ကိုကိုအောင်(ရုက္ခ) – 
မိုးတွေရွာခဲ့တဲ့ မနက်ခင်းလေး

.

သူငယ်ချင်း သိန်းကျော်စိုး ကျည်ဆန်တချက်ထိပြီး
ခွေခနဲ ကတ္တရာလမ်းမပေါ် လဲကျသွားသည်။ 
သူ့ခန္ဓာကိုယ်လေးမှာ သွေးတွေ စိုရွှဲ လို့သွားသည်။ 
ကျွန်တော် 
ကျွန်တော့်သူငယ်ချင်း အဖြစ်ကို မြင်နေရသည်။ 
ကျွန်တော် သူ့ကို သွား ဆွဲလို့ မရ။ 
ကျည်ဆန်တွေက ကျွန်တော့် ဘေးက ဖြတ်သွားသည်။ 
ကတ္တရာလမ်းဘေးက ရေမြောင်းထဲကို ကျွန်တော် လှိမ့်ဆင်းလိုက်ရသည်။

သက်အရွယ်လေး အတော်အတန် ခရီးပေါက်ခဲ့တော့ ကျွန်တော့် စိတ်အာရုံ ခံစားမှု အသိထဲ မှာ ဘာသာတရား ဘာသာရေး အသိလေးတွေက သူ့ အလိုလို နေရာယူလာလေတော့သည်။ နိစ္စဓူဝ လူမှုဘဝထဲမှာ တတ်စွမ်းသမျှ စိတ်အကြည်ရောင်လေးကို ပိုးမွေးသလို မွေး ဖြစ်ခဲ့ပါတော့သည်။ အရာရာသည် ဖြစ်ပြီးရင် ပျက်၊ ပျက်ပြီးရင် ပြန်ဖြစ်ရလေတဲ့ သံသရာကိုလည်း ရိုးရိုးလေးသာ ကျွန်တော် မြင်ခဲ့မိလေတော့သည်။ 

အဲ့ဒီ့ သံသရာတကွေ့ .. သံသရာအကွေ့လေးထဲမှာ သူနဲ့ ကျွန်တော် ဆုံစည်း ခဲ့ရလေသည်။ အဲ့ဒိတုန်းက ကျွန်တော်တို့ မော့ကြည့်ခဲ့တဲ့ ကောင်းကင်က လွတ်လပ် ပေါ့ပါးနေခဲ့သည်။ ကျွန်တော်တို့ ရင်ဘတ်တွေက အဖြူထည်သက်သက်။ ကျွန်တော့် ဘ၀ ကို တစ်ပြီးရင် နှစ်ဖြစ်ရ မယ်ဆိုတဲ့ အစီအစဉ် အတိုင်းသာ သွားခဲ့ရပါက သူနဲ့ကျွန်တော် ဆုံတွေ့ခွင့် ရခဲ့မှာ မဟုတ်။ ခုတော့ အရာရာသည် ကံစီမံရာအတိုင်း ဖြစ်ပြီးသွားခဲ့ပေပြီ။

ကျွန်တော့်အသက်လေး ငယ်ငယ်မှာ မိဘနဲ့ ခွဲခွါပြီး ကျွန်တော့် အဖေရဲ့ အမေ ( အဘွား ) အိမ်မှာနေပြီး ကျောင်းသွားတက်ခဲ့ရလေသည်။ အဘွားသည် စည်းကမ်း အလွန်ကြီးသည်။ ဌာနဆိုင်ရာ အရာရှိတယောက်လည်း ဖြစ်သည်။ အဘွားမှာ အသက် ကိုးဆယ်ကျော် အမေ တစ်ယောက်လည်း ရှိလေသည်။ ထို အသက် ကိုးဆယ်ကျော် ကျွန်တော့်ရဲ့ ( အဘွားအေ ) ကြီး  နေထိုင် မကောင်းဖြစ်ကာ အိပ်ရာထဲလဲလေတော့ ရှေးလူကြီး သူမတွေရဲ့ ထုံးစံအတိုင်း  အဘွားအေကြီးရဲ့ စိတ်ဆန္ဒ အတိုင်း အထွေးဆုံး ( မြစ် ) လေးဖြစ်သူ ကျွန်တော့်အား သင်္ကန်းစည်း ကိုရင်လေး ၀တ်ပေးဖို့ လူကြီးတွေ စီစဉ်ကြပါတော့သည်။

ည်လိုနဲ့ ကျွန်တော့်ကို ရှင်သာမဏေ ပြုပေးကြပါတော့သည်။ သင်္ကန်းလေးရုံပြီး ( အဘွား အိမ်ကို ) ကျွန်တော် ရောက်သွားတော့  အိမ်ရှေ့ ဘုရားခန်း အိပ်ရာလေးပေါ်မှာ ပက်လက်ကလေးလှဲနေတဲ့ အသက်ကိုးဆယ်ကျော် ( ဘွားအေကြီး ) ငေါက်ခနဲ ထထိုင်ကာ လက်အုပ်လေးချီရင်း ကိုရင်လေး ကျွန်တော့်ကို ဦးသုံးကြိမ် ဝပ်တွား ကန်တော့ပါတော့သည်။ 

သူဘ၀တပါးကို ပြောင်းမသွားခင် ငါ့ မြစ်ကလေးကို သင်္ကန်း စည်းပေးခဲ့ပါရစေဆိုတဲ့ ဘွားအေကြီးဟာ ကျွန်တော့်ကြောင့် နာလန်ထ ကျန်းမာလာတာကြောင့် ဆွေမျိုးတစုရဲ့ ဆန္ဒအရ အဘွားအေကြီး အနားမှာ ကျွန်တော်နေပေးဖို့ ဖြစ်လာရတော့သည်။ သည်အတွက် ကျွန်တော်သည် မြို့ပြက ကျွန်တော့် မိဘများနေထိုင်ရာ အိမ်ကလေးဆီမှ .. မြို့သစ်ရှိ အဘွား၏ ခြံဝင်းကျယ် အိမ်ကြီးဆီသို့ ရောက်ခဲ့ရတော့သည်။ မြို့ပြက ကျွန်တော် တက်ခဲ့ရာ ယောက်ျားလေး သီး သန့်ကျောင်းကနေ ယောက်ျားလေးနှင့် မိန်းကလေးရောထားရာ မြို့သစ်က ကျောင်း ကလေးဆီ သို့ ပြောင်းရွှေ့ တက်ခဲ့ရလေတော့သည်။

စ်ရက်မှာတော့ အဘွား၏ ခြံဝင်းကျယ် အိမ်ကြီးဆီကို အသားဖြူဖြူ အရပ်ရှည်ရှည်၊ ဥပဓိ ကောင်းကောင်း လူတယောက် ရောက်လာခဲ့လေသည်။ ထိုနေ့သည် အဘွား၏ ရုံးပိတ်ရက် တနင်္ဂနွေနေ့ ဖြစ်လေသည်။ အမှန်အတိုင်း ပြောရလျှင် အဘွားအိမ်မှာ ကျွန်တော် ပျင်းနေမိသည်။ အဘွားသည် ခြံတံခါးကို အမြဲ သော့ခတ်ထားသည်။ မြို့ပြက မိဘတွေ အိမ်မှာဆိုလျှင် ကျွန်တော့် အစ်ကိုရှိသည်။ ကျွန်တော့် အစ်ကိုက ဂစ်တာတီးသည်။ ကျွန်တော့်ကိုလည်း ဂစ်တာတီး သင်ပေးသည်။ ကျွန်တော့် အမေရဲ့အမေ ( အဘွား )က ကျွန်တော့် အမေရဲ့ အစ်မ အကြီးဆုံက မွေးသော မြေးငါးယောက်နှင့် ကျွန်တော်တို့ ညီအစ်ကိုနှစ်ယောက် .. စုစုပေါင်း မြေး ခုနစ်ယောက် စလုံးကို အရမ်းအလိုလိုက်သည်။ 

