နရီမင်း – ငါ့မြို့(၈)

(၈)

ငါ
အဖေရိုက်တာ ခံရတဲ့နေ့တွေ
အမေကြိမ်းမောင်းတာ ခံရတဲ့နေ့တွေမှာဆို
စိတ်ညစ်ညစ်နဲ့ချောင်းကမ်းနံဘေးမှာ တစ်ညနေလုံး ထိုင်ပြီး
ချောင်းထဲမှာ သွားနေတဲ့
လှေ၊ သမ္ဗန်၊ မော်တော်ဘုတ်နဲ့ ဖောင်တွေတာဘေးမှာ ဆိုက်ထားတဲ့
ရောင်စုံသင်္ဘောငယ်တွေကို ငေးကြည့်နေခဲ့ဖူးတယ်။

အခုတော့ ချောင်းဟာ ရေကြောင်းခရီးအတွက်
အသုံးဝင်တော့မယ့်ပုံမပေါ်ဘူး
ဆယ်စုနှစ်တွေချီပြီး
ဈေးကြီးထဲက အမှိုက်​သရိုက်​တွေ အများကြီး
ချောင်းကို ဖို့ခဲ့တာမို့ အတော့်ကို တိမ်ကောနေလောက်ပြီ
ကုန်းကြောင်းလမ်းတွေ
အရင်ကထက် အများကြီး ပိုကောင်းလာလို့လည်း ဖြစ်​မှာပါ။

ငါ့မြို့အကြောင်း ပြောရင်
မြို့က ဘုရားကြီးနဲ့ ဘုရားပွဲလည်းမပါမဖြစ်ပေါ့။
ဘုရားကြီးက ငါ့အိမ်နဲ့ အတော်ဝေးတယ်။
ငါ ငယ်တုန်းက အဖေဟာ နံနက်​အစောကြီး
ဘုရားကို လမ်းလျှောက်သွား
ဘုရားပေါ် တရားထိုင်​ ပုတီးစိပ်​တယ်။
ငါ့ကို နှိုးပြီး ခေါ်သွားတတ်တယ်။
ငါ လိုက်သွားတာ အပြန်ကျရင်ဆိုင်ဝင်ပြီး
အဖေ ဝယ်ကျွေးတာတွေစားချင်​လို့ပါ။

မိသားစုထဲမှာ
သားအကြီးဆုံးဖြစ်တဲ့ ငါက အခွင့်ထူးခံပါ။
တခြားမောင်နှမတွေ မစားဖူးတာတွေ စားဖူး
သူတို့ မရောက်ဖူးတာတွေငါ စားခဲ့ ရောက်ခဲ့ဖူးတယ် ဆိုပါတော့။

အမေက ငါ့အတွက်​ပဲ
ဟင်းတွေ အများကြီး ချန်ထားတတ်တယ်။
ဒါပေမဲ့ ငါဟာ
မိသားစုကို စိတ်ဒုက္ခအပေးဆုံး သားသာဖြစ်ခဲ့တယ်။
မိသားစုက ငါ့စိတ်ထဲ လုံးလုံး မရှိခဲ့ဘဲ
ငါ မှန်တယ်ထင်တဲ့နောက်
ခြေစုံပစ်လိုက်ရင်း မိသားစုအရေးပဲ တွေးတဲ့ အဖေ့ကို
တစ်ကိုယ်ကောင်းဆန်လွန်းတယ် ထင်ခဲ့တယ်။

အဖေဟာ
မနက် မနက် တရားထိုင်​ ပုတီးစိပ်ပေမယ့်
အိမ်ရောက်ရင် ဒေါသကြီး မြဲ
သူ အချစ်​ဆုံး​လို့ ဆိုပေမယ့်
ထောင့်မကျိုးတဲ့ ငါ့ကို ရိုက်မြဲပါ။

ဘုရားကြီးပေါ်မှာ
မိသားစုနာမည်နဲ့ အဖေ ဘုရားတစ်ဆူတည်ခဲ့တာလည်း
အဖေ ဆုံးပြီးနှစ်တွေ အတော်ကြာမှ ငါ သိတာ။

ဘုရားကို သွားတဲ့လမ်းဟာ
ဘုရားလမ်းပေါ့။

ငါ ငယ်တုန်းက
ဘုရားလမ်းက ညဖက်ဆိုလူပြတ်တယ်။
လုတာ ယက်တာတွေ ရှိတယ်။
လမ်းသရဲတွေ ညညဘုရားလမ်းမှာ ချိန်းချိန်းပြီး
တစ်အုပ်နဲ့ တစ်အုပ် ရိုက်ကြသတဲ့။

