နောက်သီး – 
မောင်မော်ကွန်း

.

” နောက် မှ ” ဆိုတာ
သေတာကလွဲရင်
ဘာတခုမှမကောင်းဘူး ငါ့တူရေ 
ဒီတနှစ်ကတော့ 
နောက်သီး မျှော်ရမယ့်ကိန်း
ကျိန်းသေ ဆိုက်နေပါပကောကွာ …

မိုးလေဝသ သဘာဝဘေး  
ပြေးမလွတ် ရှောင်မလွှဲသာတဲ့
ယာသမားဖြစ်ခဲ့မှတော့
ရှေ့သီးနှံ မဟန်လေသမျှ
နာလန်ထမယ့်ပုံ မပေါ်လည်း
ခါးစည်းခံရရုံပါ့လေ …

မိုးဦးမှာ ကြိုးစားပြီး အားခဲတာတွလည်း
သဲထဲရေသွန်ဖြစ်ရတာ မဆန်းပေမယ့်
တနှစ်ဖြင့် ဟုတ်နိုးနိုး အမျှော်အကိုးနဲ့
စိတ်ကူးယဉ်ခဲ့တာတွေလည်း

အကျိုးနည်း အချည်းအနှီးဆိုပါစို့ မောင်ရာ …

အမတော်ကြေး
ဟိုက သည်က ယူထားတဲ့
သီးနှံပေါ်ပေး
အကြွေးလေးရော အကြွေးကြီးပါ
သံသရာထိတော့ သယ်မသွားချင်ပါဘူးကွယ် …

မထူးဇာတ် က,တယ်ဆိုတာ
အရူးမီးဝိုင်း မပဋာ ထမီပိုင်း မနိုင်သလိုပဲပေါ့
ကျောကော့ရင်ချီ အားမာန်တော့ တင်းရပြန်ပြီ နော …

မိုးမျှော် အသက်ရှင်ရတဲ့ဘဝက မလွတ်သေးသမျှ
ယာသမားအဖို့
ယားတယ်လို့မှ ကုတ်အားတယ်မရှိ
အလုပ်နားတယ်ဆိုတာ ဆေးတစ်ဖွာရှိုက်ပေါ့ကွာ …

ကထိန်ခင်း ပဉ္စဇင်းခံ ရှင်ပြု
ဘာတခုမှ အလှူ ကြီးအတန်းကြီးမပေးနိုင်ရင်တောင်မှ
ဝါတွင်းဝါပ ဥပုသ်သီတင်းလေးစောင့်
ဆွမ်ဝတ်ကလေး မကြောင့်မကြ လှူနေရရင်ဖြင့် 
ပူလေသမျှအခဲတွေ ကြေနိုင်ကောင်းပါရဲ့ပေါ့နော် …

အဲ …
ပဲစင်းငုံ ပဲတီစိမ်း နှံစားပြောင်းနဲ့
ဆောင်းပဲလေးတကွက်ရယ်တော့
အသက်ကယ် အသက်ဆက်
ယာထဲက မထွက်ချင်အောင် လုပ်နိုင်ပါစေတော့ရယ်လို့
နောက်ကျတာ မကောင်းပေမယ့်
နောက်မှ သေချင်တဲ့အကြောင်း
ဆုတောင်းရပေဦးတော့မပေါ့ကွာ … … … ။ ။

မောင်မော်ကွန်း

( သပြေရင် ပေါ်ယဲ့ထရီ )
mmk [ 20.7.18 / 1:35 p.m ]