ကျွန်တော်တို့ အိမ်က ကန်တော်ကြီး၊ ကရဝိက်၊ ရုပ်ရှင်ရုံတွေနဲ့ နီးသောကြောင့် အဘွားက စနေတနင်္ဂနွေ လိုရက်မျိုးမှာ ချိုင့်ကြီး ချိုင့်ငယ် အသွယ်သွယ်နဲ့ ချက်ပြုတ်ပြီး ကျွန်တော်တို့ မြေးတစုနဲ့ ပျော်ပွဲစားထွက် ကြလေသည်။ တခါတရံ ကျွန်တော်တို့ လမ်းထဲက သူငယ်ချင်းတွေပါ ကျွန်တော်တို့နဲ့အတူ လိုက်ပါခဲ့ကြလေသည်။ ခုတော့ .. အဖေ့အမေ ( အဘွား ) က စကားကလည်းနည်းသည်။ သူရုံးအားရက်တွေမှာ အိမ်အလုပ်တွေလုပ်ပြီးတာနဲ့ စာပဲ ဖတ်နေတော့သည်။ ကျောင်းတောင် မဖွင့်သေး ကျွန်တော့်အတွက် စာကြည့် စားပွဲကို အဘွားက ပြင်ဆင်ထားနှင့်လေပြီ။  သည်အတွက် ကျွန်တော်လည်း အဘွားနှင့် သံယောင်လိုက်ပြီး စာအုပ်တွေ ဖတ်ဖြစ်ခဲ့တော့သည်။ 

ကျွန်တော့်ဘကြီး ( အဖေ့ရဲ့အစ်ကို ) ကျောင်းဆရာဖြစ်သူ ဦးကံမြင့်၏ စာအုပ် ဗီရိုသော့ကို အဘွားက ကျွန်တော် သူ့အိမ်ကို စရောက်ပြီး မကြာခင်မှာ ဖွင့်ထားပေးခဲ့လေသည်။ “ အရှေ့ကနေ၀န်းထွက်သည့်ပမာ ”၊  “ ပါရီကျဆုံးခန်း ”၊ “ မီးလောင်မြေ ” ၊ “ နွေတစ်ည ” ၊ “ လေရူး သုန်သုန် ” စာအုပ်တွေက စုံလှသည်။ နားအေးပါးအေး နေတတ်တဲ့ အဘွားအိမ်မှာ ဂစ်တာ ဒေါင် ဒေါင် ဒင်ဒင် လုပ်ဖို့ မဖြစ်နိုင်လေသည်မို့ ဂစ်တာသံလေးကို တချို့ညတွေမှာ ကျွန်တော် လွမ်းဖြစ်မိလေတော့သည်။ 

သားရေ .. ဒီမှာ မင်းဘဘ .. ဦးကံမြင့်ရဲ့ သူငယ်ချင်းရောက်နေတယ် . .. ခဏလာပါဦး ” ဟု အဘွားက ခေါ်သဖြင့် ခြံဝင်းထဲမှ အမှိုက်သရိုက်တွေကို တံမြက်လှည်းနေရာမှ အိမ်ပေါ်သို့ အပြေးကလေး လှမ်းခဲ့ရတော့သည်။ အဘွားခြံထဲမှာ သစ်ပင်ကြီးတွေ စိမ်းစိမ်းစိုစို အုပ်အုပ်စိုင်စိုင်း ရှိလေသည်မို့ သစ်ရွက်ကြွေတွေကို မီးရေးထင်းရေးအတွက်ရော စိတ်ချရအောင် မြေဆွေးလုပ်ဖို့အတွက်ပါ လှဲကျင်းပြီး မြေကျင်းထဲမှာ ဖို့ထားရလေသည်။ အဘွားသည် သစ်ပင်စိုက် ဝါသနာလည်း ပါလေသည်။

  မောင်ရန်နိုင် .. သူက မောင်ဖုန်းမြင့်ရဲ့ သားအငယ် .. ကိုကိုအောင် .. ဒီနှစ် မင်းတို့ကျောင်းမှာထားမှာ .. အရင်က စိန့်ပေါလ်ကျောင်းမှာနေတာ .. အမေက သူ့မြစ်လေးကို သူ့အနားနေစေချင်တာနဲ့ .. ကလေးကို ကျောင်းပြောင်းလိုက်ရတာ .. မင်းကိုပဲ အပ်ပါတယ် .. သူ့စာရွက် စာတမ်းတွေလည်း မင်းကို တစ်ခါတည်း ကြီးကြီးပေးလိုက်မယ် .. ကျောင်း ဖွင့်တဲ့နေ့ကြတော့ ..  ကလေးကို မင်းလာခေါ် လိုက်ပေါ့  ” ဟု အဘွားကပြောတော့ ကျွန်တော့် ဘကြီး ဦးကံမြင့် ရဲ့ ငယ်သူငယ်ချင်း ကျောင်းဆရာဖြစ်ကြတော့လည်း အတူတူဖြစ်ကြတဲ့ အင်္ဂလိပ်စာပြတဲ့ လူပျိုကြီး ဆရာဦးရန်နိုင်က ကျွန်တော့်ကို ပြုံးပြီး ကြည့်နေလေသည်။

×××

ဇွန်လရဲ့မိုးရေစက်တွေကတော့ စတင်ခဲ့ပေပြီ။ ကျောင်းအသစ်ကို စတက်ရတော့မည်မို့ ကျွန်တော့် စိတ်လေး လှုပ်ရှားနေမိတော့သည်။ ကျွန်တော့် အဘွားရဲ့အစ်မ အပျိုကြီး ကြီးကြီးချစ် ကတော့ ကျွန်တော့်ကို “  လူလေး  .. လူလေး ” ဟု နှုတ်ကမချစွာဖြင့် ကျွန်တော် လိုအပ်တာမှန်သမျှကို ပြင်ဆင်ပေးပါတော့သည်။ ရှေးလူကြီးတွေဆိုတော့ ကျွန်တော်ရေချိုးတာက အစ ကြေး (ဂျီး ) တွန်းပေးသည်။ ကျောက်ပျဉ်မှာ သနပ်ခါးကို အပြည့်သွေးထားပြီး ကျွန်တော့်ကို သနပ်ခါးပါ လူးပေးလေတော့သည်။ ဂစ်တာကို မတောက်တခေါက်စတီးနေပြီဖြစ်တဲ့ ချာတိတ်လေး တယောက်အနေနဲ့ သနပ်ခါးအဖွေးသားနဲ့ ကျောင်းကို မသွားချင်ပေမယ့်လည်း ကျွန်တော် သွားခဲ့ရတော့သည်။ 

