မူဆယ် – မိုးညဖြူ

.

ပင်လယ်ရေ မျက်နှာပြင် ၂၇၀၀ အမြင့်ပေါ်က မြို့ကလေး
တောင်တန်းတွေနဲ့ သိပ်ကိုလှတယ်
မြူတွေကတော့ အုံ့ အုံ့ မှိုင်းမှိုင်း
ရှမ်းအိုးစည်သံ တညံညံနဲ့ 
လွယ်ပလိုင်းနဲ့ ကနေကြတာ
ငေးကြည့်ရလောက်အောင်
ရိုးရာဓလေ့ကို ခုံမင်ကြတယ်။

ခေတ်နဲ့ တွဲယှက်ထားတဲ့ မြို့ကလေးဟာ
စရိုက်တော့စုံတယ်
သေနတ်သံ  ဗုံးသံတွေနဲ့ ကစားရင်း
မောပန်းမှုတွေနဲ့ လည်းအိပ်မောကျနေတယ် ။

ကုန်ဝင်ကုန်ထွက်နဲ့ ကို
တဖက်နိုင်ငံနဲ့  လက်ဆွဲနှုတ်ဆက်မှုပိုရတယ်

ထင်းရှုး မပေါဘူး
ရော်ဘာ မထွက်ဘူး

ကျောက်တောင်တွေပေါတယ်
ယာဘတွေပေါတယ်

တောင်တန်းတွေဟာ
မိုးထိအောင်တော့ မြင့်မားနေသေးကြောင်း
နှင်းမြူတွေက သက်သေပြတယ်။

အပူသည်တွေကိုလည်း လက်ခံပေးတယ်
လောဘတွေနဲ့ လာလည်း နားလည်ပေးတယ်
ဘယ်ဘာသာ ကိုးကွယ်ရမှန်းမသိပေမယ့်
ရှမ်းစကားဝဲဝဲလေးတော့ ကြားနေရသေးကြောင်း
ဈေးကြီးက သက်သေပြလို့။

မိုးညဖြူ