ခေတ်မီတဲ့ သားကောင် – 
လင်းသီ

.

နှာခေါင်းပေါက်ထဲကို ဝင်ဝှေ့တဲ့လေမှာ
ပန်းရနံ့မရတာကြာပြီ။
လူငယ်တွေရဲ့အရေပြားပေါ်က အရုပ်များလို
ငြိမ်းချမ်းရေးကို ကမ္ဘာတည်သရွေ့ တည်စေလိုမိ။

မိမိကိုယ်ကို ပြန်ကြည့်ပါ
လက်သန်းလေးကို ပြန်ကြည့်ပါ
ငါ ဘယ်အထိ ရောက်ခဲ့ပြီးပြီလဲ။

ပန်းသည်မလေးရဲ့ အော်မြည်သံတွေထက်
သားသတ်ရုံက ဓားသွေးသံ ပိုညံနေတဲ့ခေတ်
ကုန်ကုန်ပြောရရင် သယံဇာတ ပေါ့။

ထားလိုက်တော့
အလေ့ကျပေါက်တဲ့ မြင်းခွာရွက်တောင်
အစည်းအနှောင်မလွတ်တဲ့ ခေတ်ပဲ။

တို့မီး ရှို့မီး များစွာကြား
ငါတို့မှားတာက မှိုင်းငွေ့ဝနေတဲ့ မီးပုံးပျံလို
အမြင့်ကိုမရောက်နိုင်ဘဲနဲ့ မြင့်လွှားနေကြမိ။

ဆေးထိုး ကြမ်းကြလေတယ်
နိုင်ငံရေးကိုမှ ဆေးထိုးကြမ်းကြလေတယ်
သစ်တစ်ပင်စိုက်မှုနဲ့ တရားစွဲခံထားရတဲ့ တရားခံမရှိသလို
သစ်တစ်ပင်ခုတ်မှုနဲ့လည်း တရားစွဲမခံကြရဘူး။

ထန်းတက်သမားလေးကို ဘယ်လိုစီရင်ကြမှာလဲ
ဘယ်သူ့ကို ထပ်ပြီးအရေးယူမှာလဲ
လာဘ်ပေးလာဘ်ယူ မဖြစ်ပွားရအောင်
ကျွန်တော်အကြံပေးချင်တာ
လာဘ်ခေါ်ရုပ်များ ထပ်မံထုတ်လုပ်ရောင်းချခြင်းကို
အပြီးသတ် ရပ်ဆိုင်းပေးပါ။

ဒီခေတ်မှာ လူဖြစ်ရတာ တန်တယ်နော်
ပလောင်းပလဲနဲ့လည်း ကြုံတယ်
အပြောင်းအလဲနဲ့လည်း ကြုံတယ်
နေနဲ့လည်း ကြုံတယ် ရွှေနဲ့လည်း ကြုံတယ်
နောက်ပြီး အမေနဲ့လည်း ကြုံတယ်

မမြင်ချင်တာ ဘုရားစူးနဲ့လည်း ကြုံတယ်
အရင်တစ်ခါ မကြားဖူးခဲ့လည်း ကြုံတယ်
မရှိဘဝနဲ့လည်း ကြုံတယ်
ပဋိပက္ခနဲ့လည်း ကြုံတယ်

ဖေ့ဘုတ်နဲ့လည်း ကြုံတယ်
အတေ့အဖြုတ်နဲ့လည်း ကြုံတယ်
Selfieနဲ့လည်း ကြုံတယ်
စစ်မီးနဲ့လည်း ကြုံတယ်။

အတွေ့အကြုံများများရဖို့
ငါတို့လူငယ်တွေ ဒီခေတ်မှာလူဖြစ်လာတာ
ကဲ ဘယ်လောက်ခေတ်မီလိုက်သလဲ
သားကောင်ဖြစ်ရတာက လွဲလို့။ ။

လင်းသီ
၂/၅/၂ဝ၁၆(၁၂း၂၅)