ထိုနေ့က မိုးတွေ ဖွဲဖွဲလေးရွာကျနေသည်။ ကျောင်းဖွင့်စ အစအဦးရက်မို့ အဖြူအစိမ်း ၀တ်စုံလေးတွေနှင့် ကျောင်းသား ကျောင်းသူတွေ၊ ကျောင်းသားမိဘတွေနှင့်  အထက်တန်း ကျောင်း ကြီးသည် လတ်ဆတ်နေတော့သည်။ ဆရာဦးရန်နိုင်၏ ခေါ်ဆောင်ရာကို မျက်လုံးလေး ကလည်ကလည်ဖြင့် လိုက်ပါခဲ့ရင်း နှစ်ထပ်စာသင်ဆောင် တခုရဲ့ စာသင်ခန်းလေးတခန်း ဆီကို ကျွန်တော် ရောက်ခဲ့ရပါပြီ။ 

ရာသည် ကျွန်တော့် လက်ကလေးကို ဆွဲကာ စာသင်ခန်းလေး ထဲကို ၀င်လိုက်သည်။ သူနဲ့အတူ ကျောက်သင်ပုန်းကြီးအရှေ့က စတိတ်ခုံလေးပေါ်ကို ကျွန်တော့် ကိုပါ တက်ခိုင်းပြီး  .. ကျောင်းတက်ခေါင်းလောင်းကလည်း မထိုးသေးသည်မို့ တယောက်တပေါက် စကားများ ဆူညံနေတဲ့ စာသင်ခန်းလေးကို ဆရာထိုင်စားပွဲပေါ်မှာ အသင့်ရှိနေတဲ့ ထားဝယ်ကြိမ်လုံးကို ကောက်ကိုင်က စားပွဲ တဖြန်းဖြန်း သုံးချက် ရိုက်လိုက်မှ စာသင်ခန်းလေးသည်  မီးကို ရေနှင့်ငြိမ်းလိုက်သလို ငြိမ်တိတ်သွားလေတော့သည်။ ဆရာဦးရန်နိုင်သည် တတန်းလုံးကို ဝေ့ကြည့် လိုက်ပြီးမှ 

  ကဲ  .. တပည့်တို့ .. ဒါ ကျောင်းသားသစ် ကိုကိုအောင် .. ”   ဟုဆိုကာ ကျွန်တော့်အား အတန်းသူ အတန်းသားတွေနဲ့ မိတ်ဆက်ပေးကာ ..  သူ စာသင်ရမယ့် အတန်းဆီသို့ ထွက်ခွာ သွားတော့သည်။ ကျွန်တော်ကတော့ စတိတ်ခုံလေးပေါ်မှာ ငေးငေးလေးရပ်ပြီး ကျန်ရစ်နေနေဆဲ။ ကျွန်တော့်ရင်ဘတ်လေးလည်း ဖွဖွလေး ခုန်နေပေသည်။ 

နပ်ခါးအဖွေးသားနှင့် လွယ်အိတ်ကလေးကို သိုင်းလွယ်ထားတဲ့ ပါးဖောင်းဖောင်း အသားဖြူဖြူ ကောင်လေး ကျွန်တော့်ကို အတန်းဖော် ကောင်မလေးတွေက ပြုံးစိစိနဲ့ ကြည့်နေကြတဲ့အတွက် ကျွန်တော့် စိတ်ထဲမှာ ရှက်သလိုလို ဘာလိုလို နဲ့။ တတန်းလုံးကို ဝေ့ကြည့်လိုက်တော့ ယောက်ျားလေးတွေနေရာမှာ ထိုင်ခုံက ဟိုး နောက်ဆုံးတန်း တနေရာလေးသာ လွတ်နေလို့။ ထိုနောက်ဆုံးတန်း ထိုင်ခုံလေးရှိရာကို ကျွန်တော် ရောက်သွားတော့ ကျွန်တော့်ကို ပြုံးပြီး ကြည့်နေတဲ့ မျက်နှာလေး သုံးခုကို တွေလိုက်ရလေသည်။

  လာ .. ဟေ့ရောင်  ..  မင်း ဒီမှာ ထိုင် ”  ဟု ဆိုကာ သူသည် ကျွန်တော့်ကို ခရီးဦး ကြို ပြုခဲ့လေသည်။ သူ့နာမည်က သိန်းကျော်စိုး။ ထိုရက်စွဲလေးသည် သူနှင့် ကျွန်တော် .. ကျွန်တော်တို့ဘ၀မှာ ပထမဦးဆုံး ဆုံတွေ့ခဲ့ကြတဲ့ ..  သူငယ်ချင်းဆိုတဲ့ ခေါင်းစဉ်လေးပင်။ ထိုနောက်ဆုံးတန်းခုံကလေးဆီမှာ .. ဆန်းထွေးမြင့်၊ ကာနေဆာ၊ သိန်းကျော်စိုး၊ ကျွန်တော်တို့ အတူထိုင် ဖြစ်ခဲ့ကြလေသည်။

 ×××

ခြံဝင်းလေးထဲမှာ ကြီးကြီးဒေါ်သန်းရီ လာချပေးသော လက်ဖက်သုပ်လေးကိုစား ရေနွေးကြမ်းလေးကို သောက်ရင်း ကျွန်တော်တို့ ရင်ခွင်ထဲမှာလည်း  ဂစ်တာလေးတွေကို ကိုယ်စီပွေ့ပိုက်လို့။တစ်ရက်သားမှာ ဆန်းထွေးမြင့်က  “ မင်းဂစ်တာတီးတတ်လား ” ဟု ကျွန်တော့်ကို မေးဖြစ်ရာမှ ဂစ်တာဝိုင်းလေးတွေကို ကျွန်တော်တို့ ကျောင်းပိတ်ရက်လေးတွေမှာ ဖန်တီးဖြစ်ကြတော့သည်။ 

အဲ့ဒိအချိန်တုန်းက ကျုရှင်ဆိုတာ ရှိတော့ရှိသည်။ အလွန်ရှားလှသည်။ ကျွန်တော်တို့ ကျောင်းကြီးက စာကိုပဲ အားကိုးခဲ့ရလေသော ကာလဖြစ်ခဲ့သည်။ ဖျော်ဖြေရေး ပစ္စည်းတွေ အနေနဲ့ ကက်ဆက်တောင် အိမ်တိုင်းမှာ မရှိတတ်သေး။ ရေဒီယိုမှာလာရင် ရင်ခုန်တယ် ဆိုတဲ့အတိုင်း  ရေဒီယိုလေးကိုသာ နားထောင် ခဲ့ကြရလေသည်။ တီဗီတွေ ပေါ်လာပြန်တော့လည်း တလမ်းလုံးမှာ တလုံးသာရှိလေတဲ့ တီဗီရှိတဲ့ အိမ်ကို ညညဆို အိမ်ရှင် ကြိုက်ကြိုက်မကြိုက်ကြိုက် အလိုက်ကန်းဆိုးမသိစွာဖြင့် သွားကြည့် ဖြစ်ခဲ့ကြရလေသည်။

