လူငယ် – 
လင်းသက်ငြိမ်

.

မလိုအပ်လည်း ခပ်မာမာပဲ
မကြိုက်တာကို မကြိုက်ဘူး
ကြိုက်တာကို ကြိုက်တယ်
အဖြေက ခလုတ်ဓား အသစ်တစ်ချောင်းလို
လင်းကနဲ ဝင်းကနဲ

ခေတ်က ကျောသပ်ချော့မြူနေတာမဟုတ်တော့
မြင်ကွင်းတိုင်းက အနီရောင်မှိုင်းမှိုင်းဆိုတော့
စကားလုံးတွေ
အတောင်ညှပ်ခံခဲ့ကြရတယ်ဆိုတော့
ယုံကြည်ချက်တွေကို 
အတင်းအညွန့်ချိုးခဲ့ကြတော့
အနာဂတ်တွေကို 
အမှောင်ချခံခဲ့ကြရတယ်ဆိုတော့
… ဆိုတော့
…ဆိုတော့

စိတ်မရှည်ပေမယ့် ဆံပင်ရှည်ရှည်ထားတယ်
လျှာပြားဦးထုပ်ကိုနောက်ပြန်ဆောင်းတယ်
ဗန်းစကားတွေပြောတယ်
စိတ်ထွက်ပေါက်က လမ်းပေါ်ကခဲလုံးအပေါ်မှာ
ကုပ်ကုပ်ကလေးသွားနေတဲ့ခွေးအပေါ်မှာ
ကြည့်မရတဲ့ ဘဲတွေတွေ့ရင်ဘုရှိုးပစ်လိုက်မယ်
ပြိုင်းတယ်…
ရိုင်းတယ်…

လမ်းတွေက မှုံဝါးနေမှတော့
ကိုယ့်ကိုယ်ကို အသုံးချခွင့်မရတော့
အိပ်မက်ကြီးကြီးတွေလည်းအလကားပဲ
စိတ်ကူးမြင့်မြင့်တွေလည်း အလကားပဲ
ဘော်ဒါတွေစုံလာပြီဆို မိုက်ခဲမယ်
မကြည်တာတွေစုံလာပြီဆို ရိုက်ခွဲမယ်

ဖုန်တောထဲကျနေတဲ့ အင်္ကျီအဖြူပါ
ဖုတ်ဖက်ခါ ပြန်လျှော်ဖွပ်
ပွဲသွားပွဲလာ ဝတ်လို့ရပါသေးတယ်

မယုတ်မာဘူး
မစော်ကားဘူး
မကောက်ကျစ်ဘူး
မယဉ်ကျေးဘူး
မလိမ္မာဘူး
မပျော့ပြောင်းဘူး
မနာခံဘူး
မကြောက်ရွံ့ဘူး

သတ္တိရှိရင် တစ်ပွေချင်းဖြဲ
အဖြေတစ်ခုခု ရရင်ပြီးသွားတာပဲ
ကိုယ်ဦးရင် ကိုယ်ဆော်
သူဦးရင် သူချ
မိမဆုံးမ ဖမဆုံးမလို့လာမပြောနဲ့
ဘယ်သူတွေမှာ တာဝန်ရှိတယ်ဆိုတာ
ခေါင်းပါသူတိုင်းသိတယ်။              ။

လင်းသက်ငြိမ်