မုန်တိုင်းစဲပြီး နှစ်(၃ဝ) – 
ထက်ဝေး

.

သွေးမုန်တိုင်းတိုက်ခဲ့တာ
အခုဆို နှစ်သုံးဆယ်ကြာခဲ့ပြီ

အလို
အကိုကြီးမွန်းအောင်ရေ
သွေးမြစ်တွေ ရဲရဲနီသတဲ့လား

အလွှာပေါင်းစုံရဲ့တိုက်ပွဲ
လှောင်အိမ်ထဲက
အလုအယက်တိုးထွက်တဲ့ ငှက်တွေလို
ပြန်တွေးရင်
ပြန်မျက်ရည်ဝဲရ

ကျွန်တော်လည်း
ဖောက်ပြန်တဲ့လူတန်းစားကိုမုန်းတယ်

အဲဒီတုန်းက
မုန်တိုင်းထဲ အသက်ကို အရင်းတည်လို့
ပျော်ခဲ့တယ်

မုန်တိုင်းကို
လေးလေးနက်နက် ဂုဏ်ပြုခဲ့တယ်

ကျွန်တော်တို့ ဖန်တီးခဲ့တဲ့ ကမ္ဘာသစ်ကို
ကျွန်တော့် ညီမလေးကတော့
မမြင်ရရှာဘူး

လူထုအုံကြွ
အင်အားပြတဲ့ သွေးမုန်တိုင်းစဲတော့
ရောင်နီပေါ်ပြီ
ဟိုး အတိတ်မှာ
သွေးမြစ်တွေ ရဲရဲနီခဲ့တယ်။

ထက်ဝေး

*သံစဉ်စာသားရဲနည်(ဧရာဝတီ)ရဲ့
အဆိုတော် မွန်းအောင်သီဆိုသော
“သွေးမုန်တိုင်း”သီချင်းကို ခံစားသည်။