ည်အတွက် ကျွန်တော်တို့ ဂစ်တာတီးကြသည်။ သီချင်းတွေ ဆိုကြသည်။ ရပ်ကွက်လေးထဲမှာ ရှိသည့် စာအုပ် အငှားဆိုင်လေးတွေကို အားကိုးကြရသည်။ လစဉ်ထုတ် မဂ္ဂဇင်းတွေ၊ ဘာသာပြန် လုံးချင်းဝတ္ထုတွေ၊ စုံထောက်ဝတ္ထုတွေ၊ သိုင်းဝတ္ထုစာအုပ်တွေကို ကိုယ့် မုန့်ဖိုးလေးတွေထဲကနေ ဖဲ့ဖဲ့ပြီး ငှားဖတ် ဖြစ်ခဲ့ကြလေသည်။ 

စ်တာ စုတီးကြတိုင်းမှာ ကျွန်တော်က Lead ကို အမြဲတီးပေးရသည်။ ဆန်းထွေးမြင့်က Bass တီးပေးသည်။ ကြုံရာတစ်ယောက်ယောက်က Rhythm တီးပေးသည်။ သိန်းကျော်စိုးက ဂစ်တာတီး တာကို ဝါသနာမပါ။ သူက အဆိုသမား။ သူ က Percussion သဘောမျိုး ပလတ်စတစ် ရေပုံး နှစ်ပုံးကို လက်ဖဝါးဖြင့် စည်းချက်ကျကျ တီးတတ်သည်။ တခါတရံ တုတ်နှစ်ချောင်းဖြင့် Drum Stick သဘောထားကာ တီးသည်။ ကာနေဆာကတော့ အဆိုသမားသက်သက်။

မြို့ထဲ ဂစ်တာဆိုင်တွေက သီချင်းစာသားရော Guitar Notes တွေပါပါတဲ့ စာအုပ်တွေကို ၀ယ်ပြီးလေ့ကျင့် ကြသည်။ သည်လိုနဲ့ ကျောင်းဝင်းထဲမှာလည်း ကျွန်တော်တို့ ဂစ်တာတီးကြတဲ့ သတင်းလေးက ပြန့်သွားတော့ တခြား အတန်းက ခင်မောင်ကျော်တို့၊ ၀င်းသန်းတို့ ကလည်း ကျွန်တော်တို့နဲ့ ဂစ်တာချိန်းတီးကြဖို့ ဖိတ်ခေါ်လေတော့သည်။ ကျွန်တော်တို့ အထဲက ဇော်သူရ ( ထက်ဇော် ) ကတော့ ကာယဗလသမား  .. လူထူထူ မုန့်စား ဆင်းချိန်ဆို လက်မောင်ရင်း အထိ လိပ်တင်ထားတဲ့ သူ့လက်မောင်ကြွက်သားတွေကို မပေါ်ပေါ်အောင် ထုတ်ပြပြီး ကောင်မလေးတွေရှေ့မှာ သူ့လက်တစ်ဖက်တည်းနဲ့ ကျွန်တော့်ကို မ,မ ပြလေ့ရှိပါသည်။ 

ည်းကမ်းကြီးလွန်းတဲ့ အဘွားရဲ့ အရိပ်အောက်မှာပဲ သူငယ်ချင်းတွေနဲ့အတူ ကျွန်တော် လက်ဖက်ရည်ဆိုင် ထိုင်တတ်ခဲ့သည်။ ဆေးလိပ်ခိုးသောက် ဖြစ်ခဲ့သည်။ စာသွားကျက်ဖို့ဆိုပြီး ဂစ်တာ သွားတီးဖြစ်ခဲ့သည်။ ကျောင်းတွေ ပြေးဖြစ်ခဲ့ဖူးသည်။ ကျောင်းပြေးပြီး ဂုဏ်ရုံ၊ ပပ၀င်းရုံ ( ယခု ရှိဂရီလာ ဟိုတယ် ) ရုပ်ရှင်ရုံတွေမှာ၊ သမ္မတရုပ်ရှင်ရုံမှာ နေပြည်တော်ရဲ ရဲ့ ခါးပတ်စာကို ထိတ်လန့်ရင်း တစ်ကျပ်ခွဲတန်းက တိုးဝှေ့ ကြည့်ခဲ့ဖူးလေသည်။ ကန်တော်ကြီး၊ ကရဝိက် ပန်းကန်လုံးကျွန်းမှာ ရေသွားကူးကြသည်။ 

ခါသားမှာတော့ သုဝဏ္ဏပန်းခြံထဲက ရေကန်မှာ ရေဆင်းကူးကြရင်း ကျွန်တော်၊ သိန်းကျော်စိုး၊ ဇော်သူရ ( ထက်ဇော် ) တို့ သုံးယောက်စလုံး မျှော့တွေ တွယ်ခဲ့ကြဖူးလေသည်။ ခု ဇော်သူရ ( ထက်ဇော် ) က အမေရိကား ရောက်နေသည်ဟု သိရသည်။ ကျွန်တော်တို့ ကျောင်းရဲ့ ဆရာကန်တော့ပွဲ အမှတ်တရ ဓာတ်ပုံလေး . . ဂရုဖိုတိုပုံလေးကတော့  ဇော်သူရဆီမှာ ရှိနေဦးမလားတော့မသိ။ ကျွန်တော့်ဆီမှာတော့ ဓာတ်ပုံလေး မရှိတော့ပေ။ နာဂစ်မုန်တိုင်းနဲ့ အတူ အိမ်က စာအုပ်တွေ ပျက်စီးမှုနဲ့အတူ ပါသွားခဲ့ပေပြီ။ ထိုဓာတ်ပုံလေးထဲမှာ ကျွန်တော်က ငယ်သူငယ်ချင်း ဆန်းထွေးမြင့်နဲ့ ကိုရဲဝင်း ( နီကိုရဲ ) ရဲ့ပခုံးလေးကိုဖက်ထားသည်။ ကိုရဲဝင်း (နီကိုရဲ ) က ကျောင်းမှာ ကျွန်တော်တို့ ရဲ့ စီနီယာကျောင်းသား ဖြစ်သည်။

ကျွန်တော်တို့ ကျောင်းမှာ ချစ်စရာကောင်းတဲ့ စနစ်လေးတခုရှိလေသည်။ ထို စနစ် လေးကြောင့်  ပထမအစမ်း စာမေးပွဲ စစ်ချိန်ရောက်တိုင်း  ကျွန်တော်တို့ ရင်ခုန် ကြရတော့သည်။ တခြားတော့ မဟုတ်။ ပထမအစမ်း စာမေးပွဲ ဖြေပြီးသောအခါ ရလာတဲ့ အမှတ်စာရင်း အနည်းအများ ပေါ် မူတည်ပြီး ဆရာ၊ ဆရာမများက ကျောင်းသားတွေကို အတန်းရွှေ့ပေးခြင်းပင်။ 

