တဖက်ပိတ် – 
ယောဟန်အောင်

.

ဒီမြို့မှာ အမှန်တရားက တခုပဲရှိတယ်
အဲဒီတော့ သတင်းမီဒီယာတွေတောင် ပဲ့တင်ပြန်ပြန်ပြောကြ 
အပိုစကား ဆွံ့အလို့။

ဒီမြို့မှာ ဇာတ်လမ်းတွေက တဖက်သတ်ပဲပြောတယ်
ရွေးချယ်စရာ အခြားဗားရှင်းဆိုတာ မရှိဘူး
ဟို ပရိသတ်က ဟိုဖက်အားပေး
ဒီ ပရိသတ်က ဒီဖက်အားပေး… ဒါပဲ။ 

ငါ့အိပ်မက်တွေလည်း 
လမ်းတဝက်က လှည့်ပြန်လာရတယ်
ညသန်းခေါင်မှာ နေထွက်လာခဲ့၊

စမ်းချောင်းကလေးလည်း 
တဝက်တပျက်မှာ သဲထဲထိုးဝင်လို့ ပျောက်ကွယ်
မြစ်ဟာ ပဲ့မပါတော့ 
ဘယ်ကိုစီးဆင်းနေမှန်း မသိနိုင်တော့ဘူး

ပင်လယ်တွေပျောက်လို့
အင်အားကောင်းတဲ့ လှိုင်းခေါင်းဖြူတွေလည်း
ကျောက်ဆောင်တွေက အနားသတ်ပစ်လိုက်တယ်။ 

ငါက တောမီးတွေလို တောက်လောင်လိုက်ချင်တာ
တောင်တွေပြုန်း တောတွေသုဉ်းတော့ လှည့်ပြန်ခဲ့ရ 
လေမိထားတဲ့စွန်ကို ခဏခဏ ဇက်ကြိုးပြန်သတ်၊

ငယ်သံပါ တောင်းတမှုတွေလည်း 
လည်ချောင်းထဲ တမံတုတ်
ပြန်ရုပ်သိမ်းခံရ၊ 
ငါ့နှလုံးသားဟာ ကျောက်ဂူထဲ 
တဖက်ပိတ် ငလျင်လှုပ်နေရတော့တယ်။ 

လုပ်နိုင်တာဆိုလို့
ကြယ်ကြွေတာကို ငါလက်ထဲ ဆုပ်ထားပါရစေ
ငါ့ ရင်ခတ်လှိုင်းသံတွေကို သဲဖြူထဲ မြုပ်ထားပါရစေ
ငါ့ ခံစားမှုတွေကို မီးတောင်ထဲ အုပ်ထားပါရစေတော့။ 

ယောဟန်အောင်
ဖေ ၈၊ ၂ဝ၁၈။

Credit @ http://yaw-han-aung.blogspot.com