အားပေးစကားလေးများ – 
လေပြည်ချမ်းချမ်း

.

[၁]

ပင်​လယ်​ကို ကူးဖြတ်နေတဲ့လူတစ်​​ယောက်​ရယ်​ ။
ကမ်း​ပေါ်က ရပ်​ကြည့်​​နေတဲ့လူနှစ်​​ယောက်​ရယ်​ ။
မိုးချုပ်လုညနေမှောင်ရီရီကို ကိုယ်​​ယောင်​ပြ​ပေး​နေတဲ့ကြယ်​က​လေး​တွေရယ်​ … ရှိတယ်​။

[၂]

‘ပင်​လယ်​ကို  ​ကူးဖြတ်တဲ့သူ’ က ကူးနေရင်းတွေးမိတယ်။

‘အို … ဒုက္ခပဲ။ ငါ​တော့ ငါ ရည်​ရွယ်​တဲ့ ​ကမ်းတစ်​ဖက်​ကို ​ရောက်​ပါ့မလား။ ရေစီးကလည်းကြမ်း၊ မုန်တိုင်းကလည်းထန်​။ ညကလည်း​မှောင်​လို့ ။ အ​ဖော်​မွန်​ဆိုလို့ လှိုင်းက​လေး​တွေပဲရှိတယ်​။ သူတို့ကလည်း စိတ်​မထင်​ရင်​ မထင်​သလို ငါ့ကို လက်​ကြမ်းကြီးနဲ့ ​ရေ​အောက်​အနက်​ကြီးဆီ ဖိနှိပ်​ဆွဲချတတ်​​သေးရဲ့။ ငါ့မှာ မောရင်နားဖို့ လက်ဖြစ်ဖောင်ကလေးတောင် မရှိပါလား’

လမ်းခရီးမှာ သူစိတ်​ပင်​ပန်းစွာ ငိုညည်းမိတယ်​။ 

[၃]

ကမ်း​ပေါ်မှာ လူနှစ်ယောက်ရှိတယ်။ 
သူတို့က ပင်လယ်ဖြတ်ကူးတဲ့သူကို  အမှတ်မထင်တွေ့လိုက်မိကြတယ်။ 
‘ဟော…ဟိုမှာ လူတစ်​​ယောက်​မဟုတ်လား။’  ပထမလူက ဆိုတယ်။

‘ဟုတ်​ပါ့ဗျာ ။ ပင်​လယ်​ကို ကူးေ​နတာဗျ ။ ​သြော်​ ဒုက္ခ ကြီးလိုက်​တာဗျာ။ ဘာကိရိယာ ယာဉ်​လက်​နက်​မှ မပါဘဲနဲ့ ဟိုဘက်​ကမ်းကို သူရောက်မတဲ့လားဗျာ။ ဒီ​လောက်​ကျယ်​​ပြောလှတဲ့ ပင်​လယ်​ပြင်​ကြီးကို ဖြတ်​ပြီး​တော့​လေ။ ​လောဘ​​တွေ ​လောဘ​တွေ။’ ဒုတိယလူက ကျွတ်တသပ်သပ်ပြုရင်း ရှုံ့မဲ့ကာဆိုတယ်။

‘ဒါနဲ့၊ … သူက ခင်​ဗျားရဲ့မိတ်​​ဆွေမဟုတ်လားဗျ ။ ဟိုတစ်​​နေ့က ဒီဘက်​ကမ်းမှာ ခင်​ဗျားနဲ့ စကား​ပြော​နေတာ မြင်​မိတယ်​။’

‘ဟုတ်​တယ်​။ သူက စိတ်​တက်​ကြွ​နေတာနဲ့ ကျွန်​​တော်​မြှောက်​ပေးလိုက်​တာ။ သူက တကယ်​ကြီးပဲ ​နောက်​တစ်​​နေ့​တော့ ပင်​လယ်​ထဲကို  ခုန်​ချဖြတ်​ကူးသွားတယ်​။’