Aအခန်းမှာ နေနေရသူသည် ရမှတ်နည်းပါက နောက်တန်း B,C, D, E, F ,G  စသည့် အခန်းတွေကို ဆင်းပေးရသည်။ နောက်တန်း H,G, F, D,E မှ အမှတ်များ သူများက ရှေ့အတန်း A,B,C သို့တက်လာရသည်။ ငါကတော့ A ခန်းက မင်းကတော့ H ခန်းက စသဖြင့် ကျောင်းသားတွေကြား  ခွဲခြားလိုစိတ် မ၀င်လာအောင် ကျောင်းသားတွေ ကြိုးစားချင်စိတ်လေး ရှိလာအောင် လုပ်ထားပေးတဲ့ စနစ်ကောင်းလေး ဖြစ်ပေမယ့်  ကျွန်တော်တို့ကတော့ ထိုစနစ်လေးကို ရှောင်လွှဲနိုင်ဖို့ ပြင်ဆင်ကြရလေတော့သည်။

စားအတူ၊ သွားအတူ၊လာအတူ၊ သူငယ်ချင်းတွေ တကွဲတပြားဆီ ဖြစ်သွားမှာ စိုးလေတဲ့အတွက် အခန်းမပြောင်းရရေးအတွက် ပထမအစမ်းစာမေးပွဲမှာ သူငယ်ချင်း အားလုံး ညှိပြီး  အောင်မှတ် ကျော်ရုံလေး သာဖြေခဲ့ကြတော့သည်။ သည်မှာတွင်ပဲ .. စည်းကမ်းကြီးသော ပညာရေးကို အလွန်ဂရုစိုက်တတ်သော အဘွားနှင့် ကျွန်တော် တွေ့ကြရလေတော့သည်။

  မောင်ရန်နိုင်ရေ .. ကလေးက ဘာသာရပ်တိုင်းမှာ  အမှတ်တွေ နည်းလိုက်တာကွယ်  ..   အိမ်မှာတော့ ကြီးကြီးဆွဲပေးထားတဲ့ အချိန်စာရင်းအတိုင်း  .. စာကြည့်စားပွဲမှာ ထိုင်နေတာပဲ .. ” စ သဖြင့် သူ့သားသူငယ်ချင်း ကျောင်းဆရာကို  မေးမြန်းစေ့ငုလေတော့သည်။ သည့်အတွက် ကျွန်တော်သည် ပထမအစမ်း ပြီးတာနှင့် အတန်းထဲမှာ အဆင့် ( ၁ ) ရအောင် ကြိုးစားခဲ့ရပါသည်။ 

ကယ်လည်း အဆင့် (၁ ) ရခဲ့ပြီး နှစ်စဉ် ပညာရည်ချွန်ဆုပေးပွဲမှာ  အဘွားကို ၀တ်ကောင်းစားလှတွေ ၀တ်၊ ပဝါကြီးခြုံပြီး ကျွန်တော့် အတွက်လူပုံအလယ်မှာ လက်ခုပ်သံ တဖြောင်းဖြောင်း တီးခွင့်ရအောင် ခေါ်သွားပေးနိုင်ခဲ့ပါသည်။ လူရည်ချွန်စာမေးပွဲတွေလည်း ကျွန်တော် ၀င်ဖြေခဲ့ရပြီး တိုင်းအဆင့်ကျမှ ပြုတ်ခဲ့ရပါသည်။ သူငယ်တန်းမှ စပြီး တက္ကသိုလ်တက် ဘွဲ့ရသည်အထိ ကျုရှင်ဆိုသော အရာကို ကျွန်တော် တခါဖူးမျှ မတက်ခဲ့ဘူးပါ။ စည်းကမ်းကြီးလွန်းသော အဘွားကို ကျွန်တော် တတ်အားသရွေ့ ပြန်လည်ပြုစု စောင့်ရှောက်ခွင့် ရခဲ့ပါသော်လည်း အဘွားသည် အသက် ၉၀ ကျော် အရွယ်မှာ ကွယ်လွန်သွားခဲ့လေသည်။

×××

င်္ကန်းကျွန်းဘူတာနားက အင်္ဂလိပ်ခေတ်လက်ကျန်  အိမ်အိုကြီးဆီသို့  သိန်းကျော်စိုးက ကျွန်တော့်ကို ခေါ်သွားခဲ့လေသည်။ ထိုအိမ်ကြီး၏ အပေါ်ထပ်မှာ သိန်းကျော်စိုးတို့ မိသားစု နေထိုင်ကြလေသည်။ သူသည် တဦးတည်းသော သားဖြစ်သည်။ သူ့အမေသည် ဘူတာအစပ် လမ်းထိပ်ကလေးရှိ လက်ဖက်ရည်ဆိုင်လေး မလှမ်းမကမ်းမှာ ဆိုင်လေးခင်း၍ မုန့်အုပ်ကလေး ၊ ဘိန်းမုန့် စတာတွေကို ရောင်းလေသည်။ သိန်းကျော်စိုး အဖေကတော့ မီးရထား ဘူတာ ကုန်တင်ကုန်ချ ၀န်ထမ်း ဟုသိရသည်။ စကားလည်း အလွန်နည်းလေသည်။ သူ့သား သူငယ်ချင်း ကျွန်တော့်ကို တစ်ခါမျှ စကားမပြော။ ပြုံးရုံသာ ပြုံးပြတတ်သည်။ 

ကျွန်တော်တို့ အတန်းကြီးလာတော့ ကျောင်းချိန်က မနက် ၇ နာရီကနေ ၁၂ နာရီ ဖြစ်သွားသည်။ ကျွန်တော်သည် မနက် အစောကြီး အိမ်ကနေ ထွက်လာပြီး သိန်းကျော်စိုးဆီကို အရင်သွား ကာ သူ့ အမေ ဈေးရောင်းရာ ဆိုင်ကလေး၏ မနီးမဝေးမှာရှိသော လက်ဖက်ရည်ဆိုင် ကလေးဆီမှာ မနက်အစောစာစား  သိန်းကျော်စိုးနှင့်အတူ လက်ဖက်ရည်ဆိုင် ထိုင်ပြီးမှ ကျောင်းသို့ သွားဖြစ်ပါသည်။ သိန်းကျော်စိုးကတော့ သူ့အမေဆိုင်မှာ ကျောင်းဝတ်စုံ အဖြူ အစိမ်းလေး ၀တ်လျှက်နဲ့ သူ့အမေကို ဗာဟီရတွေ ဝိုင်းကူပေးနေရသည်က များပါသည်။ 

ကျွန်တော်တို့ မနက်ခင်းပိုင်းတွေနဲ့ ကျောင်းဆင်းချိန်တွေမှာ အမြဲ ထိုင်ဖြစ်တဲ့ လက်ဖက်ရည် ဆိုင်ကလေးရဲ့ နာမည်က “  Qusetion  ”  တဲ့။ ဆိုင်ရှင်မိသားစုက သဘောကောင်းသည်။ ကျွန်တော်တို့ နားထောင်ချင်တဲ့ သီချင်းတွေကို ဖွင့်ပေးသည်။ ကျွန်တော်တို့မှာ သီချင်းနားထောင်ဖို့ ကိုယ်ပိုင် ကက်ဆက် မရှိလေသောကြောင့် ကိုယ်နားထောင်ချင်တဲ့ သီချင်းလေးတွေအတွက် ထို လက်ဖက်ရည်ဆိုင် ကလေးကိုသာ အားကိုးရတော့သည်။ ကိုယ်ကြိုက်တဲ့ သီချင်းတွေကို နားနဲ့မှတ်၊ ပြီးတော့ ဂစ်တာနဲ့ပြန်တီး ပြန်လေ့ကျင့်နဲ့ ။ 

