ခေတ်စကားနဲ့ပြောရရင် – 
နေရိုင်း

.

သောက်ရမ်းလှတဲ့ ငါတို့ဘဝတွေကို ဖာထေးနေရတယ်

အဲ့ဒီထက်လှတဲ့စကားလုံး သုံးရရင်

အမေ ကျွန်တော်တို့ကို နားမလည်သေးပါဘူး။

ညက ဝက်အူချောင်းတွေကို အိပ်မက် မက်တယ်

ဘုရားကျောင်းက ဖာသာကတော့ပြောတယ်

မင်း မစားနဲ့အုံး  မင်းထက် ငတ်တဲ့သူတွေ စားပါစေတဲ့

ကျွန်တော်စဉ်းစားတယ် ကျွန်တော်စဉ်းစားတယ်

ကုန်းကောက်စရာမရှိတဲ့ ကျွန်တော်တို့ထက်

ဆင်းရဲတွင်း ဘယ်သူတွေက နက်မလဲ။

ဝက်အူချောင်းကို ပေးစားရတာ ကျွန်တော်ဝမ်းမနည်းပါဘူး

ကျွန်တော့်ထက် ဆင်းရဲသူတွေရှိလို့ ဝမ်းနည်းရတယ်။

ခေတ်စကားနဲ့ပြောရရင်  

ခင်ဗျားက ကျွန်တော်တို့ကို ဂျင်းထည့်နေတာပါ

ခင်ဗျားဟာ ပုံပြောကောင်းသူတယောက်

ခင်ဗျားအသံက တယောထက်တောင်ချွဲသေးတယ်။

အဲ့ဒီလှုပ်ရမ်းတဲ့ခန္ဓာက ကောင်းတယ် မကောင်ဘူး

ငွေစာရင်းတွေက သက်သေပြလိမ့်မယ်။

ကျွန်တော့် အိမ်ရှေ့ကလမ်း

ဘယ်အစိုးရလက်ထက်ကမှ မခင်းခဲ့ဘူး

အခုခင်းနေပြီလေ။

အသွားအလာက မကောင်းတော့ဘူး

ခေတ်စကားနဲ့ပြောရရင်

ကျောက်ခဲက ထမင်းစာတိုင်း ဝါးစားနေရတယ်။

ငါတို့ဆာတယ် ငါတို့ဆာတယ် ငါတို့ဆာတယ်

ငါတို့ဆာတယ်။

နေရိုင်း