ဒုတိယလူက ​လှောင်​ပြုံး ပြုံးရင်း မခိုးမခန့်​ ရယ်​​မော​နေတယ်​။

‘ဒါဆို ခင်​ဗျားက သူ့ကိုဘာ​ကြောင့်​ အား​ပေးလိုက်​တာလဲ။ တကယ်​ဆို တားသင့်​တာမဟုတ်​လား။ ဒီ​ခေတ်​ကြီးမှာ ပင်​လယ်​ကို ကိရိယာတန်​ဆာပလာမပါဘဲကူးတဲ့သူ ဘယ်​သူရှိလို့လဲ။ အနည်းဆုံး​တော့ ​ရေဒီယို တစ်​လုံး​တော့ အချက်​ပြဖို့ ၊ဆက်​သွယ်​ဖို့ ​ဆောင်​သွားရမှာ​ပေါ့။ သူက သိပ်​သတ္တိရှိတာပဲဗျာ ။’

ပထမလူရဲ့ချီးကျူးစကားသံကို ကြား​တော့ ဒုတိယလူက အံ့သြသွားတယ်​။ ပြီး​တော့ ပြန်​​ချေပတယ်​။ 

`အဲဒါ သတ္တိ​ရှိတာ မဟုတ်​ဘူး မိုက်​ရူးရဲတာဗျ။ ဟားဟား´

ပထမလူက မျက်မှောင်ကျုံ့ပြီး တွေးနေတယ်။ ပြီးတော့ တစ်လုံးချင်း ဆိုတယ်။

`အင်း … ဖြစ်နိုင်ပါတယ်။ ဒါ​ပေမယ့်​ ကျွန်​​တော်​ထင်​တယ်​။ အဲဒီလူ တစ်​​နေ့​နေ့ သူ​ရောက်​ချင်​တဲ့ကမ်းကို ပြင်းပြတဲ့ဆန္ဒတစ်​ခုနဲ့ ​ရောက်​သွားပြီဆိုရင်​ သူ ခင်​ဗျားကို သိပ်​​ကျေးဇူးတင်​​နေလိမ့်​မယ်​။´

ဒုတိယလူက မခိုးမခန့်ပြုံးလိုက်တယ်။ `ဒီမယ်​ ခင်​ဗျားရယ်​စရာ​တွေ သိပ်​မ​ပြောပါနဲ့ဗျာ ။ သူ့အတွက်​ ဖြစ်​နိုင်​​ချေက ဟိုဇာတ်​လမ်းနာမည်​​လေးလို `ရှိ​တော့ရှိတယ်​ ရှားတယ်​´ဗျ။ တစ်ရာခိုင်နှုန်းပဲ ။ ကျွန်​​တော်​ မမှားနိုင်​ဘူး။’

`​အေး​ဗျာ ထားပါ​တော့။ ကူညီ​ဖေးမသူ မရှိတဲ့ အ​ခြေအ​နေနဲ့ ကြာရှည်​ကျ​တော့ ဟိုဘက်​ကမ်းကို ​သူ ရောက်​ဖို့ မလွယ်ဘူးပေါ့။ သို့​ပေမယ့်​လည်း ကျွန်​​တော်​ထင်​တယ်​။ သူ လမ်းတစ်​ဝက်​မှာ ကျရှုံးသွားရင်​လည်း ခင်​ဗျားကို ​ကျေးဇူးတင်​​နေမှာပဲ။´