သိန်းကျော်စိုးတို့ အိမ်အိုကြိးရဲ့ ပြတင်းပေါက်လေးကနေ  သင်္ကန်းကျွန်း ဘူတာကိုဖြတ်သွားတဲ့ ရထားတွေ၊ ရထားစီး ခရီးသည်တွေကို ကျွန်တော်တို့နှစ်ယောက် ငေးဖြစ်ခဲ့ကြလေသည်။ တစ်ခါတလေများမှာတော့ ဘူတာဂုံးကျော် တံတားလေးပေါ်မှာထိုင်ရင်း ဟိုရောက်သည်ရောက် စကားတွေ ပြောဖြစ်ခဲ့ကြပြန်ပါသည်။ လက်ဖက်ရည်ဆိုင်ထိုင်တိုင်း စီးကရက်လေးကို မီးခိုးငွေ့အ၀ိုင်းလေးတွေ မှုတ်ထုတ်ရင်း မီးခိုးငွေ့တွေကြားကနေ  .. “  မင်း ပဲ လက်ဖက်ရည်ဖိုး ရှင်းရှင်းနေတာ .. ကြာတော့ အားနာတယ်ကွာ ” ဟု သိန်းကျော်စိုးက ကျွန်တော့်ကိုခဏခဏ ပြောဖူးလေသည်။ 

ည်လိုနဲ့ အချိန်ကာလတွေကို ဖြတ်သန်းရင်း  ကျွန်တော်တို့ အစိုးရစစ် စာမေးပွဲမှာ ဂုဏ်ထူးတွေနဲ့ သိပ္ပံတွဲကို ရရှိ အောင်မြင်ခဲ့လေသည်။ ဘ၀ရဲ့ ရှေ့ရေး အတွက် စကားတွေ တိုင်ပင်ပြောဆိုဖြစ်ခဲ့ကြသည်။ သူက အဲ့ဒီ အချိန်က နာမည်ကြီး  မြန်မာ့လက်ရွေးစင် ဘောလုံးသမား “ သန်းတိုးအောင်” ကို အားကျပြီး သူဘောလုံးသမား တစ်ယောက် ဖြစ်ချင်တဲ့အကြောင်း ကျွန်တော့်ကို ပြောခဲ့လေသည်။ 

ငါကတော့ .. စစ်တိုက်ချင်တယ်  .. စစ်ဗိုလ် ဖြစ်ချင်တယ် ” ဟု ကျွန်တော်က ပြောတော့ သူ ဟက်ဟက် ပက်ပက် ရယ်ပါလေတော့သည်။ ကျောင်းမှာ ကျွန်တော် ရည်းစာလေးတစ်ယောက် ရတော့ သူအားငယ် သွားပုံရလေသည်။ သူ့မှာတော့ အုံ့ပုန်း ဘ၀က မတက်နိုင်သေး။

×××

  ဝိဇ္ဇာတန်းက မောင်မောင်က မင်းကို တွေ့ချင်လို့  ..  ကျောင်းဆင်းရင် ငါတို့ပါ  မင်းနဲ့ လိုက်ခဲ့မယ် ” ဟု ဆန်းထွေးမြင့်နဲ့ သိန်းကျော်စိုး က ကျွန်တော့်ကို ပြောသည်။ ကျွန်တော့်ကို ဂစ်တာတီးကောင်းသူဟု အတော်များများက ပြောကြသည်။ အတန်းပေါင်းစုံက ကျောင်းသား အတော်များများနှင့်လည်း တွဲတီးဖူးခဲ့သည်။ ကျွန်တော့်ထက် အတီးရော အဆိုရော တအားကောင်းတဲ့ စီနီယာကျောင်းသား ကိုဂျက်ဖရီ နဲ့တော့ မကြုံကြိုက်၍ တခါဖူးမျှ ဂစ်တာ အတူ မတီးဖြစ်ခဲ့။

မာင်မောင်တို့ အိမ်သည် ကျွန်တော်တို့ ကျောင်းနားလေးမှာပဲရှိသည်။ သူ့ အဖေက နိုင်ငံရပ်ခြား သင်္ဘောသား တယောက်ဖြစ်သည်။ သူတို့ တမိသားစုလုံး စိတ်သဘောထား ပြည့်ဝလွန်းလှသည်။ ပြည့်စုံကြွယ်ဝ ချမ်းသာကြသော်လည်း မာန်မာန မရှိလေတဲ့ မိသားစုလေးပင်။ ကျွန်တော်တို့ သိန်းကျော်စိုးတို့ မောင်မောင်တို့ ခြံဝင်းလေးထဲကို ရောက်တော့ သွားတက်လေးပေါ်အောင် ပြုံးရင်း မောင်မောင်က ကျွန်တော့်ကို လက်ဆွဲနှုတ်ဆက်သည်။ ကျောင်းဆင်းချိန်မို့  ကျွန်တော်တို့ ဗိုက်ဆာနေသည်။ 

ငါတို့ ထမင်း အရင်စားကြတာပေါ့ ”  ဟုဆိုကာ ကြွေရည်သုတ် လင်ဗန်းကြီးထဲကို ထမင်းတွေ ဟင်းတွေ ရောနယ်ကာ ကျွန်တော်တို့ကို ဇွန်း တယောက် တချောင်းဆီပေးကာ ဒေါင်းလန်းကြီးထဲမှာ စားကြသလိုမျိုး ပျော်စရာကောင်းခဲ့ပါသည်။ ထမင်း စားပြီးတော့ မောင်မောင်တို့ ခြံဝင်းထဲမှာ ခုံလေးတွေချပြီး မောင်မောင်က ကျွန်တော့်ကို စကားလုံးလေးတွေ စပြောတော့သည်။ ထို စကားလုံးလေးတွေက ကျွန်တော့်ဆီကို ပြေးလာခဲ့တော့သည်။

“ ကိုဖုန်းမော် ကျဆုံးသွားပြီ .. ငါတို့ တခုခု လုပ်မှဖြစ်မယ် ..

တပါတီ အာဏာရှင်စနစ်ကို ငါတို့ ဆန့်ကျင်ရမယ် .. 

နံရံကို ခေါင်းနဲ့တိုက်တယ်ပဲပြောပြော .. 