အဲ့ဒီခေတ်က
စိုင်းထီးဆိုင်ရဲ့ ပလက်ဖောင်းမင်းသားသီချင်းထဲကလို
ဘရားသားကြီး ဇေပါတယ် ခေတ်ပေါ့။
လူငယ်တချို့
လမ်းသရဲပေါက်ဆိန်လို့ခေါ်တဲ့
လက်​ကိုင်​ပါ သံနဲ့လုပ်တဲ့ပုဆိန်​သေးသေးတွေနဲ့
ချိန်းကြိုးတွေ ဆောင်ကြတယ်။

ဆံပင်​အရှည်ကြီးတွေ ထားပြီး
အလက္စတစ္ကိုယ္က်ပ္အက်ႌ
ဖလဲဖင်ကျပ်ဘောင်းဘီတွေဝတ်ကြတဲ့ခေတ်။

ခါးပတ်​ခေါင်းတွေက အကြီးကြီး။
လူငယ်တွေ ဟီးရိုးအင်းကြောင့်သေကြတဲ့ခေတ်ပါ။
စက်မှုတက္ကသိုလ် တက်နေတဲ့
ငါ့အကို ဝမ်းကွဲတစ်ယောက်တောင်
ဦးနေဝင်းသားနဲ့ ပေါင်းပြီး
နံပါတ်​ ဖိုး စွဲဖူးသတဲ့။

အကိုဝမ်းကွဲတွေ အိမ်လာတော့
ငယ်​ငယ်​​လေးပဲရှိသေးတဲ့ငါက
သူတို့ပုံစံကို ရေလည်မိုက်တယ် ထင်ပေမယ့်
အဖေက
မင်းတို့ သောက်ပုံကလည်းကွာလို့ ပြောတယ်။

သူတို့က
ဦးငယ်ကလည်း ခေတ်က ဘယ်တူမလဲ
ဦးလည်း ဦးခေတ်မှာ ​ဂေါ်လီပဲလို့ ပြောတယ်။
ခေတ်ဆိုတာ ဘာလဲ
ငါ စစဉ်းစားမိခဲ့မယ်ထင်တယ်။

အကိုဝမ်းကွဲတွေက
မင်းအဖေ ငါတို့အရွယ်တုန်းက
ဆိုင်​ကယ်​ တဘုန်းဘုန်း
ခြောက်လုံးပြူးသေနတ် ခါးချိတ်ပြီး
လျှောက်သွားနေတာပါကွာလို့ ပြောတယ်။

အဖေက ငါ့ကို
ဒီမြို့မှာ ဆိုင်​ကယ်​ ပထမဆုံး စစီးတာ
ငါပေါ့ကွာလို့
သားအဖချင်း ကြွားဖူးတာတော့ မှတ်မိတယ်။

ငါလည်းသူ့ဘော်ဒါ မင်းသားကျော်ဆွေစတိုင်နဲ့
ဆံပင်ကို လူရိုင်းခေါင်း ခေါင်းလိမ်းဆီနဲ့
ကော့နေအောင် ဖြီး
စတိုင်ဘောင်းဘီ တကားကားနဲ့
ဖွန်လျှောက်ကြောင်နေမယ့် အဖေ့ပုံမြင်ယောင်မိပါရဲ့။

အဖေ့ခြောက်လုံးပြူးသေနတ်က
ငါ ပထမတန်းအရွယ်ထိ ရှိသေး၊
အဖေက ငါတို့ ဆော့မှာစိုးလို့
ကျည်​ဆန်တွေ ဝှက်ထားတတ်တယ်။

ဦးသန့်အရေးအခင်းအပြီး
အရပ်သားတွေလိုင်​စင်​နဲ့ ကိုင်တဲ့ ​သေနတ်​တွေ သိမ်းတော့
အဖေ့သေနတ်လည်း အပ်လိုက်ရတယ်။

နရီမင်း

အပိုင်း(၁)ကို ဖတ်ရှုရန်
https://thefreedomwave.com/?p=35392

အပိုင်း(၂)ကို ဖတ်ရှုရန်
https://thefreedomwave.com/?p=36351

အပိုင်း(၃)ကို ဖတ်ရှုရန်
https://thefreedomwave.com/?p=38548

အပိုင်း(၄)ကို ဖတ်ရှုရန်
https://thefreedomwave.com/?p=39070

အပိုင်း(၅)ကို ဖတ်ရှုရန်
https://thefreedomwave.com/?p=41106

အပိုင်း(၆)ကို ဖတ်ရှုရန်
https://thefreedomwave.com/?p=42468

အပိုင်း(၇)ကို ဖတ်ရှုရန်
https://thefreedomwave.com/?p=43709

မှတ်ချက်။ (“ ငါ့မြို့ ” ကဗျာ အပိုင်း- ၉  ကို ဆက်လက်ဖော်ပြသွားပါမည်)

Credit@ https://www.facebook.com/min.lwin.351