တပတ်ရစ်နေ့တွေ – 
ဧညိမ်းဝေ

.

တတ်နိုင်နေတဲ့ လှေခါးထစ်နောက်
အရစ်ကျစနစ်နဲ့ ငါလိုက်ခဲ့တယ်
ခေတ်အတွက် စပါးနှံလေး တခက်ဖြစ်ဖြစ်
ချစ်သူတွေအတွက် ဝတ်ရည်လေး တစက်ဖြစ်ဖြစ်ပေါ့
ဆန္ဒကို ထုံကူးဖို့
ဘယ်လိုချဉ်းကပ် ချင်ခြင်းတပ်ရပါ့မလဲ။

ဖောတ်လို့သာ ပေါက်တယ်
ရွာမရောက်တဲ့လမ်းက
ငါတို့အတွက် ဗလာမပါတဲ့ ကံစမ်းမဲ လက်မှတ်ပဲ
အရင်အခေါက်တွေ အတိုင်း
ဒီတခါလည်း အိမ်ပြန်နောက်ကျခဲ့ပေါ့။

လမ်းကျကျထိုင်နေတဲ့ ချိုင့်ခွက်နဲ့
ဘီးတွေက ဘေးသိမ်
ဝင်ရိုးက နံစောင်း
ပြန်ပြောင်း သတိရမိတိုင်း
ရက်စွဲကို ပြောင်းပြန်တပ်မိတယ်
စာချုပ်မိနေတဲ့ ဖိနပ်က
နောက်မြီးလေးတောင် ပြတ်လုပါပြီ။

ကျိန်စာသင့်နေတဲ့တေး
ဘယ်နှကျော့ ထပ်ရစ်ပေးရဦးမှာလဲ
ခြေဆင်းမကောင်းတဲ့ ကီးနဲ့
လမ်းတွေက ပျက်လုံးအားကောင်းဆဲ။

ဘယ်အကြောင်းကြောင့်နဲ့
အမှတ်မကောင်းခဲ့တာလဲ
သင်္ခါရကတောင် တဖက်စောင်းနင်းနဲ့
ပျက်အားက အခင်းအကျင်း ပိုကောင်းနေတယ်။

အိပ်မှုန်စုံဝါး ပြတင်းတံခါးတွေကြား
အလင်းကို လက်ထိုးပြီးရှာရ
နေရောင်ကို ပျိုးထုပ်ဖို့
မိုးချုပ်တဲ့နေ့တွေက တခဲနက်ပဲ
သန်းခေါင်အပြင်ဘက် မွန်းလွဲရက်တွေက ရှည်တယ်။ ။

ဧညိမ်းဝေ
05 July 2018