စစ် –
မိုးသက်ငြိမ်ဦး

.

ဘာအတွက်ရယ် ဘာကြောင့်ရယ်မသိရပဲ
အိပ်မက်တွေလှပနေတဲ့ မိသားစုအိမ်လေးထဲ
ကမ္ဘာပျက်သံ ပွက်ပွက်ညံရာက
မျက်နှာကို လာစင်တဲ့ သွေးစ သွေးနများ ….

အိမ်ခေါင်မိုးဟာ ဟာလာဟင်းလင်းဖြစ်သွားတယ်
နေ့လယ်က အတူကစားခဲ့တဲ့ သူငယ်ချင်းရဲ့လက်တစ်ဖက်
သွေးစက်လက်နဲ့ရင်ဘတ်ကို လာမှန်တယ် ၊

ညကချော့သိပ်ခဲ့တဲ့ အမေ့ရဲ့ရင်ဘတ်ကြီး
မြင်ရက်စရာမကောင်းအောင် ဟောင်းလောင်းပွင့်သွားတယ် ၊
ထမင်းခွံ့ကျွေးခဲ့တဲ့ အဖေ့ရဲ့ဦးခေါင်းတစ်ခုလုံး
အစိတ်စိတ်အမွှာမွှာ တစစီ ဖြစ်သွားတယ် ၊

ဂျီကျတတ်တဲ့ ညီမလေးရဲ့ဗိုက်က
အူတွေ အထွေးလိုက် အလျားလိုက် ၊
အမြဲသည်းခံအလျော့ပေးတဲ့
အစ်ကိုကြီးရဲ့သေအံ့မူးမူး ဆတ်ဆတ်တုန်ရင်နေခြင်း

အမှောင်ထဲက အလင်းတန်းတွေ
အော်သံခေါ်သံငရဲပွက်သံကြီးတွေဟာလဲ မကြားချင်မှအဆုံး
မျက်လုံးတစ်ဖက်ကလွဲလို့
ကျွန်တော့်တစ်ကိုယ်လုံးအပေါ်
မြေစိုင်ခဲတွေ ဖုံးအုပ်သွား…
ကျွန်တော်မွန်းကြပ်တယ်…။

ကျွန်တော် မသေဘူး
ကျွန်တော် မသေသေးဘူး…။

** ကျွန်တော်သေသွားခဲ့ရင်
လူတွေဖန်တီးတဲ့ စစ်ပွဲတွေအကြောင်းကို
ဘုရားသခင်ရှေ့မှာ ဖွင့်ချမယ် …** ။ ။

မိုးသက်ငြိမ်ဦး
၂ဝ၁၅ ၊နိုဝင်ဘာလ