လမ်း​ပေါ်တက်​လာတဲ့ ​ချောက်​ကမ်းပါး – 
မိုးဦး​ဆွေညိန်း 
.
အဓိပ္ပာယ်​မဲ့​တေးသွားနဲ့ အချိုးမကျတဲ့ကခုန်​မှု
အခုလို အမြဲစိမ်း​တောအုပ်​ထဲမှာ  ပိတ်​​မိ​နေပုံနဲ့ဆို
လျှောက်​​သောလမ်းဟာ စမ်းတဝါး
မြွေ ဖား လိပ်​ ဆင်​ … အမျှင်​တန်းစရာ
ဘဝဟာ ​လေး​ကောင်​ဂျင်​ ဝင်​ထိုးတာမှမဟုတ်​ဘဲ
ချောက်​နက်​နက်​ထဲ ​လေထီးမဖွင့်​ဘဲသာ
ခုန်​ချလိုက်​ကြ​ပေ​တော့။
မြစ်​​ကြောင်း​ဖော်​မှ ​ရေစီးသာမယ့်​ကိစ္စ
မြစ်​ဦးတည့်​ရာ စွပ်​​ကြောင်းအတိုင်းထိုး​ဆင်း​မှု​က
မျိုးဆက်​ကမ်းပါး​တွေ တရိရိပြိုကျမှုကို ဖြစ်​​စေခဲ့
အ​နှေးပြကွက်​အတိုင်း ထိုင်​ကြည့်​ရင်း
အခန်းဆက်​ အမြည်း။
ရင်​နာသံနဲ့ ငြင်းဆန်​မှုဟာ
ဘလက်​ကင်​ဝှိုက်​ သင်းကင်း* ပါပဲ
ဟိုး ခပ်​​ဝေး​ဝေးက ပျက်​ရယ်​ပြုစရာ
အခု လမ်းတည့်​တည့်​​လျှောက်​မယ်​ပြင်​ခါမှ
ချောက်​ကမ်းပါး​တွေက အဆင်​သင့်
ဖွင့်​ထားတဲ့ ​ ​နောက်​ခံ​တေးသွားနဲ့ အရုပ်​မဲ့ပြဇာတ်
ပိတ်​လိုက်​​ပါ​တော့။
မိုးဦး​ဆွေညိန်း 
၂၂၊ ၈၊ ၂ဝ၁၈။
* black & white thinking