းကျခံရတာ။
မျက်စိစုံမှိတ်ပြီးသာ 
ယုံကြည်ပေးလိုက်စမ်းပါ။
ယုံကြည်ခြင်းဟာ အန္တရာယ်​ကင်းပါတယ်။

နရီမင်း
၈- ၁၁- ၂ဝ၁၈