စွဲမိစွဲရာနေ့စွဲများ – 
မောင်ငြိမ်းအောင်(အင်္ဂပူ)

.

ငါတို့ ဖြတ်ခဲ့တယ်ဆိုတဲ့
အသားကျချင်ယောင်ဆောင်ခဲ့တဲ့ နှစ်ကာလတွေပေါ့

မျှော်လင့်ချက်ဆိုတာ
နာကျင်မှုများများ
မျိုသိပ်မှု အတော်အသင့်
ဒဏ်ရာအပြင်းအထန်နဲ့
လက်ထိုးအန်ခဲ့ရတဲ့ နှစ်ကာလတွေပေါ့

အမှောင်ရောင်သမ်းတဲ့ ခေတ်ကြီးထဲ
ငါတို့ပွင့်ဝေခဲ့တဲ့ ချစ်ခြင်းမေတ္တာမှာ
အငွေ့ပျံနေတဲ့ နိုင်ငံတော်ကြီးရယ်
အရိပ်အမိုးမကင်းတဲ့ လွတ်လပ်ခြင်းရယ်
ထုပ်ပိုးထားတဲ့ အိပ်မက်တချို့
ဒီမြို့လေးရဲ့သံသရာတချို့ကို
သိမ်းပိုက်နိုင်ခဲ့တယ်ဆိုပါတော့

ကြွေချင်တာ အကြွေလွယ်သလောက်
ရှင်ချင်ရာ ရှင်ဖို့ခက်တဲ့ ခေတ်ထဲ
အလေ့ကျပန်းတွေလို 
စိတ်လိုလက်ရ လွင့်ဝဲနေတဲ့နေ့တွေ
ပြန်မလာတော့တဲ့ သူငယ်ချင်းတချို့အတွက်
ဂိုလ်ဒေါ့ ကို စောင့်သလို
ငါတို့စောင့်ခဲ့ကြ

အထိန်းသိမ်းခံရတဲ့ မျှော်လင့်ခြင်းအတွက်
အဘိုးကြီး စန်တီယာဂို ကို သတိရကြ
အထိအရှများတဲ့ ခေတ်ကြီးမှာ
ငါတို့ကောက်ရလိုက်တဲ့ အရာတွေ

မုန်တိုင်းထန်သလို
အရိုင်းဆန်ဆန် လူ့အဖွဲ့အစည်းထဲ
ငါတို့ ထိလွယ်ကြ
ငါတို့ ငြိလွယ်ကြ

ငါတို့ တိုးဝင်ခဲ့တဲ့ ညနက်ကြီးထဲ
ကြယ်တွေ တဖွဲဖွဲကြွေလို့
ရင်နာနာနဲ့ သံကုန်အော်လို့

ငါတို့ ယဉ်ပါးခဲ့တဲ့ ခေတ်ကြီးအတွက်
ကြွေလေသူ ကြယ်များအတွက်
ယုံယုံကြည်ကြည်ပါပဲ
မပြည့်တဲ့ဆုတွေ တောင်းဖြစ်ခဲ့ကြတယ်…။     ။
                       

မောင်ငြိမ်းအောင်(အင်္ဂပူ)