သားကောင် – 
ပင့်ကူအိမ် (ဆားလင်းကြီး)

.

ငွေရေး ကြေးရေးကို အငမ်းမရ လိုက်ဖမ်းနေ
နွေးထွေးခြင်းဟာ သဲကြိုးပြတ် ကျွတ်ကျ
စိတ်ဖဝါးမှာ ဆူးအစုံစုံ နစ်ဝင်ခဲ့ ။

နေထွက် နေဝင် ဝမ်းစာရေးတွေနဲ့ မူးယစ်
ကြည်နူးဖွယ်ဟာ ဝစ်လစ်စလစ်
ရေသောက်ရတာတောင် ခပ်ရှက်ရှက်ပဲ ။

နေတွေသာ အဝင် အထွက် သူ့ နရီနဲ့
အားကျမခံ ငါ့ ဒုက္ခဟာလည်း စည်းနဲ့ ဝါးနဲ့
လရောင်တွေ မဆမ်းဖြစ်တော့တဲ့ ညစာများ ။

မိသားစု အိမ်လေးဟာ
ထရံတွေ လုံသထက် လုံလာ
ပစ္စည်း ပစ္စယဟာ ဂိုဒေါင်ဆန်သထက် ဆန်လာ
လေနုအေးတွေ မတိုးတော့ အိုက်စပ်စပ်ပေါ့ မေမေ ။

ခေတ်နောက်လိုက်ရင်း
နောက်ကောက်ကျလာတဲ့ မေတ္တာတရားဟာ
သစ္စာဖောက်နေသလို ခံစားရ ။   ။

ပင့်ကူအိမ် { ဆားလင်းကြီး }