ရွှေရည်စိမ် – 
ခိုင်ဇော်(ပလိပ်)

.

ခေတ်က…
စစ်အာဏာရှင် အရိပ်အောက်
တိတ်တိတ်လေး လှဲနေရတာနဲ့
ခပ်ချေချေ ထ, ထ အော်နိုင်တဲ့
အခြေအနေလေး
ပိုရခဲ့ရုံလေးပါပဲ…။

ဒါနဲ့များ…
အတိတ်က အရိပ်တွေကို
နေရောင် ကွယ်မသွားမချင်း
လွယ်ထားချင်ကြတယ်…။

ကျားဆွဲစေချင်လို့
နွားခွဲ ခံနေရတာလည်း
အသည်းမှာ စာရေးမထားမိတဲ့
နွားတွေရဲ့ အမှား…။

ရပြီးသား
အလင်းမှိန်မှိန် အောက်မှာ
လမ်းမပျောက်ဖို့အတွက်
အနာဂတ်တွေကို ထမ်းထား…
အနာဂတ်တွေ ကျန်းမာဖို့လိုတယ်လေ…။

ဒါနဲ့များ…
မဲပြာပုဆိုးတွေ ဆလွယ်သိုင်း
တတိယလှိုင်းကို ဖြတ်ကြ…။

ခေတ်က
ကမ္ဘာကြီးတိမ်းစောင်းနေတာကို
တည့်မတ်ပေးချင်သူတွေများတယ်…

ရွှေရည်စိမ်ခံထားရတဲ့
အသက်မဲ့ အခွင့်အလမ်းတွေကို
ဖက်တွယ်သူတွေများတယ်…။

နွားတွေရဲ့
အမှတ်သည်းခြေ နဲမှုက
ကျားတွေ အတွက်တော့
အသက်ရှုမှန်စေတယ်…။

ဒါနဲ့များ…
မဲပြာပုဆိုးတွေ ဆလွယ်သိုင်းထားတုန်း…။
ခေတ်က…
ခပ်ချေချေ ထ,ထ အော်နိုင်တဲ့
အခြေအနေလေး
ပို ရခဲ့ရုံလေးပါပဲ…။

ခိုင်ဇော်(ပလိပ်)