နေလုံးကိုဆွတ်ယူသူ ကမ္ဘာဦးနဲ့
လမင်းကိုငေးမောသူ လူသား –
နရီမြိတ်

.

ငါတို့ရဲ့
နုနယ်ပျိုမြစ်ခြင်းတွေကို မပေးဘဲ
အိုမင်းခြင်းတွေကို မရနိုင်

ငါတို့
နေထွက်ခြင်းတွေကို မပေးဘဲ
နေဝင်ခြင်းကို မရရှိနိုင်

ငါတို့
မျိုးစေ့များကို မပေးဘဲ
ကြီးမားသောသစ်ပင်ကြီးနဲ့ ဧမြသောအရိပ်တွေကိုမရနိုင်

ငါတို့
ဆုံးမသင်ကြားခြင်းကို မပေးဘဲ
ထူးချွန်ထက်မြက်သော သားကောင်းရတနာကိုမရနိုင်

ငါတို့
ဝမ်းနည်းကြေကွဲမှုကို မပေးဘဲ
ပျော်ရွှင်ချမ်းမြေ့မှုကိုမရနိုင်

ငါတို့
နက်ရှိုင်းမည်းမှောင်သော ဆံနွယ်အလျားကို မပေးဘဲ
ဖြူလွဝင်းလက်သော ဖွေးဆွတ်ဆံနွယ်များကို မရနိုင်

ငါတို့အားလုံး
ပေးဆပ်ခဲ့ခြင်းများ 
ပြန်လည်ရရှိခဲ့ရခြင်းများ
စွန့်လွှတ်အနစ်နာခံခဲ့ရခြင်းများ အားလုံးကို
ရဲရင့်စွာလက်ခံယုံကြည်နိုင်ခဲ့ကြရဲ့လား

လောကဓံထဲ
ခါးသီးသောအဆိုးနဲ့ ချိုမြိန်သောအကောင်းကို
မြိုချနိုင်သောသူကား
အသက်ရှည်၍ အနာမဲ့သူများသာဖြစ်လိမ့်

ငါတို့ဘာပေးပေး
ပြန်မရတဲ့ ခေတ်စနစ်ဆိုးကြီးထဲမှာတော့
ငါတို့စိတ်အလိုမကျမှုတွေကို
ရှေ့ဂျွမ်းနောက်ဂျွမ်းပစ်နေသရွေ့ကတော့
ငါတို့
အသက်တွေတိုလာ
ရောဂါဘယတွေထူပြောလာ
ပြီး
ခွေခေါက်ကျဆုံးသွားရမယ်ဆိုတဲ့ သီချင်းကို
ဂါထာလိုရွတ်ဆိုလေ။ ။

နရီမြိတ်
၂၀၁၈ ဇူလိုင် ၈