သရုပ်မှန်ကဗျာဆရာများ –
ဖိုးရွှေညီမှိုင်း
.
သစ်​ပင်​ကြီး လဲကျ​သွား
သစ်​ခုတ်​သမားများ
ချွေး ​သွေး အသက်​ ဘဝ​တွေ
သစ်​ခုတ်​သမား​ အားလုံးရဲ့ဘဝ​တွေ
ဘဝ​တွေနဲ့ ရင်း
လဲကျသွား သစ်​ပင်​ကြီး …
ခုတ်​ရုံ ထစ်​ရုံ တတ်​ရှာကြသူများ
ဒီသစ်​ပင်​အသားနဲ့
သူတို့အိပ်​မက်​​ထဲက
အဆင်းလှ ပန်းပုရုပ်​များ
သူတို့ကိုးကွယ်​လိုတဲ့ 
တန်ခိုးကြီး ဆင်းတုရုပ်​များ
ဖန်​တီးတတ်​သူ
ပန်းပုဆရာမြတ်​တို့ဆီ
ခုတ်​ပြီး ထစ်​ပြီး 
ဒီ အရိုင်းအစိုင်း
သစ်​တုံးကြီးကို အပ်​ခဲ့ပြီ …
အနုပညာဆိုတာကို
သစ်​ခုတ်​သမား​တွေ မတတ်​ပါ
သစ်​ခုတ်​သမား​တွေ နားမလည်​ပါ
သစ်​ခုတ်​သမား​တွေ မလုပ်​တတ်​ပါ
သစ်​ခုတ်​သမား​တွေ အလုပ်​မဟုတ်​ပါ
အနုပညာကို
ပညာ​တတ်​ ပညာရှင်​တို့သာ တတ်​ပါတယ်
ပညာတတ်​ပညာရှင်​တို့သာ နားလည်​ပါတယ်
ပညာတတ်​ပညာရှင်​တို့သာ လုပ်​တတ်​ပါတယ်
ပညာတတ်​ပညာရှင်​တို့ရဲ့အလုပ်​သာ ဖြစ်​ပါတယ်
ဘာဖြစ်​ဖြစ်​ပါ
ဒါ​ပေမယ့်​ …
အရိုင်းအစိုင်းသစ်​ခုတ်​သမား​တွေ ​နေတဲ့ရွာ
မိုင်း*1​တွေ ပတ်​လည်​ဝိုင်း
စစ်​ဖြစ်​​နေပါတယ်
မီး​လောင်​​နေပါတယ်
ရေကြီး​နေပါတယ်
သူခိုး ဓားပြ​တွေ မင်းမူ
လူကြီး​တွေ က​လေး​တွေ
ရှင်​စရာ သန်​စရာ ​နေရာ ရှာကြရင်း
သေပြီးရင်း​သေ​နေကြပါတယ်
ပန်းပုပညာရှင်​​တွေမှာ မျိုးဆက်​​တွေရှိသလို
သစ်​ခုတ်​သမား​တွေမှာလည်း မျိုးဆက်​​တွေရှိတယ်
ပန်းပုပညာရှင်​​တွေမှာ အသက်​​တွေရှိသလို
သစ်​ခုတ်​သမား​တွေမှာလည်း အသက်​​တွေရှိတယ်
ပန်းပုပညာရှင်​​တွေမှာ ဘဝ​တွေရှိသလို
သစ်​ခုတ်​သမား​တွေမှာလည်း ဘဝ​တွေရှိတယ်
“သစ်​ခုတ်​သမား​တွေ”ပါ
ခံစားတတ်​တဲ့
ရင်​ဘတ်​ကြီး​တွေ ကိုယ်​စီနဲ့
ကဗျာအစစ်​​တွေ ကိုယ်​စီနဲ့
ဖိုး​ရွှေညီမှိုင်း
၂ဝ၁၈ စက်​တင်​ဘာ ၁၈
*1 … mines
(စက်​တင်​ဘာ ၁၈ အမှတ်​တရ)