အဲဒီ တံတိုင်းရဲ့နောက်မှာ (၁) – 
နရီမင်း

.

(၁)

အဲဒီတံတိုင်းရဲ့နောက်မှာ
နံစော်နေတဲ့ အခန်းတွေ ရှိတယ်။
အခန်းတွေရဲ့နံရံတွေက ပေပွလို့။
ရုပ်ပုံတချို့ စာသားတချို့နဲ့ အညစ်​အ​ကြေးတချို့။

နံရံတွေပေါ်
တချို့က မပြည့်ဝတဲ့ လိင်ဆန္ဒကြောင့် ပေါက်ကွဲကြသလို
တချို့က အမှန်တရားကြောင့် ပေါက်ကွဲကြတယ်။

(ညစ်ညမ်းစာသားတွေ အမှန်တရားနဲ့ ရောထွေးနေပုံက
ချိစ်တစ်ခြမ်း ယိုတစ်ခြမ်း သုတ်ထားတဲ့
ပေါင်မုန့်လို အရသာမျိုးပဲ)

ဘာပဲဖြစ်​ဖြစ်
အမှန်တရားရော လိင်ဆန္ဒပါ
သံတိုင်တွေနောက် သော့ခတ်ခံထားရတယ်။

ဒုစရိုက်​ရော သုစရိုက်ပါ သံတိုင်တွေနောက် 
အလွယ်​တကူ ရောက်လာနိုင်တာပေါ့။

နံရံတစ်နေရာမှာ
ဖောက်ပြန်သွားတဲ့ ခေါင်းဆောင်ကြီး ရုပ်ပုံနဲ့
ဂုဏ်ပြုစာသားတွေ တွေ့လိုက်ရတယ်
ယင်တလောင်းလောင်းနဲ့။

ဒါတွေ ရှိနေခဲ့တာ နှစ်အတန်ကြာခဲ့ပုံပါ
ဟောင်းနွမ်းသွားတဲ့ အမှန်တရားဆိုပါစို့
ဒီနံရံတွေပေါ်မှာပဲ ခေတ်ဟာ ပြောင်းပြောင်းသွားတယ်။

ဒီအခန်းတွေထဲ ရောက်လာသူတွေဟာလည်း
အမျိုးအစားပြောင်းသွားတယ်။

ခေတ်တွေ ပြောင်း လူတွေ ပြောင်းတော့
နံရံပေါ်က ရုပ်ပုံတွေ စာသားတွေလည်း ပြောင်းပြောင်းသွားကြတယ်။

ဒါပေမဲ့
နံရံတွေကတော့
ကမ္ဘာတည်သရွေ့ ခိုင်ခံ့နေဦးမယ့်ပုံပဲ။

နရီမင်း
၇- ၁၁- ၂ဝ၁၈

မှတ်ချက်။ အဲဒီတံတိုင်းရဲ့နောက်မှာ (၂) ကို ဆက်လက်ဖော်ပြသွားပါမည်။