နားထင်ကိုထောက်ထားတဲ့ သေနတ်ပြောင်းဝ – 
မိုးသက်ငြိမ်ဦး

.

ဘယ်သူမှ ထင်မထားတဲ့
ငါကိုယ်တိုင်လဲ ထင်မထားတဲ့ နေ့ရက် အချိန်နာရီ နေရာမှာ
နားထင်ကို အေးစက်စက် သေနတ်ပြောင်းဝ  လာ တေ့တယ်

လျှပ်တပြက်အတွင်း ငါ့စိတ်တသန်းဟာ ဆန်းကြယ်စွာပြေးလွှား
ငါ့စိတ်ကုဋေဟာ တိတ်တိတ်နေ ထောင်တန် 
ငါ့စိတ်အမှောင်ဟာ ရှောင်ပြေးရန်လုံးလုံးမရှိ
မိုက်ကနဲဖြစ်တာ တခုတည်းကိုသာ အနိုင်နိုင်ထိန်း
အပြင်ပမ်းမှာ ငါဟာ တည်ငြိမ်သူကြီး ငါဟာ သူရဲကောင်း

အခု ငါ့ကို ပစ်သတ်တော့မယ့် သေနတ်က ငါ့ နားထင်မှာ
ငါ့ဇီဝိန်ကို နှုတ်မယ့်သူက ခလုတ်ဖြု တ်မှာ
ငါ့အသက်ကို လှီးမယ့်သူက ငါ့အနီးမှာ

အခုပဲ ငါသေတော့မယ်
မသေခင် ငါ့သားလေးကို တွေ့ချင်သေးတယ်
မသေခင် ကဗျာ တပုဒ်ရဲ့နောက်ဆုံးတလိုင်းကို ဖြည့်ချင်သေးတယ်
မသေခင် အမေမ့ကိုလဲ ကန်တော့ချင်သေးတယ်
မသေခင် အားလုံးကိုလဲ ပြီ့းပြည့်စုံအောင် မှာချင်သေးတယ်
မသေခင် …

ဘာပဲပြောပြော အခုတင်ပဲ ငါဟာ သေရတော့မယ်
ရှင်ခြင်းပြီးရင် သေခြင်းလာမှာ သိနေပေမယ့်
တကယ်တော့
ငါ မသေချင်သေးဘူး
တနေ့သေရမှာပဲ ပြောနေပေမယ့်
ငါ မသေချင်သေးဘူး
သေတာဘာမှမဆန်းဘူး ဆိုနေပေမယ့်
ငါ မသေချင်သေးဘူး  

ငါ သေချင်သည်ဖြစ်စေ မသေချင်သည်ဖြစ်စေ
အခု ငါ သေရတော့မယ်
သေနိုင်သည်ဖြစ်စေ မသေနိုင်သည်ဖြစ်စေ
အခု ငါ သေရတော့မယ်

ငါ့ နားထင်ကို သေနတ်ပြောင်းဝ တေ့ထားထားတယ်
ငါတို့ နားထင်ကို သေနတ်ပြောင်းဝ ထောက်ထားတယ်
ကြာတော့
အရိပ်ကို မေ့ထားသူလို
သေနတ်ပြောင်းဝကို မေ့ထားကြတယ်
အသက်ကို အမြစ်လိုဆွဲနှုတ်မယ့်သူကို မေ့ထားကြတယ်
သေနတ်ပြောင်းဝကို မေ့ထားကြတယ်
မေ့ထားခြင်းမှာ ကျင့်သားရစွာ ငါတို့ မေ့ထားကြတယ်

အခု
ငါ့ နားထင်ကို သေနတ်ပြောင်းဝ ထောက်ထားတယ်
ငါတို့ နားထင်ကို သေနတ်ပြောင်းဝ ထောက်ထားတယ်
ငါတို့
မေ့ထားကြဦးမှာလား 
ေ  သ  န  တ်ေ  ပြာ  င်း  ဝ  များ  ကို  . . . ။

မိုးသက်ငြိမ်ဦး