ဇူလိုင်မျက်ရည် – ဧညိမ်းဝေ

.

ရွာမယ့်ရွာတော့လည်း 
တပြည်လုံး တင်းအပြည့်ပါပဲ
ကျပ်မပြည့်တဲ့ သေနတ်က မောင်းပြန် 
ပါစင့်တေ့က ငယ်ထိပ်တိုင်းကို တက်မှန်တယ်
ပစ်ချက်အလွဲ ဟန်ချက်အမှန်နဲ့
တပြိုင်တည်း ယိုင်လဲကျခဲ့တာပဲ
တိုင်းပြည်ကတော့ သွေးပွက်ပွက်အန်သွားတယ်။

မိုးရွာထဲက မီးတောက်
ခုထိ တောက်လျှောက် လောင်တယ်
လောင်ချင်တဲ့ မီး
အောက်စီဂျင်ဖျန်းပြီး အားပေးသရလို
မီခိုးကို ဆွဲဆန့်မှ
ကြိမ်မီးအုံးနေတာ တွေ့ရတယ်
သူရဲကောင်း အရိုးက မီး မတိုးဘူး
သူရဲကောင်း စိတ်ဓာတ်က ပြာမဖုံးသေးဘူး။

အသဲနာတာကို ဖွဲပြာနဲ့တိုက်
ငါတို့အငိုက်မိနေတဲ့ အမှောင်
အဲဒီနေ့ကစပြီး ထွန်းပြောင်တော့တာပဲ

အဖရေ…
ခင်ဗျားပြောစကားအတိုင်းပါပဲ
ဖာဂိုဏ်းတွေ ပေါလာတယ်
ကျွန်တော်တို့ ပြာမကျသေးသ၍
ခင်ဗျား အရိုးနဲ့ ဖိုထိုးပေးရမှာပဲ
မျိုးရိုးဂုဏ်လည်း ရေမွမ်းတော့မယ်။

လေတိုက်တိုင်းလှုပ်နေရတဲ့ ပြည် အခက်
လေညင်းရာ လွင့်နေရတဲ့ ပြည် အလံက
မုန်တိုင်ထဲမှာ တပြည်တည်နေခဲ့ပြန်ပြီ
မိုးထဲရေထဲ လောင်မီးကျနေတဲ့ ဒဏ်ရာနဲ့
ဘယ်မျက်နှာတွေက ပွင့်လန်းလာဦးမှာလဲ
ပန်းတွေငိုနေတာ တချို့ကမသိဘူး။

ရာသီခမျာမှာလည်း နာကျင်အချိန်ပိုပါပဲ
ဝင်တော့မယ့် ဂိုးလည်း ခြေတပေါင်ကျိုးသွားသလို
ပိုက်စိပ်တိုက်ရှာလိုက်ရတဲ့ ပျော်ရွှင်မှုမှာ
ကြမ်းပြင်တွေပဲ ပိုက်ကွန်နဲ့ တိုးခဲ့တယ်။      ။
                                                     

ဧညိမ်းဝေ
07 July 2018