ငါတို့ တိုက်ပွဲဝင်ရမယ် ..  မင်းဘယ်လိုသဘောရလဲ ” 

ဟု မောင်မောင် က ကျွန်တော့်ကို ပြောလေသည်။ 

သား ညို သွားတက်လေး မောင်မောင့်ဆီက ဒီလိုစကားတွေ ထွက်လာ လိမ့်မယ်လို့ ကျွန်တော် မျှော်လင့်မထားခဲ့။ တခြား သူငယ်ချင်းတွေက ကျွန်တော့်ကို ဝိုင်းကြည့်နေကြသည်။ သိန်းကျော်စိုးက ဆေးလိပ်မီးခိုးငွေ့ အဝိုင်းလေးတွေထဲကနေ ကျွန်တော့်ကို ငေးနေလေသည်။

နိုင်ငံသားတိုင်းနဲ့ဆိုင်တဲ့ နိုင်ငံ့အရေးကို 
ကျွန်တော်တို့ စတင်ထိတွေ့ရပေတော့မည်။ 
သို့ပေမယ့် ကျွန်တော်တို့မှာ ဘာအတွေ့ အကြုံမှမရှိသေး။ 
အပြောင်းအလဲတခုအတွက် 
ခွပ်ဒေါင်းအလံကို ကျွန်တော်တို့ လွှင့်ထူရပေတော့မည်။ 
ခွပ်ဒေါင်း အလံတော်အောက်မှာ ကျွန်တော်တို့ ခိုလှုံရပေတော့မည်။

နိုင်ငံသားတိုင်းနဲ့ဆိုင်တဲ့ နိုင်ငံ့အရေးကို ကျွန်တော်တို့ စတင်ထိတွေ့ရပေတော့မည်။ သို့ပေမယ့် ကျွန်တော်တို့မှာ ဘာအတွေ့ အကြုံမှမရှိသေး။ အပြောင်းအလဲတခုအတွက် ခွပ်ဒေါင်းအလံကို ကျွန်တော်တို့ လွှင့်ထူရပေတော့မည်။ ခွပ်ဒေါင်း အလံတော်အောက်မှာ ကျွန်တော်တို့ ခိုလှုံရပေတော့မည်။

×××

နက်ခင်းလေးသည် မိုးငွေ့တို့ဖြင့် အုံ့မှိုင်းလို့နေတော့သည်။ ၉ – ၈ – ၈၈ နေ့။  ကျွန်တော်တို့ ကျောင်းရှေ့မှာ ကျောင်းသား၊ ကျောင်းသူတွေ လေးယောက်တတွဲ တန်းစီ နေရာယူထားကြသည်။ မိုးကဖွဲဖွဲလေး ရွာကျလာသည်။ သိန်းကျော်စိုးက ဖျားနေသည်။ အသံတွေလည်း ၀င်နေသည်။ သက်ဦးက အလံတွေ ကျွန်တော့်ကိုလာပေးသည်။ တန်းစီချီတက်တဲ့အချိန် ကျောင်းသား ကျောင်းသူတွေ ဝှေ့ရမ်းဖို့ အလံလေးတွေ၊ နဖူးစည်းတွေကို ကျွန်တော်က လိုက်ဝေငှသည်။ 

ချီမတက်ခင် ကျောင်းသား ကျောင်းသူတွေ စားဖို့  ကျောင်း အနီးအနား လက်ဖက်ရည်ဆိုင်တွေက ကောက်ညှင်းပေါင်းတွေ၊ မုန့်တွေ လာပေးသည်။ ချီတက်ကြသူတွေ လေးယောက်တတွဲကနေ ကျွံထွက် မသွားအောင် ကာထားဖို့၊ ချီတက်နေသူတွေကြားထဲကို အပြင်လူတွေ ၀င်လာလို့မရအောင် နိုင်ဝင်းက ကာဖို့ကြိုးတွေကိုဘေးအစွန်က ချီတက်သူတွေကိုင်ဖို့ လိုက်ပေးနေသည်။ မိုးတွေရွာ လာတော့ ဖျားနေတဲ့ သိန်းကျော်စိုးကို ကျွန်တော်ဝတ်ထားတဲ့ HONDA မိုးကာ အင်္ကျီလေးကိုပေးဝတ် လိုက်သည်။

နေ့က ၈ – ၈- ၈၈ နေ့မှာ ကျွန်တော်တို့ ချီမတက်နိုင်ခဲ့။ ကျွန်တော်တို့ စီနီယာ ကျောင်းသားတစု ဘာတွေလုပ်နေကြတယ်ဆိုတာကို တကျောင်းလုံးသိအောင် ကျွန်တော်တို့ ဘာမှ မစွမ်းဆောင်နိုင်ကြသေး။ အဲ့ဒီ ၈ – ၈ – ၈၈ ရက်နေ့ မနက် ၈ နာရီအထိ ကျွန်တော်တို့ ကိုယ့်စာ သင်ခန်းထဲကနေ ကိုယ်ထွက်လို့ မရသေး။ ဆရာ၊ ဆရာမတွေက အခန်းတံခါးတွေကို ပိတ်ထားပြီး ကိုယ့် အခန်းကိုယ် စောင့်နေကြသည်။

ဒီနေ့မှာ တပြည်လုံးအတိုင်းအတာနဲ့ လူထုဆန္ဒပြပွဲကြီး ကျင်းပမှာကို ဆရာ၊ဆရာမတွေကြိုသိနေသောကြောင့် ပညာရေးဝန်ကြီးဌာနကလည်း အမိန့်တစုံတရာ ပေးထားပုံ ရလေသောကြောင့် ကျောင်းတံခါးကြီးကိုလည်း ပိတ်ထားကြပြီး ကျောင်းရှေ့မှာ မီးသတ်၊ ရဲနဲ့ မ.ဆ.လ ပါတီ ကောင်စီရုံးကလူတွေ စောင့်ကြပ်နေနေကြသည်။ ချိန်းချက်ထားတဲ့အတိုင်း တခြားကျောင်းတွေ စနေလောက်ပေပြီမို့ ကျွန်တော်နဲ့သိန်းကျော်စိုး၊ ဆန်းထွေးမြင့်တို့ ပိတ်ထားတဲ့ စာသင်ခန်းတံခါးကို တွန်းဖွင့်သည်။ အတန်းပိုင်ဆရာမက တားသည်။ ကျွန်တော်တို့က ဇွတ်တွန်းဖွင့်သည်။ စာသင်ခန်းတံခါး ပွင့်သွားသည်။ 

သားတို့ မသွားကြပါနဲ့ ” ဟု အော်ပြောရင်း ဆရာမငိုသည်။ ကျွန်တော်တို့ ရဲ့ ရင်ထဲမှာလည်း  မကောင်း။ အတန်းထဲက ကျောင်းသူ ကျောင်းသားတွေလည်း ကျွန်တော်တို့နဲ့အတူ လိုက် ထွက်လာကြသည်။ ပိတ်ထားတဲ့ အခန်းတွေကို အပြင်ကလိုက်ထုပြီး တံခါးတွေဖွင့်ခိုင်းသည်။ တကျောင်းလုံးကို ပတ်ပြီး ကျွန်တော်တို့လူစုကြသည်။ သက်ဦးက ကျောင်းထဲက ရေစင်ကြီး ပေါ်ကို တက်ကာ ရေစည်ကြီးကို တဗုန်းဗုန်းထုကာ ကြွေးကြော်သံတွေကို တိုင်ပေးသည်။ ကျောင်းအုပ်ကြီး ရုံးခန်းရှေ့ အလံတိုင်ရှေ့မှာ စာသင်ခုံတွေကိုထပ်ပြီး ကျွန်တော်တို့ ဟောပြောကြသည်။ ကျောင်းရှေ့ကို အနီးအနား ရပ်ကွက်က လူတွေရောက်လာကြသည်။ ကျောင်းသား မိဘတွေလည်းရောက်လာကြသည်။ ရဲ၊ မီးသတ်နဲ့ ကောင်စီလူကြီးတွေကတော့ ကျွန်တော်တို့ကိုကြည့်နေကြသည်။