ဒုတိယလူက ငြိမ်​သက်​စွာနဲ့ လှည့်​ကြည့်​လာတယ်​။ သူ နားလည်​ပုံမရဘူး။

`ဘာလို့လဲဆို​တော့ သူက ဒီမှာပဲ မ​နေချင်​ဘူး​လေ။ သူ့ဆန္ဒက အဲဒီအရပ်​ကို သွားချင်​တယ်​။ ခင်​ဗျားက ကူညီအား​ပေးလိုက်​တယ်​။ သူ​ရောက်​သည်​ဖြစ်​​စေ မ​ရောက်​သည်​ဖြစ်​​စေ သူ့ဆန္ဒ​လေးဟာ ခင်​ဗျား​ကြောင့်​ အသက်​ဝင်​သွားတယ်​။ အနည်းဆုံး​တော့ ကိုယ့်​ဆန္ဒ​လေးကို လင်းလက်​​အောင်​ မီး​မောင်းထိုး​ပေးခဲ့တဲ့ ခင်​ဗျားစကားရဲ့တွန်းအားက အား​ပေးမှု​လေးဖြစ်​ခဲ့တာကိုး။ သူ ခင်​ဗျားကို ​ကျေးဇူးတင်​​နေမှာပါ။´

`အို ကျွန်​​တော်​က ​ကျေးဇူးတင်​မခံချင်​ပါဘူး။ သူ့ကို သနားတာပဲ။ ခင်​ဗျားသိတဲ့အတိုင်း ကျွန်​​တော်​တို့ လူ့အဖွဲ့အစည်းမှာ အချင်းချင်းအား​ပေးကူညီခြင်းဆိုတာ ဝတ္တရားလို ယဉ်​​ကျေးမှုတစ်​ခုပဲ။ ဒါကို ဒီလူက​တော့ နားမလည်​ဘူးဗျ။ အဲဒီလူက သူများကို အား​ပေးရ​ကောင်းမှန်း နားမလည်​ဘူး။ သူ့အယူအဆနဲ့ ​ဘောင်​ဝင်​လာလို့ သူကြိုက်​ရင်​​ကြိုက်​ ။ သူ မကြိုက်​ရင်​​တော့ လုံးဝပဲ။ ဟန်​​ဆောင်​ပန်​​ဆောင်​  မလုပ်​ဘူး။ မျက်​နှာလွှဲ ဥ​ပေက္ခာပြုထားတတ်​တယ်​။ အဲဒီ​တော့ ဘယ်လိုလုပ်ကြမလဲ ။ ´

ပထမလူက စိတ်​ထဲက ​တွေးမိတယ်​။ 

“သူက ဟန်​မ​ဆောင်​တတ်​တာ​ရော မဖြစ်​နိုင်​ဘူးလား။ အနည်းဆုံး ကျွန်​​တော်​တို့ မမြင်​​အောင်​ လူမသိသူမသိ​ ဖုံးကွယ်​ထားတဲ့ ​နောက်​​ကျောဓားဒဏ်​ရာ​ အမာရွတ်​​တွေနဲ့ လူများဖြစ်​​နေမလားလို့ပါ။ အဲဒီလိုလူ​တွေက လူ​တွေကို ကြည့်​တဲ့အခါ ခင်​မင်​တဲ့စိတ်​အစား စိမ်းသက်​တဲ့အကြည့်နဲ့ကြည့်တတ်ကြတယ်​။ တကယ်​​တော့ အမာရွတ်​​တွေရဲ့နာကျင်​မှုက သူ့ကို ​အခုထိ ခြောက်​လှန့်​​နေဆဲမို့​လို့ပေါ့​။”

“ဒီမယ်​ ခင်​ဗျားကို ကျွန်​​တော်​တစ်​ခု​ပြောချင်​တယ်​။ လူ​တွေကို ဘယ်​​တော့မှ ​နောက်​​ကျောကို ဓားနဲ့မထိုးမိ​စေနဲ့ဗျ။ သိပ်​အမြင်​ကတ်​ရင်​​ ရှေ့က​နေသာ ရင်​ဘတ်​ကို ပွင့်​ပွင့်​လင်းလင်း ​သတ္တိရှိရှိဆောင့်​တွန်းလိုက်​။ တကယ်​​တော့ ​နောက်​​ကျောဓားနဲ့ထိုးတယ်​ဆိုတာ လူလူချင်းယုံကြည်​မှုကို အဆိပ်​ခတ်​ပစ်​တာ။ အဲဒီအဆိပ်​က ​နောက်​​ကျောဓားထိုး လုပ်​ကြံခံလိုက်​ရတဲ့သူတင်​မကဘူး လူ့​ဘောင်​တစ်​ခုလုံးကို ဖျက်​စီးပစ်​မယ့်​ အဆိပ်​ဗျ။ လူလူချင်းယုံကြည်​မှု ပျက်​ပြားသွားရင်​ ဒီကမ္ဘာမှာ ကလိန်ကောက်ကျစ်မှုတွေ၊ အောက်တန်းကျမှုတွေ တင်းကြမ်းနဲ့ အ​သေးစားစစ်​ပွဲ​တွေ၊ အကြ်ီးစားစစ်​ပွဲ​တွေ မီးဟုန်းဟုန်းတောက်ပြီး ငြိမ်းချမ်း​ရေးမရှိနိုင်​​တော့ဘူး။ အဲဒါ​သေချာတယ်​။”

