ကြိုးတိုက်ထဲက မှတ်တမ်းမှတ်ရာ – 
မောင်လွမ်းဏီ

.

အမည် ကြိုးတိုက်
တိုက် အမှတ် . ၂
တိုက်ပွဲနှစ်များ တေးသားသက်ဝင်
ရှင်သန်လှုပ်ရှားဆဲပေတကား ။

ခါးလည်တံခါး
စည်းခြားပိုင်နက် ခြမ်းတဘက်၌
နက်နက်ရှိုင်းရှိုင်း ပိုင်းပိုင်းဖြတ်ဖြတ်
ပြတ်ပြတ်သားသား ရှားရှားပါးပါး
ကြိုးသမားတို့ အံကြိတ်ရာ.။

ကြိုးစာရင်းဝင် 
ကိုညွန့်တင်၊ ဆလိုင်းတင်မောင်ဦး၊ ဗိုလ်စံဖဲ
ဘဆွေလေး(အကောက်)၊ စောလှဝင်း
ကိုထွန်းမောင်(ဘိုကလေး)နှင့်…..အစရှိသူများ။

ဟိုတဖက်က
မက္ကနားမှ၊ လှရွှေ၊ ဇေယျ
ဆာဂျင်သိန်းမြိုင်- အာဏာပိုင်လား
ပါးကွက်သားတို့  ယုတ်မာရာ။

ကိုညွန့်တင်ရဲ့ တယောချွဲသံ
ညယံထွင်းဖောက် လွင့်နေမြဲ ၊
ဘဆွေလေးရဲ့  အကျဉ်းနံရံ
”ဗေဒါပျံ အံကိုခဲ ပန်းပန်လျှက်ပဲ”
မီးသွေးခဲနဲ့  ရဲတဲ့ စာတို၊
တော်လှန်ပုံရိပ် ၊ယုံကြည်ရွယ်စူး
တင်မောင်ဦးရဲ့  ကြွေးကြော်သံလား
ထောင်တံတိုင်းမှာ ပဲ့ တင်ညံ။ 

အဖိုးသခင်
ကြိုးစင်ဋီကာ ၊ မထီမဖြုံ
ဂဠုန် သရဏံ ဂစ္ဆာမိ ခိုင်းခဲ့တယ်လေ။

ဗိုလ်ကြီးအုန်းကျော်မြင့်
ကျောင်းသားခေါင်းဆောင် တင်မောင်ဦး
ခေတ်ကို တူးဆွခဲ့သူတွေ။ 

ဂျူလိယက် ဖူးချစ်ရဲ့
ကြိုးစင်ပေါ်က မှတ်တမ်းများ
တို့ ရဲဘော်ရဲ့
ကြိုးတိုက်ထဲက ပုံရိပ်များ
ကြိုးစင်သွားရာ၊ ခြေရာပြတ်ထင်
ကြိုးစင်အတက်၊ သွေးမပျက်တာ
ကြိုးစင်ထက်မှာ၊ ရဲလက်နီစွေး
ခွပ်ဒေါင်းသွေးနဲ့ ၊ အရေးတော်ပုံဖွဲ့ ခဲ့သည်။

မောင်လွမ်းဏီ
( 24 .6 .2010 )

( ဆလိုင်းတင်မောင်ဦး ကျဆုံးခြင်း” ၃၄ ” နှစ်ပြည့် အထိမ်းအမှတ် )