– ၈ –  ၈၈ နေ့ ။ မိုးဖွဲလေးတွေအောက်မှာ အလံကိုင်အဖွဲ့  ဗိုလ်ချုပ်အောင်ဆန်းပုံကို ရှေ့က ကိုင်ပြီး ရှေ့ဆုံးက နေရာယူသည်။ ကျွန်တော်တို့ စတင်ချီတက်ကြသည်။ ဆွဲထားတဲ့အစီအစဉ်အရ ကျွန်တော်တို့ ကျောင်းက တတိယ နေရာက လိုက်ပါရမည်။ တခြား ကျောင်းနှစ်ကျောင်းက ရှေ့က ချီတက်ကြရမည်ဖြစ်သော်လည်း တကယ်တမ်း ချီတက်ကြတော့ ကျွန်တော်တို့ ကျောင်းက ရှေ့ဆုံးကို ရောက်သွားတော့သည်။ 

ကျွန်တော် အလံကိုင်ချီတက်နေစဉ်မှာပဲ ကျွန်တော့် နားကို သိန်းကျော်စိုး ရောက်လာသည်။ သူကနောက်မှာ ကျောင်းသားငယ်လေးတွေကို လိုအပ်တာမှန်သမျှ ကုညီပေးဖို့ နေရာချထားခံရသူ။ ကိုယ်တွေပူ နှာတရှုံ့ရှုံ့ဖြင့် “  မင်း နောက်ကို ခဏ သွားလိုက် ကွာ .. ငါ အလံ ကိုင်လိုက် ဦးမယ် ”  ဟုဆိုကာ ကျွန်တော့်လက်ထဲက အလံကို လွှဲယူလိုက်သေသည်။ ကျွန်တော်တို့ ကျောင်းသားတွေ ချီတက်ရာတလျှောက်ကို ၀န်းရံဖို့ ရပ်ကွက်သူ ရပ်ကွက်သားတွေ လိုက်ပါ လာ ခဲ့ကြသည်။ ဈေးတခုကိုဖြတ်တော့ ဈေးသူ ဈေးသားတွေက လက်ကိုင်ပဝါတွေ စားစရာတွေ ကျွန်တော်တို့ကို ဝေငှပေးကြသည်။ 

တာင်ဥက္ကလာ ၁၆ ကွေ့ ကုန်းတက်ကလေးကိုရောက်တော့ ရှေ့က အလံကိုင်တပ်ဖွဲ့ ရပ်သွားလေသည်။ ကျွန်တော်တို့လည်း ရပ်လိုက်ရလေသည်။ အလံကိုင်အဖွဲထဲမှ ဆန်းဦးရောက်လာပြီး  စစ်တပ်က ကုန်းထိပ်မှာ နေရာယူထားကြောင်း လာပြောသည်။ ကျွန်တော်တို့ ရှေ့ ဆက်မတက်တော့ဘဲ ကြွေးကြော်သံတွေ ဆက်ကြွေးကြော်နေတုန်းမှာပဲ စစ်တပ်က ဘရင်း ကယ်ရီယာ တစီးကို အလယ်ကထားပြီး တောင်ပံဖြန့် နေရာယူကာ ကျွန်တော်တို့ဆီကို ဖြည်းဖြည်းမှန်မှန် လျှောက်လာခဲ့ပေပြီ။ 

လံကိုင် အဖွဲ့နဲ့ ကိုက် ငါးဆယ်လောက်အကွာ အရောက်မှာတော့ စစ်သားတွေဟာ မုဆိုးဒူးထောက် ထိုင်ရင်း သေနတ်ပြောင်းတွေက ကျွန်တော်တို့ ဆီကို ချိန်ထားလိုက်လေသည်။ သည် အချိန်မှာပဲ ဘရင်းကယ်ရီယာဆီက ဒုန်းခနဲ ကျည်တချက် ပစ်ဖောက်လိုက်သံကို ကျွန်တော်တို့ ကြားလိုက်ရလေသည်။ ကျွန်တော်တို့ ကြက်သေသေနေစဉ်မှာပဲ မုဆိုးဒူးထောက် ထိုင်နေတဲ့ စစ်သားတွေက အလံကိုင် အဖွဲ့ကို စပစ်လေတော့သည်။

ကျာင်းသားသွေးတွေ မြေစခခဲ့ ရလေပြီ။ မိုးပြာရောင် ကျွန်တော့် မိုးကာ အင်္ကျီလေး ၀တ်ထားတဲ့  သူငယ်ချင်းသိန်းကျော်စိုး ကျည်ဆန် တစ်ချက်ထိပြီး ခွေခနဲ ကတ္တရာလမ်းမပေါ် လဲကျသွားသည်။ သူ့ခန္ဓာကိုယ်လေးမှာ သွေးတွေ စိုရွှဲ လို့သွားသည်။ ကျွန်တော် ကျွန်တော့်သူငယ်ချင်း အဖြစ်ကို မြင်နေရသည်။ ကျွန်တော်သူ့ကို သွား ဆွဲလို့ မရ။ ကျည်ဆန်တွေက ကျွန်တော့် ဘေးက ဖြတ်သွားသည်။ ကတ္တရာလမ်းဘေးက ရေမြောင်းထဲကို ကျွန်တော် လှိမ့်ဆင်းလိုက်ရသည်။ ရေမြောင်းအတိုင်း နောက်ဘက်ကို ကျွန်တော်လှည့် ပြေးခဲ့ရသည်။ စိတ်နဲ့ကိုယ် မကပ်ဘဲ ပြေးခဲ့လိုက်တာ ဆန်းထွေးမြင့်တို့ အိမ်ရောက်မှ  ကိုယ့်စိတ်ကိုကိုယ် ပြန်တည်ငြိမ်အောင် ကြိုးစားခဲ့ရလေသည်။ သည့်နောက် လူပြန်စုပြီး ပြန်စစ်ဆေးတော့ ကျွန်တော်တို့ကျောင်းက ကျွန်တော့် သူငယ်ချင်း သိန်းကျော်စိုးနဲ့ ဆန်းဦးတို့ ကျဆုံးခဲ့ကြောင်း အတည်ပြုလိုက်ရလေတော့သည်။ကျွန်တော်တို့ သူငယ်ချင်း တစ်စုရဲ့ပါးပြင်ပေါ်ကို ထိုနေ့ ကမျက်ရည်တွေ စီးကျခဲ့ရလေသည်။

×××

ဟိုး အဝေးမှာ ကျန်ခဲ့တဲ့ အတိတ်ကို ပြန်တွေး မိတော့ ရင်ဘတ်လေးက ခုထိ လှိုင်းထနေနေတုန်း။ 
နှစ်ပေါင်း ၃ဝ ..။ သမိုင်းထဲက ရက်စွဲလေးဟာ မိုးစက်တွေအောက်မှာ တကယ်ဖြစ်ပျက်ပြီးသွားခဲ့ပေပြီ။ 

                                                   ×××

[    ၉ – ၈ – ၈၈  နေ့မှာ ကျဆုံးသွားတဲ့ အထ.က (၃ ) သင်္ကန်းကျွန်း ကျောင်းမှ သူငယ်ချင်း သိန်းကျော်စိုး နှင့် သူငယ်ချင်း ဆန်းဦး သို့ သတိတရ အမှတ်တရ  ]

ကိုကိုအောင် (ရုက္ခ )