သွေးနဲ့ရေးတဲ့ကဗျာ – 
ဝင်းမင်းစိုး(မိထ္ထီလာ)

.

ဆူညံမှုထဲမှာ
အော်ခဲ့ရလွန်းလို့
တိမ်ဝင်သွားတဲ့ အသံတွေအတွက်
စွင့်ထားရတဲ့ နားတွေက
ဘယ်တော့မှ မလေးဘူး ။

အမှောင်ထုထဲမှာ
လျှောက်ခဲ့ရလွန်းလို့
အသားမာတက်ခဲ့တဲ့ ခြေထောက်တွေအတွက်
ကျင့်သားရနေတဲ့ မျက်လုံးတွေက
ဘယ်တော့မှမကန်းဘူး ။

ဖိနှိပ်မှုထဲမှာ
မြှောက်ခဲ့ရလွန်းလို့
ပြုတ်ထွက်လုနီးနီး လက်တွေအတွက်
အနင်းခံခဲ့ရတဲ့ ခေါင်းတွေက
ဘယ်တော့မှ မညွတ်ဘူး ။

ဒီလိုနဲ့ပဲ
နှစ်သုံးဆယ်ကြာခဲ့ပြီ
အနာဂတ်ပျောက်နေတဲ့ လမ်းပေါ်မှာ
ကျခဲ့တဲ့သွေးတွေက
ခုထိ မခြောက်သေးဘူး ……… ။

ဝင်းမင်းစိုး(မိထ္ထီလာ)
(ရှစ်လေးလုံး ပုလဲရတု………သို့)