ဘယ်နေ့တိတ်ဆိတ်မလဲ – 
တိုးနှောင်မိုး

.

မရယ်နဲ့နော်
အသားစက အရက်ခွက်ထဲပြုတ်ကျသွားတယ်။

အမှန်တရားက မမူးဘူး
အော်သံဟာ ချိတ်ထားတဲ့တိုက်ပုံထဲကေ၏ ချွေးနံ့
မမြင်ကွယ်ရာမှာ ခိုးငိုနေလည်း အရာမရောက်ပါဘူး။

သတ္တုဇွန်းမှာလည်း ခံစားချက်ရှိတာပဲ
ကလေးကစားကွင်းမှာလည်း အဆိပ်ရှိနိုင်တာပဲ
အတ္တဟာ မီးသင်္ဂြိုဟ်စက်ထဲက မီးခိုး
ရေထဲခုန်ချသွားတဲ့သစ်ရွက်ဟာ
မနက်ဖြန်ကို တိုက်စားနေတဲ့ လွှပါ။

ဂငယ်ကွေ့မှာ ဃကြီးကွေ့ ကွေ့လို့ မရဘူး
မင်းစိတ်တွေ ဘယ်ရောက်နေလည်း
အလှပြင်ဆိုင်က ထွက်လာတဲ့မိန်းမတိုင်းမသာယာဘူး

ဘူတာမှာ ရထားတွေပြည့်နေပြီ
စံပယ်တွေ ပွင့်ပြီလား
ဇော်စိမ်းပန်းတွေဟာ ပျော်နေကြတယ်

လေ့လာမိသမျှတော့
ငှက်တွေကိုငေးနေတာ ပျားရည်မရဘူး
ဆိုင်ကယ်အင်ဂျင်သံတောင် ငါ့လို လိုက်ကြေကွဲနေတယ်
အရှိန်ပြင်းပြင်း ပန်းတပွင့်မကြွေခင်။

အတူတကွ ဆာလောင်နေပါတယ်
ပြာလိုအရှုံးတွေ။ ။

တိုးနှောင်မိုး