ပထမလူက ဆက်ပြောသည်။

`ဘာပဲဖြစ်​ဖြစ်​ သူ ခင်​ဗျားကို ​ကျေးဇူးတင်​​နေမှာပါ။ ဒဏ်​ရာ​တွေနဲ့လူရဲ့စိတ်​ကို ခင်​ဗျားမှန်​​အောင်​ မဖတ်​တတ်​ခဲ့​ပေမယ့်​ သူ့ကို ဝတ္တရားအရ အား​ပေးမှု​လေး​တော့ ခင်​ဗျားပြုနိုင်​ခဲ့တယ်​။ သူ ဟိုဘက်​ကမ်း​ရောက်​ခဲ့သည်​ရှိ​သော်​ ခင်​ဗျားရဲ့ကောင်းမွန်တဲ့ အား​ပေးစကား​လေးက သူ့နှလုံးသားအတွင်းထဲထိ ချိုမြိန်​စွာ ထိုးစိမ့်​ပျံ့နှံ့ပြီး ဒဏ်​ရာအမာရွတ်​​တွေရဲ့ နာကျင်​ခံစားမှုအစား အား​ပေးမှုရဲ့ ကြီးမြတ်​တဲ့ စွမ်း​ဆောင်​မြှင့်​တင်​နိုင်​စွမ်း​လေးကို သူ တတ်နိုင်သမျှ ဖြန့်​​ဝေ​ပေးနိုင်​ဖို့ ကျွန်​​တော်​​မျှော်​လင့်​ပါတယ်​လေ။´

[၄]

နေလုံးကြီးက လုံးလုံး​ပျောက်​ကွယ်​သွားပြီး … ကြယ်​က​လေး​တွေသည်​ အ​မှောင်​ ကန့်​လန့်​ကာကို ကိုယ်​တိုင်​ဖြန့်​ကျဲ အလှဆင်​ကြ​လေပြီ။ `အား​ပေးစကား´ဆိုတာ အဲဒီကြယ်​က​လေး​တွေရဲ့အ​ရောင်​လိုပါ။ ကျွန်မတို့ရဲ့ကောင်းကင်မှာ ကြယ်မှုန်လေးတစ်စက်ရှိနေရင်ပဲ ဒူးမထောက်လက်မမြှောက်၊ ဘယ်တော့မှ အရှုံးမပေး၊  ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် ရှေ့ဆက်ချင်တဲ့ လူသားတွေအတွက် မျှော်လင့်ချက် ဆိုတာ ရှိနေသေးတာပါပဲ။      

ဘဝပင်​လယ်​ပြင်​ထဲက ခရီးသွားလူသားဟာလည်း ကြယ်​က​လေး​တွေရဲ့ အလင်း​ရောင်​တခိုမှာ စိတ်စွမ်းအားဓူဝံကြယ်​ကို လမ်းပြခိုင်းရင်း၊ အရုဏ်​တက်​ရင်​​တော့ သူရည်​မှန်းရာခရီး​ပန်းတိုင်ဆီ​သို့ အရောက်​လှမ်းနိုင်လိမ့်​မည်​ဟု …။    ။

လေပြည်​ချမ်းချမ်း

18:34 PM /Auguts 24th /2015/Monday.