နရီမင်း – ငါ့မြို့(၇)

.

အပိုင်း(၇)

တကယ်တော့ ဈေးကြီးဟာ
မြစ်လို့ အမည်တွင်တဲ့ချောင်းဘေးမှာ ရှိတာ။

ပြဌာန်းစာအုပ်တွေထဲမှာ မြစ်လို့ ရေးထားပေမယ့်
တစ်မြို့လုံးက ချောင်းလို့ပဲ ခေါ်ကြတယ်။

ငါတို့ ငယ်တုန်းကတော့
အဲ့ဒီချောင်းဟာ
မိုးအားကိုးနဲ့ ဒေါသကြီးကြီးပြတတ်တယ်။

စိုးရိမ်ရေမှတ်တွေ ဘာတွေ ရောက်လို့
တချို့နှစ်တွေဆို တာကျိုးမှာတောင် စိုးခဲ့ရတယ်။

ချောင်းဘေးက ကျူး​ကျော်​ဆိုတဲ့အိမ်ကလေးတွေ
ကျီးလန့်စာစားခဲ့ရတဲ့ နှစ်တွေပါပဲ။

မိုးကြီးတဲ့တစ်နေ့
သူ မွေးထားတဲ့ မန်ဒါလီတွေ
ချောင်းထဲ မျောပါသွားလို့
ငါ့အစ်ကိုတစ်ဝမ်းကွဲ
ချောင်းဘေးမှာ တရှုံ့ရှုံ့ ထိုင်ငိုဖူးတယ်။

ငါကတော့
ကြွက်ထောင်ချောက်ထဲ မိတဲ့ကြွက်တွေ
တံတားအလယ်ကောင်ကနေ လွှတ်ပေးပြီး
ကြွက်ရေကူးတာအရသာခံ ကြည့်ဖူးတယ်။

ငယ်ကတည်းက
ငါ့မှာ ရက်​စက်​တတ်တဲ့ စိတ်ရှိနေပါလားလို့တော့
ခုမှပဲ တွေးမိတာ။

ချောင်းထဲ
အလောင်းတွေ မျောမျောလာတာတွေလည်း
မြင်ရတတ်တယ်။

မှောက်ခုံ မျောလာရင် ယောက်ျား
ပက်လက် မျောလာရင် မိန်းမ ဆိုပြီး ခွဲခြားနည်းကို
ငါ့ကို ဘယ်သူ စပြီး ပြောပြလဲတော့ မသိဘူး။

ကျောင်းရောက်ရင်
ရေထဲ မျောလာတဲ့ အလောင်းတွေနဲ့ပတ်သက်ပြီး
သတင်းတွေ ဒါမှမဟုတ်​ ဇာတ်​လမ်းတွေကြားရတတ်တယ်။

ကောင်မလေးက ရည်းစားနဲ့ ကွဲလို့
ချောင်းထဲ ခုန်​ချပြီး သတ်သေသွားတာတို့
ဘယ်သူဟာ ဘယ်လိုပုံ အသတ်ခံရတာတို့ ဆိုတာမျိုး။

ကြားရတဲ့ သတင်းက ရိုးစင်းလွန်းရင်
ငါတို့ ဇာတ်​လမ်းတွေ ထွင်ပြောကြတယ်။

.နွေရာက်ရင်တော့
ချောင်းဟာ ရေခန်းခြောက်လို့
သောင်ပြင်ကြီးတွေ ပေါ်လာတယ်။

ရေပြင်ကနေ ကုန်းမြေဖြစ်သွားပေမယ့်
အသက်တော့ မဲ့မသွားဘူး
သောင်ပြင်တွေက
ကလေးတွေအတွက်
ကစားကွင်းတွေ ဖြစ်သွားတယ်။

ဝါးလုံးတွေ ထောင်၊ ဂိုးတိုင်လုပ်ပြီး
ဘောလုံးကန်နေကြတာ နေရာအနှံ့ပဲ။

အဲ့လိုနေရာကနေ
မြန်မာ့လက်ရွေးစင်ဘောလုံးသမားတောင်ထွက်ခဲ့နိုင်တယ်။

တံတားအောက်က သောင်ပြင်ကြီးမှာ
အိမ်ခြေယာခြေမဲ့တွေ (တောင်းစားသူတွေ)
အများကြီးလာရောက်အခြေချနေထိုင်ကြတယ်။

ငါတို့ ငယ်တုန်းက
ကိုယ်​ချင်းစာတရားမဲ့ခဲ့ပုံကတော့
ခုလို ပြန်သတိရမှပဲ ရှက်ရကောင်းမှန်းသိတော့တယ်။

ညဘက် ငါနဲ့ သူငယ်​ချင်းတစ်ယောက်
တံတားပေါ်ကနေ ဖြတ်ပြန်တဲ့အခါ
အောက်ကို ငုံ့ကြည့်တော့
တံတားအောက်က သောင်ပြင်မှာ
မီးရောင်တွေ ဟိုတစ်စု ဒီတစ်စု
ဝိုးတဝါးအလင်းရောင်မှာလူတွေ လှုပ်လှုပ်ရွရွနဲ့
အသည်းယားဖို့ ကောင်းလိုက်တာ။

ငါတို့ တံတားထိပ်က ဆိုင်မှာ
ဖရဲသီးစိပ်တွေ ဝယ်စားပြီး
ဖရဲသီးခွံတွေ တံတားအောက်ကို တမင် ပစ်ချကြတယ်။

အောက်ကနေ ပျစ်​ပျစ်​နှစ်​နှစ်​ ဆဲဆိုသံတွေ
ဆူညံပွက်လောရိုက်ပြီး တက်လာတော့
ငါတို့ သုတ်ခြေတင် ပြေးကြရင်းကြံဖန်ပျော်ခဲ့ကြဖူးတယ်။

နရီမင်း

အပိုင်း(၁)ကို ဖတ်ရှုရန်
https://thefreedomwave.com/?p=35392

အပိုင်း(၂)ကို ဖတ်ရှုရန်
https://thefreedomwave.com/?p=36351

အပိုင်း(၃)ကို ဖတ်ရှုရန်
https://thefreedomwave.com/?p=38548

အပိုင်း(၄)ကို ဖတ်ရှုရန်
https://thefreedomwave.com/?p=39070

အပိုင်း(၅)ကို ဖတ်ရှုရန်
https://thefreedomwave.com/?p=41106

အပိုင်း(၆)ကို ဖတ်ရှုရန်
https://thefreedomwave.com/?p=42468

မှတ်ချက်။ (“ ငါ့မြို့ ” ကဗျာ အပိုင်း- ၈ ကို ဆက်လက်ဖော်ပြသွားပါမည်)

Credit@ https://www.facebook.com/min.lwin.351