ထူနေတဲ့ ဆေးသားတချို့ကို ခြစ်ထုတ် – 
ဝင်းဌေးဦး

.

ကိစ္စရှိခဲ့တယ်
သရုပ်လွန်တွေ တအိအိပြိုကျခဲ့ ။

ငါ နဲ့ကင်းကွာနေတဲ့
ငါ့ လက်တွေက
ငါ့ ဘဝ လက္ခဏာရေးမှာ
ဆေးသားတွေ ပိန်းနက်နေတယ် ။

ငါ ကျေနပ်နေခဲ့တာပါ
ငါ့ဆေးရောင်တွေထဲ နစ်မြုပ်နေမှုတွေ ။

အစွယ်ထွက်နေတဲ့ အသံတွေက
ဘောင်မရှိတဲ့ ဝါးတစ်လုံးစီပဲ ။

မဟုတ်သေးပါဘူးဆိုတာ
ပါးလွှာတဲ့ဖိနပ်တရံရဲ့ အကုန်မြန်မှုလို
လေဟာ ဖိနပ်ချုပ်သမား စစ်စစ်မဟုတ်သေးဘူး ။

အစွန်းအထင်းတွေမှာ ဆေးတွေပြန်ပြန်စွန်းလို့
ငါ့ကိုယ်ငါ မထမ်းနိုင်တော့တဲ့
သေငယ်ဇောတွေ ပေနေပေါ့ ။

ပြန်လည်ကြည့်မြင်ချင်တဲ့
ငြိမ်းချမ်းတဲ့ တေးသံကို
ငါ ဘယ်လိုများ ဆေးသားတွေ ထူထပ်ခဲ့ပါလိမ့် ။

ပြပွဲမမီလဲနေပါစေ
ငါ့ နံရံက ဆေးထူ ပျစ်ပျစ်တွေ
ငါ မသေမီ ပြန်ခြစ်ထုတ်ဖို့
ကာလတစ်ခုတော့
သေမင်းဆီက ခွင့်ပန်တောင်းချင်ပါသေးရဲ့

အပြာနုနုတွေနဲ့ အဖြူဆေးစက်တွေဟာ
ငါ့ ဖြစ်နိုင်ချေ များစွာပေါ့ ရှင်သေမင်း ။

ဝင်းဌေးဦး
၁ ၄ ၉ ၁ ၈