ဟုတ်ကဲ့ အားလုံးကို ကျေးဇူးတင်ပါတယ် ရှင့် – 
သုတလင်း(ဆင်ပေါင်ဝဲ)

.

ငြိမ်းချမ်းရေးထက်
ဝမ်းရေးခက်တဲ့အခါ•••
ပြောကြတယ်
”အလုပ်ဟူသမျှ ဂုဏ်ရှိစွ” တဲ့
ဒါပေမယ့် သူမက
သူမအလုပ်ကို ဂုဏ်ရှိတယ်လို့မထင်ဘူး။

စစ်မက်ပြည်ထဲရေးထက်
မိသားစုအရေးကခက်တဲ့အခါ•••
လှနိုင်သမျှ လှအောင်
သန့်နိုင်သမျှ သန့်အောင်
အဝတ် အစား အနေအထိုင်ကအစ
ပြုပြု ပြင်ပြင် ခြယ်ခြယ်သသ
သူမ လှမှ သန့်မှ
မိသားစု အဆင်ပြေနိုင်မယ်လေ။

ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု
နိုင်ငံရေးလို့ ပြောသံ ဆိုသံ
ကြွေးကြော်သံတွေတော့ ကြားမိရဲ့။

ခန္ဓာကိုယ်ကို အရင်းပြု
ဟိုအရေး ဒီအရေးလည်း မစေ့ငုနိုင်ပါ
အတ္တကြီးတယ်ပဲပြောပြော
တဘို့သမားပဲ ဆိုဆို
တကိုယ်ကောင်း ဆန်တယ်ပဲ သမုတ်သမုတ်ပေါ့။

အဖေ့ကိုလည်း အဆင်ပြေစေချင်တယ်
အမေ့ကိုလည်း စိတ်ချမ်းသာစေချင်တယ်
မောင်လေးကိုလည်း ပျော်ရွှင်စေချင်တယ်
ညီမလေးကိုလည်း ကြည်နူးစေချင်တယ်လေ။

အဲဒီနေ့က
အလုပ်ဟူသမျှလို့ ပြောတတ်သူကြီးလည်း
သူမဆီလာတာပဲ
ငြိမ်းချမ်းရေးလို့ ပြောတတ်သူကြီးလည်း
ရောက်လာတတ်တာပဲ
ဒီမိုကရေစီ ဖက်ဒရယ် ဘာညာဆိုသူတွေလည်း
ဆိုက်ဆိုက်မြိုက်မြိုက်ပဲ။

ကျေးဇူးတင်ပါတယ်ရှင့်လို့
နှုတ်ဆက်ပြီး သူမပြန်ခဲ့ရတဲ့ နံနက်ခင်းများမှာ
မိသားစု အဆင်ပြေနေရင်
သူမလည်း အဆင်ပြေပါတယ်
အားလုံးလည်း အဆင်ပြေပါတယ်။

ဟုတ်ကဲ့
မိတ်ဟောင်း မိတ်သစ်အားလုံးကိုလည်း
ကျေးဇူးတင်ပါတယ်။

သုတလင်း(ဆင်ပေါင်ဝဲ)